မနက်ဖြန် စက်တက်ဘာ ၁၈ ရက်နေ့ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၅ နှစ်ပြည့် ငွေရတုနေ့ ဖြစ်ပါတယ်။ ၈ လေးလုံး ငွေရတုအခမ်းအနားကို ဂုဏ်ယူစွာ ကျင်းပကြပေမယ့် ဒီနေ့ပွဲကိုတော့ ဘယ်သူကမှ တရားဝင် ကျင်းပမယ် မထင်ပါ။ တချိန်တည်းမှာပဲ နှစ်စဉ်မြင်နေကျ နိုင်ငံတကာရှိ မြန်မာသံရုံးတွေရှေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ဒီနှစ်သိပ်များမယ်လို့ မထင်ရပါ။
ဘာကြောင့်လဲဆိုတော့ လက်ရှိအခြေနေဟာ စစ်အစိုးရကနေ အရပ်သားအစိုးရဆီ အသွင်ကူူးပြောင်း နေချိန်၊ ဒီမိုကရေစီသင်္ကေတ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါလီမန်ထဲမှာထိုင်ပြီး စစ်ဗိုလ်ဟောင်းတွေနဲ့ ညှိနှိုင်းနေချိန်၊ နယ်စပ်တကြောရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ထားပြီး တနိုင်ငံလုံးအတိုင်းတာနဲ့ အပစ်ရပ်ဖို့ အစိုးရဖက်က ကမ်းလှမ်းနေချိန်မို့ ဖြစ်ပါတယ်။
|
ဒါပေမယ့် မေးစရာဖြစ်နေတာကတော့ အသွင်ကူးပြောင်းရေး ကာလမှာ စစ်သားကနေ အရပ်သားတွေဆီ အာဏာလွှဲပေးပြီး တကယ်အသွင်ကူးနေတာ ဟုတ်ပါရဲ့လား။ စစ်သားဦးစီးတဲ့ ဒီနေ့နိုင်ငံရေးစနစ်ကနေ အရပ်သားဦးစီးတဲ့ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းဖို့ လက်ရှိအစိုးရနဲ့ ပါလီမန်မှာ တကယ် အစီအစဉ် ရှိပါရဲ့လား ဆိုတာပါပဲ။
၁၉၆၂ စစ်တပ်အာဏာသိမ်းစဉ်က ရွေးကောက်ခံဝန်ကြီးချုပ် ဦးနုဆီကနေ ဗိုလ်ချုပ် နေဝင်းက သိမ်းခဲ့တာဖြစ်ပါတယ်။ စစ်သားစစ်စစ် အုပ်ချုပ်ရေး ၁၄ နှစ်ကြာပြီးချိန် ၁၉၇၄ မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲပြီး အာဏာသိမ်း ဗိုလ်ချုပ် နေဝင်း ကနေ မဆလပါတီ ဥက္ကဌ အရပ်သား ဦးနေဝင်းကို အာဏာလွှဲပေးခဲ့ပါတယ်။
၁၉၈၈ စစ်တပ်အာဏာသိမ်းတော့ မဆလ နောက်ဆုံး သမ္မတ ဒေါက်တာ မောင်မောင်ဆီကနေ စစ်ဗိုလ်ချုပ် စောမောင်က သိမ်းခဲ့ပါတယ်။ စစ်သားစစ်စစ် အုပ်ချုပ်ရေး နှစ် ၂၀ ကြာပြီးတဲ့အချိန် ၂၀၀၈ မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြီး နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အရပ်သား ဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့ပါတယ်။
စစ်တပ်ဦးစီးတဲ့ နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားခဲ့၊ ထွန်းကားဆဲ မြန်မာနိုင်ငံက ဒီအာဏာသိမ်းပွဲနှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ ကနေ အခု ၂၀၁၃ အထိ နှစ်ပေါင်း ၅၀ ကျော်၊ ရာစုနှစ် တဝက်ကျော်အချိန် ကုန်သွားပေမယ့် နိုင်ငံရေးအရ စဉ်းစားပုံတွေ၊ လုပ်ပုံကိုင်ပုံတွေက ဘာမှမပြောင်းလဲခဲ့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။
