သမီးဖြစ်သူ မဂျာဆိုင်းအိမ် သေနတ်မှန်သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရ စစ်တပ်ကို အရေးယူဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်တန်းစာပို့ခဲ့တဲ့ ဦးဘရန်ရှောင်ကို ဒေသအခြေစိုက် အစိုးရ စစ်တပ်က ဖားကန့်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
၉ တန်းကျောင်းသူ မဂျာဆိုင်းအိမ် သေဆုံးမှုမှာ ဦးဘရန်ရှောင်က အစိုးရ စစ်တပ်ကို ခိုင်လုံမှု မရှိဘဲ စွပ်စွဲတယ်ဆိုပြီး ဒေသ အခြေစိုက် ခြေလျင် တပ်ရင်း(ခလရ) ၃၈၇ တပ်ရင်းမှ ဗိုလ်မှူး ဇာနည်မင်းပိုက် က တရားလိုပြုလုပ်ကာ မမှန်မကန် လိမ်လည်စွပ်စွဲမှု ပုဒ်မ ၂၁၁ နဲ့ ဖားကန့်မြို့နယ် တရားရုံး မှာ တရားစွဲဆိုထားရတာဖြစ်တယ်လို့ ဦးဘရန်ရှောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောပါတယ်။
“သူတို့ (စစ်တပ်) ဘက်က ပုဒ်မ ၂၁၁ ကို နှစ်ပိုင်းခွဲပြီး တရားစွဲတယ်၊ ပထမပိုင်းက မမှန်မကန် လိမ်လည်စွပ်စွဲတယ်ပေါ့၊ ဒုတိယ ပိုင်းက မမှန်ကန်မှန်းသိလျက်နဲ့ တရားစွဲဆိုတာ ဆိုပြီး နှစ်ပိုင်းပါ၊ အခုတော့ ပထမပိုင်း စွဲချက်တင်ထားတာပါ”လို့ ဦးဘရန်ရှောင် ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် က ဧရာဝတီကိုပြောသည်။
ဦးဘရန်ရှောင် ကို စစ်တပ်က ဒီနှစ်ဖေဖော်ဝါရီလ ကတည်းကတရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီလ ၉ ရက်နေ့ ရုံးချိန်း အပါအဝင် ရုံးချိန်း အကြိမ်ပေါင်း ၁၄ ကြိမ်ရှိပြီဖြစ်ပြီး ၁၅ ကြိမ်မြောက်ရုံးချိန်းကို ဒီလ ၂၃ ရက်နေ့မှာချိန်းဆိုထားတယ်လို့ သိရပါတယ်။ ဒီအခြေ အနေနဲ့ ပတ်သက်ပြီး ဦးဘရန်ရှောင်တို့ ဘက်ကလည်း မိုးညှင်းခရိုင် တရားရုံးကို လျှောက်ထားတယ်လို့လည်း ဆိုပါတယ်။
မဂျာဆိုင်းအိမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဦးဘရန်ရှောင်က အမှုမှန်ဖော်ထုတ် အရေးယူပေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်တို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာနဲ့ အောက်တိုဘာလထဲမှာ စာပို့ တိုင်တန်းခဲ့ပေမယ့် အရေးယူ ဆောင်ရွက် ပေးမှု တခုမှ မရှိသေးဘူးလို့လည်းသိရပါတယ်။
အစိုးရဘက်ကနေ ကွင်းဆင်း စုံစမ်းစစ်ဆေးမှု တခုမှပြုလုပ်မှုမရှိတဲ့ အပြင် တိုင်တန်းထားတဲ့ ကာယကံရှင်ကို အစိုးရ စစ်တပ်က ပြန်ပြီး တရားစွဲဆိုနေခြင်းဟာ အပြစ်ကို ကာကွယ်လိုတဲ့အတွက် အာဏာအရှိန်အဝါသုံးလုပ်ဆောင်မှုဖြစ်တယ်လို့ ဦးဘရန်ရှောင်က စွပ်စွဲပြောဆိုပါတယ်။
“ကျနော်က နိုင်ငံတော်သမ္မတ၊ လူအခွင့်အရေးအဖွဲ့ကို တိုင်တာဟာ အဖြစ်ကိုအဖြစ်အတိုင်း၊ အမှန်ကို အမှန်အတိုင်း ရေးပြခဲ့ခြင်းသာ ဖြစ်ပါတယ်၊ သူတို့အနေနဲ့ ကျနော့်ကို မမှန်မကန် လိမ်လည်တိုင်တန်းတယ်ဆိုတော့၊ နိုင်ငံတော် စစ်တပ်က ပြည်သူအပေါ်မှာ ဒီလိုလုပ်တယ်ဆိုတာက ဒါဟာ အင်မတန် တစ်ဖက်သတ် ဆန်တယ်လို့မြင်တယ်၊ ဒါဟာ ကျနော် တယောက်တည်း အရေးလည်း မဟုတ်ဘူး၊ ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ တနိုင်ငံလုံးရဲ့ သက်ဆိုင်တဲ့ အရေးဖြစ်တယ်”လို့ ဦးဘရန်ရှောင်ကပြောပါတယ်။
ဦးဘရန်ရှောင်နဲ့ သမီးဖြစ်သူ မဂျာဆိုင်းအိမ်တို့ဟာ ဖားကန့်မြို့ ဆွတ်ငိုင်ယန် ရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၃ ရက်နေ့က မဂျာဆိုင်းအိမ် စာသင်ကျောင်းက အပြန်လမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲဖြစ်နေတဲ့ ခလရ ၃၈၉ တပ်ရင်းက ပစ်ခတ်ရာမှ သေဆုံးခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့ခံ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေချိန်မှာ အစိုးရ စစ်တပ်တွေက လူနေရပ်ကွက်ထဲ ဝင်နေရာက ပြန်အထွက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်က ပတ်ဝန်းကျင်ကို ပစ်ခတ်တယ်လို့ ဆိုပါတယ်။ ဒီလို ပစ်ခတ်ရာမှာ မဂျာဆိုင်းအိမ် သေဆုံးခဲ့ တာဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ မြို့ပေါ် ရပ်ကွက်ထဲမှာဖြစ်တာမို့ အများမျက်မြင် ဖြစ်ရပ်ဖြစ်တဲ့ အတွက် ဖုံးကွယ်ထားလို့မရဘူးလို့ အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေကို ဦးဘရန်ရှောင်က ပြန်ပြောပြပါတယ်။
“ကျနော့်သမီး တစ်ယောက်တင် မဟုတ်ဘူး ဆရာမ တစ်ယောက် အပါအဝင် သူ့သူငယ်ချင်း ၅ ယောက်က ဝပ်နေတဲ့ အချိန် ကျနော့်သမီး ဘယ်ဘက်တင်ပါးကို မှန်တာ၊ ကြည်ဆံက အူအထိရောက်သွားတော့ သေသွားတာ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြလို့ ကျနော့်သမီး သေဆုံးခြင်းမဟုတ်ဘူး၊ ဒါတမင်သက်သက်ပစ်တဲ့ ကိစ္စပါ” လို့ ဦးဘရန်ရှောင်က ပြောပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစား ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ဦးဘရန်ရှောင်ရဲ့ အမှုကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မန္တလေတိုင်း တိုင်းဗဟိုအလုပ်မှုဆောင် တဦးလည်းဖြစ်၊ အထက် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင် က ဥပဒေပိုင်းအရ ကူညီပေးနေတာ လို့လည်း သိရပါတယ်။