Ethnic Issues

မွန် တိုင်းရင်းသား ဝန်ကြီး ခန့်အပ်နိုင်ရေး မွန် လူဦးရေ စာရင်း ကောက်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တွင် မွန် တိုင်းရင်းသား ဝန်ကြီး ခန့်အပ်နိုင်ရန်အတွက် မွန် လူဦးရေစာရင်း ကောက်ယူမည် ဖြစ် ကြောင်း မွန် လူဦးရေ စာရင်းအမှန် ကောက်ယူရေးအဖွဲ့က ပြောသည်။

လက်ရှိ အစိုးရ လက်ထက်အတွင်း ခန့်အပ်ထားသည့် တိုင်းရင်းသားဝန်ကြီးများတွင် ရခိုင်၊ ကရင် စသည့်တိုင်းရင်းသား ဝန်ကြီးများရှိသော်လည်း မွန် တိုင်းရင်းသားဝန်ကြီး မရှိသေးသဖြင့် လာမည့် အစိုးရသစ် လက်ထက်တွင် မွန်တိုင်းရင်းသား ဝန်ကြီးတဦး ပါဝင် နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ မွန်လူဦးရေ စာရင်းကို စက်တင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၂ လကြာ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မွန် လူဦးရေစာရင်းကို အစိုးရက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ရှိခဲ့တဲ့ လူဦးရေ ၃၆၀၆၀ ကို ယူလိုက် တော့ ရွေးကောက်ခံ ကိုယ်စားလှယ် ဆုံးရှုံးမှုရှိခဲ့တဲ့ အနေအထားပါ၊ ဒါကြောင့် တကယ့်စာရင်း အမှန် ရရှိရေး ဆောင်ရွက်ကြမှာပါ” ဟု မွန် လူဦးရေ စာရင်းအမှန် ကောက်ယူရေး အဖွဲ့ ဦးဆောင် ကော်မတီဝင် နိုင်ချစ်ဖေ က ပြောသည်။

တိုင်းရင်းသား လူမျိုး ဝန်ကြီး ခန့်အပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ဦးရေ အနည်းဆုံး ၅၀၀၀၀ ကျော် ရှိရမည်ဖြစ်သည့် အတွက် အမှန်တကယ် ရှိနေသည့် မွန်လူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့်
ကောက်ယူနေခြင်း ဖြစ်ပြီး ရရှိလာမည့် စာရင်း အမှန်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု သိရသည်။

လက်ရှိတွင် စာရင်း ကောက်ယူရေး အဖွဲ့၏ ခန့်မှန်းချက်အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သော မွန်လူဦးရေမှာ တသိန်း ကျော်နိုင်သည်ဟု ဆိုသည်။

စာရင်း ကောက်ယူရာတွင်လည်း မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့တွင် မွန်လူမျိုး စစ်မှန်ကြောင်း စစ်ဆေး၍ အတည်ပြု ကောက် ယူမည်ဖြစ်ပြီး သက်သေအဖြစ် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့ကို မိတ္ထူကူးယူ သိမ်းဆည်းထားမည် ဖြစ်ကြောင်း နိုင်ချစ်ဖေ က ပြောသည်။