ရာစုနှစ်တဝက်ကျော်ကျော် ဝါးလုံးခေါင်းထဲမှာ လသာပြီး အချင်းချင်း အာဏာသိမ်းရင်း၊ အာဏာလွှဲရင်းနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ စစ်သားနိုင်ငံရေး လွှမ်းမိုးတဲ့မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ လုံးဝနီးပါး အဆက်ပြတ်သွား ခဲ့ပါတယ်။ အဲဒီနှစ် ၅၀ ကာလအတွင်း ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အခင်းအကျင်းတွေဟာ လိုက်လို့ မမီလောက်အောင်ကို ပြောင်းလဲသွားခဲ့တယ် ဆိုတာကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင် နိုင်ငံရပ်ခြားဆီ ထွက်လေ့လာခွင့်ရတော့မှပဲ သိခွင့်ရလိုက်တယ်လို့ ထင်ပါတယ်။
ဒါပေမယ့် လက်ရှိ စစ်ဗိုလ်ဟောင်း ခေါင်းဆောင်ပိုင်း အနေနဲ့ ဒီနေ့ မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို နိုင်ငံတကာ အခင်းအကျင်းနဲ့အညီ သွားဖို့ပြင်နေတာ ဟုတ်ပါရဲ့လား။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အတိုင်း စစ်သားတွေက အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံဖို့ အဆင့်ဆင့် ပြင်ဆင်နေတာမျိုး ဟုတ်ပါရဲ့လား ဆိုတာကတော့ မေးခွန်းအဖြစ် ရှိနေဆဲပါ။
“သမ္မတအမိန့်ကို ကာကွယ်ရေးဦးစီးချုပ်က နာခံပုံမရဘူး” ဆိုတဲ့ စကားလုံးဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း ကချင်စစ်ပွဲ စစဉ်ကနေ အခုချိန်အထိ ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ ဖြစ်ပါတယ်။ သမ္မတက အပစ်ရပ်ဖို့ အမိန့်ပေးထားပေမယ့် စစ်တပ်က ဆက်တိုက်နေဆဲ ဖြစ်ပါတယ်။ ဒါက စစ်မြေပြင်မှာဆိုတော့ သမ္မတအနေနဲ့ အမိန့်ပေးဖို့ ခက်နိုင်တယ်လို့ တချို့က ဆင်ခြေပေးနိုင်ပါတယ်။
ကဲ … ဒါဆိုရင် ရန်ကုန်နဲ့ မြို့ပြဒေသမှာ ဖြစ်ပွားနေတဲ့ စစ်တပ်က မြေသိမ်းမှုပြဿနာ၊ စစ်တပ်ပိုင်တဲ့ ဦးပိုင် ကုမ္ပဏီရဲ့ အနိုင်ကျင့်မှုတွေကိုရော သမ္မတက တားဆီးနိုင်ပါရဲ့လား၊ ပါလီမန်က ဟန့်တားနိုင်ပါရဲ့လား။ အားလုံးသိတဲ့အတိုင်း စစ်တပ်နဲ့ ပတ်သက်လာရင် “ကျန်တာ ကြိုက်သလိုပြော၊ ဒါတော့ မထိနဲ့” ဆိုတဲ့ ပြက်လုံးက အခုချိန်အထိ ခေတ်ကောင်းနေဆဲ ဖြစ်ပါတယ်။
ဒါကြီးကို ထိလို့မရဘဲနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးဆီ ပြောင်းနေပြီလို့ ဘယ်လိုလုပ် ပြောလို့ဖြစ်ပါ့မလဲ။ ဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်နေပြီလို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်တာ၊ အသစ်ရေးတာတွေ လုပ်နေပါတယ်လို့ ဘယ်ပြောလို့ဖြစ်မလဲ။ လွှတ်တော် အရပ်ရပ်ထဲက စစ်သားအမတ်ဦးရေ ၂၅ ရာခိုင်နှုန်း လျှော့ချရေးကိစ္စ ဘယ်အမတ်က ဆွေးနွေးရဲမှာလဲ။ စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရေးဖို့ ဘယ်သူတွေက ဆန္ဒပြတောင်းဆိုရဲမှာလဲ။
