ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်တွင် တည်ရှိသော မြွေတောင်ဖားတောင် သတ္တု တူးဖော်ထုတ်လုပ်ရေး စီမံကိန်း စတင်တော့မည့် အလားအလာ မြင်တွေ့ရသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် မြန်မာပြည်တွင် အကြီးဆုံး စီမံကိန်းတခု ဖြစ်လာနိုင်ကြောင်း၊ ယင်း စီမံကိန်းကြောင့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးများ ပျက်စီးသွားမည် ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခဖြစ်ပွားမှုမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း တီးတိန်မြို့နယ် ချင်းတောင် သဘာ၀ သယံဇာတ အဖွဲ့မှ ဦးလျန်ထွောင်က ဧရာဝတီသို့ ပြောသည်။
“အရင် အစိုးရ ခေတ်တုန်းက Kenbo တရုတ် ကုမ္ပဏီက တီးတိန် ဒေသခံတွေခေါ်ပြီး လမ်းတွေ ဖောက်၊ သတ္တုတွေ တူးသွားဖူးတယ်။ အဲဒီတုန်းက ဒေသခံတွေ ဘာမှ မရခဲ့ဘူး။ တကယ်လို့ စီမံကိန်းလုပ်ရင်တော့ ဒေသခံတွေ မနစ်နာဖို့ အများကြီး စဉ်းစားပြီး လုပ်သင့်ပါတယ်” ဟု ဦးလျန်ထွောင်က ဆိုသည်။
ယင်းသတ္ထုတူးဖော်ရေး စီမံကိန်းကို စတင်ခြင်း မပြုသေးသော်လည်း တရုတ် ကုမ္ပဏီများ မကြာခဏ လာရောက် ကြည့်ရှုကြကြောင်း၊ ထို့ကြောင့် ဒေသခံများက စိုးရိမ်နေခြင်း ဖြစ်ကြောင်း သိရသည်။
မြွေတောင် ဖားတောင် သတ္တုတူးဖော် ထုတ်လုပ်ရေး စီမံကိန်းသည် လက်ရှိအခြေအနေအထိ အစိုးရနှင့် ပြည်ပ ကုမ္ပဏီများ သဘောတူ စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးကြောင်း၊ ချုပ်ဆိုမည်ဆိုပါက ဒေသခံများကို အသိပေးပြီး ဆောင်ရွက် သင့်ကြောင်း၊ ဒေသခံ ပြည်သူများ အတွက်လည်း အကျိုးရှိစေရန်၊ မနစ်နာစေရန် ပြုလုပ်ပေးသင့်ကြောင်း ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးဇိုဇန်က ယနေ့ပြုလုပ်သည့် မြန်မာမီဒီယာ စာကြည့်တိုက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“တရုတ်သံရုံးနဲ့ စီမံကိန်းကို လုပ်ကိုင်မယ့် တရုတ်ကုမ္ပဏီတွေကို ကျနော်တို့ ချင်းပါတီတွေက တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ ပြီးတော့ စီမံကိန်းနဲ့ ပတ်သတ်ပြီး ကျနော်တို့ လွှတ်တော်မှာ တင်ပြဖို့ရှိပါတယ်။ နိုင်ငံတကာ သဘောထားတွေ၊ အကြံဉာဏ် တွေကိုလည်း ယူရမယ်။ အတိအကျ ကိန်းဂဏန်း ရရှိဖို့လည်း လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ဦးဇိုဇန်က ထပ်မံ ပြောကြား ခဲ့သည်။
ဆက်လက်ပြီး တီးတိန် ဒေသခံ တဦးဖြစ်သည့် ဦးမော်စခုန်းက “စီမံကိန်းကြောင့် တောတောင်တွေ ပျက်စီးမယ်။ ကျနော်တို့ လုပ်ကိုင် နေတာတွေ ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ စီမံကိန်း ဖော်ဆောင် လာရင်လည်း ကျနော်တို့က အလုပ်ကြမ်း ဖြစ်တဲ့ ကျောက်မီးသွေးနဲ့ ထုံးကျောက် တူးဖော်တဲ့ နေရာမှာပဲ လုပ်ရမယ် ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းစီမံကိန်းနှင့် ပတ်သတ်ပြီး ချင်းပါတီ လေးခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား လူမျိုးစုများ ဖွ့ံ့ဖြိုးရေး ပါတီနှင့် အရှိုချင်း အမျိုးသားပါတီတို့မှလည်း သဘောထား ၇ ချက် ထုတ်ပြန်ထားသည်။
မြွေတောင် ဖားတောင် စီမံကိန်းကို တူးဖော်မည် North Mining Investment Company ၏ မှတ်တမ်းများအရ အဆိုပါ တောင်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်သော နီကယ်နှင့် သံသတ္တုရိုင်း သုံးမျိုးကို ရှာဖွေတွေ့ရှိထားကြောင်း၊ သတ္တုရိုင်းသိုက် သုံးခုတွင် ပျမ်းမျှ နီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိသော သတ္တုရိုင်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၂ ၂၁၀ ၀၀၀ ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ် မက်ထရစ်တန်ချိန် ၅၉၅ ၀၀၀ သာ ထုတ်ယူရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။