မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင်အထည် ဖော်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မြန်နိုင်သမျှ မြန် မြန် ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားလိုက်သည်။
“စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာဖို့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျမတို့ ပြင်ဆင်ဖို့ လိုတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ချက်နိုင်ငံ ပရက်မြို့တွင် ကျင်းပသော Forum 2000 ညီလာခံသို့ တက်ရောက်လာပြီးနောက် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်က သတင်းစာ ရှင်းလင်းပွဲ တရပ် ကို ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတပုဒ်၌ ဖော်ပြထားသည်။ Forum 2000 သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် ကျင်းပ သည့် ညီလာခံ တခု ဖြစ်သည်။
“တိုင်းရင်းသား ပြဿနာကို အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်း သားတွေရဲ့ လိုလားချက်တွေကို ထည့်သွင်းရေးဆွဲထားတာ မဟုတ်လို့ပါ။ ဒီမိုကရေစီပြဿနာကို ဒီ (၂၀၀၈) ဖွဲ့စည်းပုံ နဲ့တော့ ဖြေရှင်းလို့ မရဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ချက်နိုင်ငံသို့ လာရောက်ရခြင်း အဓိက အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် ချက် သမ္မတ နိုင်ငံအနေဖြင့် ဆက်လက် ထောက်ခံ အားပေးရန်လည်း အဓိက ဖြစ်ကြောင်း ပြောဆိုသည်။
အာဏာရှင်စနစ်မှသည် ဒီမိုကရေစီ စနစ်ဆီသို့ သွားရာ လမ်းတလျှောက် မြန်မာနိုင်ငံအား ချက်နိုင်ငံက အကူအညီများစွာ ပေး ခဲ့ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် မြန်မာ့ ဒီမိုကရေစီအရေး ကိစ္စများအပေါ် ဆက်လက် ကူညီပံ့ပိုးမည်ဟု ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြင်ဆင်ရန်ခက်ခဲပြီး ဖွဲ့စည်းပုံပြင်ရန် လွှတ်တော်များမှ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရရန်လိုအပ်သည်။ ထိုမှတဆင့် လူထုဆန္ဒခံယူပွဲ လုပ်ရာတွင်လည်း မဲပေးသူများ၏ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံရန် လည်း လိုအပ်သေးသည်။
လက်ရှိ လွှတ်တော်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းမှာ ၄၅ ဦးသာ ရှိနေပြီး ယခင် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစု ဖြစ် သည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည်။ သို့အတွက် တပ်မတော်နှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီတို့၏ ထောက်ခံမှုများ ရရှိမှသာ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်နိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် ကျင်းပခဲ့ကြသော အစည်းအဝေးများတွင် တိုင်းရင်းသား ခေါင်း ဆောင်များက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီ ကျင့်ထုံးများ အားနည်းလွန်းပြီး တိုင်းရင်းသားများ၏ လိုလားချက်များ မပါဝင်သည့်အပြင် ပြင်ဆင်ရေးဆွဲရန် ခက်ခဲမှုများရှိနေခြင်းကြောင့် အသစ်ရေးဆွဲရန် လိုလားနေကြောင်း အသီးသီး ထုတ်ဖော် ပြောဆို ထားကြသည်။
ထို့သို့ တိုင်းရင်းသားများ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲရန် လိုလားချက်များနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် ဆွေးနွေး တိုင်ပင်မှုများ ရှိကြောင်း၊ မိမိအနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး သိမ်မွေ့စွာ လုပ်ကိုင်သွားရန် လိုအပ်သည့်ဟု ရှုမြင်ထားပြီး အားလုံးသဘော တူညီမှုရှိမှသာ အကောင်အထည်ပေါ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် တိုင်းရင်းသားအများစု လိုလားနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲရေးကိုလည်း ပစ်ပယ်မထား ကြောင်း ပြောဆိုသည်ဟု ဘီဘီစီ သတင်းတပုဒ်က ဆိုသည်။
ယခု စက်တင်ဘာ လကုန်ပိုင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးပြီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခိုင်မာသည့် သဘာထားတရပ် ထုတ်ပြန်ရန် ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒုတိယအကြိမ် ဥရောပ ခရီးစဉ် မသွားခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး NLD ပါတီကလည်း ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲရာတွင် ရိုက်ခတ်လာနိုင်မည့် အခြေအနေများကိုလည်း လေ့လာထားရန်လိုပြီး အသစ် ပြန်ရေးခြင်းဖြင့် ဥပဒေ ပြုရေးစနစ် ဖျက်သိမ်းသည့် အဓိပ္ပာယ် ကောက်ယူမည်လား၊ သို့မဟုတ် ကြားဖြတ် အစိုးရ ဖွဲ့သည်ဟု မှတ်ယူသွားမည်လား စသည့် သက်ရောက်မှုများကို စဉ်းစားထားရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်းလည်း ဘီဘီစီ သတင်းတွင် ပါရှိသည်။
ယခု လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့ NLD ပါတီ တည်ထောင်သည့် ငွေရတု နှစ်ပတ်လည် နေ့တွင်လည်း ကြေညာချက် ထွက်ရန်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အဓိက ဖြစ်နိုင်ကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသား ဒေါက်တာ မိုက်ကယ်အဲရစ် (ကွယ်လွန်) အား လက်ထပ်ခဲ့သည့် အတွက် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ရေး အဟန့်အတားများလည်း ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတနှင့် အစိုးရဝန်ကြီးများ အပါအဝင် ပြည်သူ့လွှွတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကလည်း မကြာခဏ ပြောဆိုထားကြရာ ယခုအခါ လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေး ကော်မတီလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။
အဆိုပါ ကော်မတီဝင် ၁၀၉ ဦးတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင် ပထမဆုံး အစည်း အဝေးကို ယခုလ ၃၀ ရက်နေ့တွင် ကျင်းပရန် ရှိသည်။