“မွန်လူမျိုး ဖြစ်နေရဲ့သားနဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ရွေးချယ်တဲ့အခါမှာ ရခိုင်၊ ကရင် စသည်ဖြင့်တော့ ရွေးပေမယ့် ကျနော် တို့ မွန်တွေအတွက် မရှိတော့ တအုံနွေးနွေးဖြစ်ရတယ်၊ မွန် လူဦးရေစာရင်း အမှန်ကိုသိရရရင်တော့ တန်းတူညီတဲ့ အခွင့်အရေး ရနိုင်ဖို့ ကျနော်တို့အခု စနိုင်ပါပြီ၊ လူဦးရေအမှန်ကို မသိရတဲ့အခါကျတော့ လူမျိုးရဲ့ သီးခြားလက္ခဏာတရပ် အနေနဲ့ ကျနော်တို့ မရပ်တည် နိုင်ခဲ့ဘူး”ဟု ရန်ကုန်မြို့ အလုံမြို့နယ်နေ မွန် လူဦးရေစစ်တမ်း ကောက်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးဝင်းနိုင်က ရှင်းပြ သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မွန် လူဦးရေ စာရင်းပြုစုရေး စီမံကိန်းကို ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သတ်မှတ်ထား ကြောင်း၊ မွန်လူဦးရေ စာရင်းအမှန် သိရှိရရေးအတွက် ရန်ကုန်မြို့အတွင်းရှိ မွန်ဘုန်းကြီးကျောင်း၊ မြို့နယ်အသင်းများ၊ မွန် သာရေး နာရေး အသင်းအဖွဲ့များနှင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့ထံမှ ပဏာမ စာရင်း ကောက်ယူ ထားပြီးဖြစ်ကြောင်း၊ မြို့နယ် ၄၅ မြို့နယ်သို့ လက်တွေ့ ကွင်းဆင်းကောက်ယူမည့် ကာလကို စက်တင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထား ကြောင်း၊ ဒီဇင်ဘာလ အထိကို စာရင်းသွင်း၊ အစီရင်ခံစာ ရေးမည့်ကာလဟု ခွဲခြား သတ်မှတ် ထားကြောင်း သိရသည်။

စာရင်းကောက်ယူရေးအဖွဲ့ ဒါရိုက်တာ ဦးနိုင်စိုးအောင်က“ကျနော်တို့တွေက စာရင်းထဲမပါဘဲ ကျန်နေခဲ့တဲ့သူ ရှိတယ်လို့ အသိပေး မယ်ဆိုရင် အိမ်တိုင်ရာရောက်ကို သွားမှာပါ၊ ကျန်ခဲ့တာ ရှိမယ်ဆိုရင် စာရင်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မွန် လူဦးရေစာရင်း ကောက်ယူရန်အတွက် လိုအပ်သည့် ဘတ်ဂျက် ငွေကို မွန်လူမျိုး စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူခံထားသည်မှာ ကျပ် သိန်း ၁၄၀ ကျော် ရထားသော်လည်း အမှန်တကယ်လိုအပ်သည့် ဘတ်ဂျက် အနေအထားမှာ သိန်း ၃၀၀ ကျော် သုံးစွဲရမည်ဖြစ်သည့်အတွက် ပြည်တွင်း အင်န်ဂျီအို တခုနှင့် ပြည်ပ မွန်အဖွဲ့အစည်း တခုသို့ အကူအညီ တောင်းထားသော်လည်း လတ်တလော အဆင်မပြေသေးကြောင်း ဦးနိုင်စိုးအောင်က ရှင်းပြသည်။

မွန် လူဦးရေစာရင်း ကောက်ယူရေး ပထမဆုံး ခြေလှမ်းအဖြစ် ရန်ကုန်မြို့ အလုံမြို့နယ်တွင် စတင်ကောက်ယူမည်ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း ဆက်လက် ကောက်ယူသွားမည်ဟု သိရသည်။

တိုင်းရင်းသား ရေးရာ ဝန်ကြီးများကို ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အရပ်သား အစိုးရ လက်ထက်တွင် စတင်ခန့်အပ် ခြင်း ဖြစ်သည်။ တိုင်း ဒေသ သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ရေးရာများကို ဆောင်ရွက်နိုင်ရန် ခန့်အပ် တာဝန် ပေး ထားခြင်း ဖြစ်ပြီး နိုင်ငံတဝန်း တိုင်းရင်းသား ရေးရာဝန်ကြီး ၂၉ ဦးခန့် ရှိကြောင်း သိရသည်။

လက်ရှိ ရွေးကောက်ခံထားရသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် ပြည်နယ်နှင့်တိုင်း အားလုံး နီးပါးတွင် ရှိပြီး ဗမာ တိုင်း ရင်းသား ဝန်ကြီး ၅ ဦး၊ ကရင် တိုင်းရင်းသား ၅ ဦး၊ ကချင် ၃ ဦး၊ ချင်း ၃ ဦး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ် စသည့် တိုင်းရင်းသား လူမျိုးစု ဝန်ကြီးများဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ပါရှိသည်။

မွန်ပြည်နယ်တွင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး၊ ဗမာ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအို့ဝ် တိုင်းရင်းသား ရေးရာ ဝန်ကြီးတို့ ရှိကြောင်းလည်း သိရသည်။

Loading