၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women’s AYA Bank Championship 2013) ပြိုင်ပွဲမှာ အောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး ဆီးမီးဖိုင်နယ် အဆင့် တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းဟာ မနက်ဖြန်မှာ အုပ်စု (ခ) နောက်ဆုံးပွဲစဉ် အဖြစ် ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ပြီး အုပ်စုဗိုလ် နေရာ လုရတော့မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အင်ဒိုနီးရှားကို ၄ ဂိုးပြတ် အနိုင်ရခဲ့ပြီးကတည်းက ဆီမီးဖိုင်နယ်အတွက် တနေရာ သေချာ ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်အသင်းကို အနိုင်ယူပြီး အုပ်စု ပထမနေရာရမှသာ တဘက် (က) အုပ်စုရဲ့ အုပ်စုဗိုလ် ဖြစ်တဲ့ သြစတေးလျ အသင်းနဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ မတွေ့အောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
ဂျပန် လက်ရွေးစင် အမျိုးသမီး အသင်းကလည်း အာရှဒေသမှာတင် မဟုတ်ဘဲ ကမ္ဘာ့အဆင့် မှာတောင် နံပါတ်တစ် နေရာ ရရှိထားတဲ့ ကစားသမားတွေဖြစ်ပြီး တဦးချင်းရော၊ အသင်းလိုက် အနေနဲ့ပါ ဘောလုံးကျွမ်းကျင်မှု အပြည့်ရှိနေတဲ့
အသင်းဖြစ်လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ဖွယ်ရာ ရှိနေတာကြောင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုတွေ အများကြီး လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသား ထားပါတယ်။
ရန်ကုန် သုဝဏ္ဏအားကစား ကွင်းမှာ မနက်ဖြန် ညနေ ၄ နာရီ တွေ့ရတော့မယ့် ဂျပန်အသင်းကို အနိုင်ယူပြီး ဆီးမီးဖိုင်နယ် ကနေတဆင့် ဗိုလ်လုပွဲကို တက်နိုင်ဖို့ အတွက် မြန်မာပရိသတ် တွေက ဘောလုံး ကွင်းအထိ အရောက်သွားပြီး မြန်မာ အမျိုးသမီး ဘောလုံးအသင်းကို အင်တိုက်အားတိုက် အားပေးဖို့ လိုနေပါပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သူ့ရဲ့ ဝက်ဘ်ဆိုက်ကနေ တိုက်တွန်းထားပါတယ်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းက အုပ်စု (ခ) ပွဲစဉ်တွေမှာ လာအို အသင်းကို ၅ ဂိုး အပြတ်၊ ဖိလစ်ပိုင် အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အင်ဒိုနီးရှား အသင်းကို ၄ ဂိုးအပြတ် ခြေစွမ်းပြ အနိုင်ရထားတဲ့ အသင်းဖြစ်ပေမယ့် မြန်မာပရိသတ်တွေရဲ့ ဘောလုံး ကွင်း အရောက် အားပေးသံတွေ၊ လက်ခုပ်သံတွေ အားနည်းနေခဲ့တယ် လို့လည်း သိရပါတယ်။
အမျိုးသမီးအသင်း ဖြစ်တာကြောင့် ပရိသတ် အားပေးမှု၊ စိတ်ဝင်စားမှု နည်းနေတာလား ဆိုတော့လည်း မဟုတ်ပါဘူး။
“ဘောလုံးပွဲရဲ့ အချိန်ဇယားကြောင့် ကွင်းအရောက် အားပေးချင်တဲ့ ပရိသတ်တွေအတွက် အခက်အခဲ ဖြစ်သွားတာလို့ ထင် ပါတယ်။ ပြိုင်ပွဲချိန်တွေက ညအချိန် ပွဲစဉ်တွေနဲ့ ကြားရက် ပွဲစဉ်တွေ ဖြစ်နေတာကြောင့် ပရိသတ်က စိတ်ဝင်စားပေမယ့်လည်း မလာဖြစ်ကြတာ ဖြစ်ဖို့များပါတယ်” လို့ မြန်မာ လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ မီဒီယာ ပြန်ကြားရေး တာဝန်ခံ Okacha က ဧရာဝတီကို ပြောပြပါတယ်။
