သတင်း

ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပမည်

This article has been converted from Zawgyi One to Unicode

နိုင်ငံတဝန်း သံဃာတော် နှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ၆နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့ အိမ်တော်ရာ ဘုရားဝင်း ကိုးခန်းကြီး ဓမ္မာရုံတွင် မနက် ၉ နာရီမှ စတင် ကျင်းပရန် စီစဉ်ထားပြီး အာဏာပိုင်များက တားဆီးလာပါက လမ်းမ ပေါ်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း၊ ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးခဲ့သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို သမိုင်းကြောင်း အရ မေ့ပျောက်မသွားစေရန်အတွက် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း အခမ်းနား ဖြစ်မြောက်ရေး အဖွဲ့မှ ဘဝအလင်း ဆရာတော် ဦးသောဘိတ က မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့က ဒီအခမ်းနားကို တရားဝင် စာတင်ပြီး ကျင်းပတာ မဟုတ်ဘူး။ ဒါကို အာဏာပိုင် တွေက တားဆီးမယ်ဆိုရင် လည်း လမ်းပေါ်တက်ပြီး လုပ်မှာ။ ဘယ်နားမှာပဲ လုပ်ရ လုပ်ရ ဒီပွဲကို ဖြစ်မြောက်အောင် လုပ်သွားမှာပါ” ဟု ဆရာတော် က ဆိုသည်။

ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပနိုင်ရန် စက်တင်ဘာ ၁၂ ရက်နေ့နှင့် ၁၄ရက်နေ့တွင် မန္တလေးရွှေငါးကျောင်းတိုက်၌ အစည်းအဝေး တရပ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော သံဃာတော်များ နှင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက်ခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေးနေ့ အခမ်းအနားတွင် သံဃာတော်များကို ဆွမ်း ဆက်ကပ်ပြီး ကျဆုံးသွားသော သံဃာနှင့် လူပုဂ္ဂိုလ်များကို အမျှဝေရန် ၊ ရွှေဝါရောင် တော်လှန် ရေး ၆ နှစ်ပြည့် တောင်းဆိုချက်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် သိမ်းဆည်းခံ လယ်ယာ မြေများ ပြန်လည်ပေးအပ်ရေး(သို့မဟုတ်) ထိုက်သင့်သည့် လျှော်ကြေးငွေ ပေးအပ်ရေး ဆိုသော တောင်းဆိုချက် ၂ ချက်ကို ထုတ်ပြန် တောင်းဆိုရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတွင် ကျင်းပမည့် ရွှေဝါရောင် တော်လှန်ရေး ၆နှစ်ပြည့် အခမ်းနားသို့ တက်ရောက်ရန် ချောက်၊ ပခုက္ကူ၊ မြိုင်၊ မြင်းခြံ၊ မုံရွာ၊ ကျောက်ဆည် အပါအဝင် နိုင်ငံတဝန်းမှ သံဃာတော်များကို ဖိတ်ကြားထားကြောင်း သိရှိရသည်။

Loading