နိုင်ငံရေးအခင်းအကျင်းက “ဒါတော့ မထိနဲ့” ဆိုပြီး ဆက်သွားနေတဲ့ အခါကျတာ့ “ဒါကို ထိမလား။ ဒါကို မတို့မထိဘဲနဲ့ စစ်တပ်နဲ့ တည့်အောင်ပေါင်းပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်မလား” ဆိုတဲ့ စဉ်းစားချက်မျိုး ဒီနေ့ အရပ်သား နိုင်ငံရေးသမားတွေကြားမှာ ဝင်လာပုံရပါတယ်။ နိုင်ငံရေးသမား အတော်များများ “အမာကိုရှောင် အကာကိုတိုက်” ဆိုတဲ့လမ်းကြောင်းဘက် နည်နည်းသွေဖီလာတာကို တွေ့လာနေရပါတယ်။
ဒီလမ်းကြောင်းကိုမလိုက်ဘဲ စစ်တပ်နဲ့ ထိပ်တိုင်ရင်ဆိုင်သူတွေ၊ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီနဲ့ ထိပ်တိုက် ရင်ဆိုင်သူတွေဟာ လက်ရှိ အခင်းအကျင်းနဲ့ မဟာဗျုဟာကို နားမလည်သူတွေ၊ ခေါင်းမာသူတွေ၊ စစ်တပ်က နောက်ပြန် ဆုတ်သွားမှာကို မတွက်မိတဲ့သူတွေအဖြစ် ပြောဆိုဝေဖန်သံ တွေကြားလာနေရပါတယ်။ Mainstream Politic ထဲပါဝင်သူ အားလုံးနီးပါးက အမာကို ရှောင်သူတွေ ဖြစ်လာပြီး အမာကို တိုက်သူတွေက ပင်မ နိုင်ငံရေးရေစီးရဲ့ အပြင်ဘက်ကို တွန်းပို့ခံလာနေရတဲ့ အခြေနေမျိုး ဖြစ်လာနေပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ လက်ရှိအခြေနေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရခေတ်နဲ့စာရင် အခြေအနေ နည်းနည်း ပိုကောင်းလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ တည့်အောင်ပေါင်းပြီး မျက်နှာချိုသွေး သနားခံတောင်းဆိုမှရတဲ့။ စစ်တပ်က ပေးသနားတော်မူမှရတဲ့ ခေတ်ကို မကျော်နိုင်သေးပါ။ Institution အရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ လုပ်ထုံးလုပ်နည်းတွေအရ ပေးသင့်တာကိုပေး၊ အရေးယူသင့်တာကိုယူတဲ့ ခေတ်ဆီ မရောက်သေးပါ။ အများပြည်သူ ဆန္ဒအတိုင်း မဖြစ်သေးပါ။
“ဒါတော့မထိနဲ့” ဆိုတဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးကို ကာလတခုမှာ မလွဲမရှောင်သာလို့ ကြိတ်မှိတ်သည်းခံ ဖြတ်သန်းရတာကို နားလည်နိုင်ပေမယ့် ကာလသတ်မှတ်ချက် အတိအကျရှိဖို့တော့ လိုမယ်ထင်ပါတယ်။ စစ်တပ်က နောက်ပြန်ဆုတ်သွားမှာ စိုးလို့ဆိုပြီး ဒါကို မထိရဲဘဲ အမြဲတမ်း သည်းခံနေရရင်တော့ လက်ရှိအခြေနေကို အသွင်ကူးပြောင်းရေးကာလ အခင်းအကျင်းအဖြစ် ယုံကြည်ဖို့ ခက်လာနိုင်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် စစ်တပ်အပါအဝင် အနောက်နိုင်ငံကြီးတွေရဲ့ တပ်မတော်နဲ့ ဆက်သွယ်ခွင့် ရနေပြီဖြစ်တဲ့ မြန်မာ့တပ်မတော် အနေနဲ့လည်း နိုင်ငံတကာ တပ်မတော်တွေရဲ့ အခြေနေကို လေ့လာပြီး ဒီမိုကရေစီကျင့်စဉ်အောက်က တပ်မတော်တခုရဲ့ အသွင်အပြင်မျိုးဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။ နိုင်ငံရေးနဲ့ကင်းရှင်းပြီး တပ်အလုပ်တခုတည်းကိုသာ အာရုံစိုက်လုပ်နိုင်တဲ့ အဆင့်ဆီ ရောက်အောင်၊ “ဒါတော့ မထိနဲ့” ဆိုပြီး အပြောခံရမှုကနေ လွတ်မြောက်အောင် အမြန်ကြိုးပမ်းသင့်နေပြီ ဖြစ်ပါတယ်။ ။