အမျိုးသမီး ဘောလုံးပွဲစဉ် အချိန်ဇယားတွေကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်က တိုက်ရိုက် ရေးဆွဲတာ ဖြစ်တာကြောင့် မြန်မာ နိုင်ငံရဲ့ အချိန်နဲ့ မကိုက်ညီခဲ့ပေမယ့် ပွဲချိန်တွေကို ပြင်ဆင်လို့လည်း မရခဲ့ဘူးလို့ သိရပါတယ်။
“တီဗီ ကလည်း အခမဲ့လိုင်းမှာ တိုက်ရိုက်လွှင့်ပေးတယ်၊ ပရိသတ်တွေ ကလည်း facebook မှာဆို ဝင်ပြီး အားပေးစကားတွေ ပြောကြပါတယ်။ အမျိုးသမီးအသင်း ဆိုတာက ဂျပန်နိုင်ငံမှာကို သွားပြီး လေ့ကျင့်ခဲ့ပြီး အာရှအဆင့် ခြေစစ်ပွဲ အောင်မြင် ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဂျပန်အသင်းကိုလည်း ယှဉ်ပြိုင်ဖို့ အကောင်းဆုံး ကြိုးစားအား ထုတ်မှုတွေ အပြည့်ရှိနေတဲ့ အသင်းပါ” လို့ Okacha က ရှင်းပြပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးအသင်းတွေရဲ့ အုပ်စု (ခ) နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ဂျပန် လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ် လက်မှတ်နှုန်းထားတွေကို မူလက ကွင်းဝင်ကြေးကို အထူး တန်း ၂၀၀၀ ကျပ်နဲ့ ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ် ထားရာကနေ ရိုးရိုးတန်း ၅၀၀ ကျပ်နဲ့ အထူးတန်း ၁၀၀၀ ကျပ် နှုန်းအဖြစ် ဈေးနှုန်း ထက်ဝက် လျှော့ချပြီး ရောင်းချပေးမယ်လို့လည်း သိရပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေနဲ့ ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ဂိုး –
မေခင်ယမင်း၊ မြဖူးငုံ၊ နောက်တန်း- မိုးမိုးဝါ၊ စန်းစန်းမော်၊ မြင့်မြင့်အေး၊ ခင်သန်းဝေ၊ ဖူးပွင့်ခိုင်၊ ဇင်မာဝင်း၊ ရွှေစင်အောင်၊
သီတာဦး၊ ဇာခြည်ဦး၊ ဝေဝေအောင်၊ အလယ်တန်း- နီလာမြင့်၊ ခင်မိုးဝေ၊ နန်းကြေးငုံနဲ့ ရှေ့တန်း အနေနဲ့- ခင်မာလာထွန်း၊ မာဂရက်မေရီ၊ ရီရီဦး၊ နော်အားလို ဝါးဖော တို့ ပါဝင်ကြမှာပါ။ ဒဏ်ရာအနည်းငယ် ရရှိထားတဲ့ ဝါရင့်အလယ်တန်းလူ သန်းသန်းထွေးလည်း ပြန်ပြီးပါဝင်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ မြန်မာ အမျိုးသမီး ဘောလုံးအသင်းရဲ့ နည်းပြချုပ် ကတော့ ဂျပန်လူမျိုး မစ္စတာ ကူမာဒါဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေနဲ့ လာမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် ကာလရှည် စုဖွဲ့ လေ့ ကျင့်ခဲ့ကြပြီး ကျင်းပဆဲ ဖြစ်တဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ရေး အတွက် ကြိုးစားယှဉ်ပြိုင်နေတဲ့ အ ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ နိုင်ငံတကာအဆင့် အဓိက ပြိုင်ပွဲကြီးနှစ်ရပ်မှာ တိုင်းပြည်အတွက် ရွှေတံဆိပ် ၂ ခု ရယူပေးမယ့် အသင်းဖြစ်တဲ့အပြင် ၂၀၁၄ အာရှဖလား ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ပြီးတော့ ၂၀၁၅ ကနေဒါ အမျိုးသမီး ကမ္ဘာ့ဖလား ဝင်ရောက် ကစားခွင့်အတွက် အခွင့်အလမ်း ရှိနေတဲ့ အသင်းလည်း ဖြစ်တဲ့အကြောင်းကိုလည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ သုဝဏ္ဏ အားကစားကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းတို့ရဲ့ အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်ဟာ မြန်မာ ဘောလုံး ဝါသနာ ရှင်တွေ အတွက် စိတ်လှုပ်ရှားစရာ ဘောလုံးပွဲတပွဲ ဖြစ်လာမှာ ကတော့ သေချာနေပါတယ်။