သတင်း

လာမည့်နှစ် သန်းခေါင်စာရင်း ကောက်ယူမှု နိုင်ငံရေး၊ စစ်ရေးနှင့် မပတ်သက်ဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမည့်နှစ် မတ်လတွင် ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းသည် စစ်ရေး၊ နိုင်ငံရေးတို့နှင့် မသက်ဆိုင်ဘဲ ဖွံ့ဖြိုးရေး ကိစ္စဖြစ်သဖြင့် ပြည်သူလူထုက အချက်အလက်များ မှားယွင်းပေးမိပါက အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ မှားယွင်းနိုင်သဖြင့် မေးခွန်းများအား မှန်ကန်စွာ ဖြေကြားပေးရန် လိုအပ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးခင်ရီက ပြောသည်။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ် ဝန်ကြီး ဦးခင်ရီက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သန်းခေါင်စာရင်း ရလဒ်အပေါ် မူတည်ပြီး အစိုးရက ဘာလုပ်ပေးရမလဲ ဆိုတာ စဉ်းစားမှာဖြစ်လို့ မှားတာပြောရင် မှားတဲ့ အချက်အလက် ရမယ်။ ဒါဆိုရင် အစိုးရက ဘာလုပ်ပေးဖို့ လိုတယ်ဆိုတာ ဆုံးဖြတ်ချက်မှားမယ်” ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။

သူက ဆက်လက်၍ သန်းခေါင်စာရင်းတွင် ဖြေထားသည့် အချက်အလက်များသည် နိုင်ငံရေး၊ လူမျိုးရေးနှင့် မသက်ဆိုင် သကဲ့သို့ ရာဇဝတ်ကြောင်းနှင့်လည်း မဆိုင်ကြောင်း ရှင်းပြသည်။

“လူတွေရဲ့ ဖြေကြားချက်တွေကို ရဲတပ်ဖွဲ့က လာတောင်းလည်း ပေးမှာမဟုတ်ဘူး၊ ဘယ်အဖွဲ့ လာတောင်းတောင်း ပေးမှာ မဟုတ်ဘူး။ လျှို့ဝှက်ထားရမယ့် ကိုယ်ရေးကိုယ်တာ အချက်တွေ ဖြစ်တယ်ဆိုတာ ဥပဒေအရ ကာကွယ်ပေးထား ပြီးသားပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ် မတ်လနှင့် ဧပြီလက စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာတွင် တချို့ အိမ်ထောင်စုများမှာ အချက်အလက် ထိန်ချန်ခြင်း၊ မှားယွင်း ဖြေကြားခြင်းများ ကြုံခဲ့ရကြောင်း ဦးခင်ရီက ဆိုသည်။

“တချို့က သားသမီး နိုင်ငံခြားသွားတာ တရားမဝင် လမ်းကဖြစ်နေလို့ အမှန်အတိုင်း မပြောတာ၊ တချို့ ပိုင်ဆိုင်မှုတွေ မေးနေတယ်၊ အခွန် ကောက်မလား မသိဘူးဆိုပြီး မဖြေတာမျိုးတွေ ရှိခဲ့တယ်။ အဲဒါတွေနဲ့ မဆိုင်ပါဘူး။ ဖွံ့ဖြိုးရေး လုပ်ငန်း သက်သက်သာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။

၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက် ညသန်းခေါင်အချိန်မှ စတင်၍ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည့် အဆိုပါ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးနှင့် ဘာသာကြီး ၅ ခု (နတ်ကိုးကွယ်မှု အပါအဝင်) ကို အခြေပြု ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်သူများကို တခြား လူမျိုးများဆိုသည့် စာရင်းထဲတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်းလည်း ဦးခင်ရီက ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေ မွေးဖွားမှုနှုန်း ကျဆင်းနေပြီး သက်ကြီးရွယ်အို အချိုးအစား မြင့်မားလာကြောင်း၊ လူလတ်ပိုင်း အရွယ်အစား များပြားနေသဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုများ ပြုလုပ်မည်ဆိုပါက နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မြန်နိုင်မည် ဖြစ်ကြောင်း လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဋ္ဌာနက ယခုနှစ်အတွင်း ကောက်ယူခဲ့သည့် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်၏ ကိန်းဂဏန်းများအရ ဦးခင်ရီက ရှင်းပြသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နေထိုင်သူများ၏ သက်တမ်း မျှော်မှန်းချက်မှာ ၆၇ ဒဿမ ၅၇ နှစ် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လာမည့်နှစ် သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်တွင် မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ၊ အိမ်ထောင်စု အလိုက် နေထိုင်သည့် လူဦးရေ (အိမ်ခြေ အတည်တကျ၊ သင်္ဘော၊ လှေ၊သမ္ဗာန် စသည်တို့ပေါ်တွင်နေထိုင်သော အိမ်ထောင်စု)၊ အဖွဲ့အစည်း လူဦးရေ (ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ဘာသာရေး၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဘိုးဘွားရိပ်သာ၊ ဟိုတယ်၊ စသဖြင့်)၊ သစ်တောကြိုးဝိုင်းတွင် ရှိသော လူဦးရေတို့အပြင်၊ အိမ်ခြေယာခြေ အတည်တကျ မရှိသူဦးရေ (အိမ်ခြေယာခြေမဲ့၊ တောင်းရမ်း စားသောက်သူ၊ လေလွင့်နေသူ) စသည်တို့ကို အသီးသီး ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရှိ မြန်မာသံရုံး များတွင် တာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများ (နိုင်ငံခြား သံတမန်များနှင့် ၎င်းတို့ မိသားစုများမှ အပ)၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် နောက်ပိုင်းတွင် သေဆုံးသူများ (ရည်ညွှန်းချိန်တွင် အသက်ရှင်နေ သေးသူများ) ကိုလည်း စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီ၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ခံမည့် မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လဝက ဌာန စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading