ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သော ကားလမ်းအတွက် နေရာ ဖယ်ပေးခဲ့ရ သော်လည်း လျော်ကြေးမရသည့် ကျေးရွာများမှ ရွာသားများက လမ်းပိတ်ကာ လျော်ကြေး တောင်းဆိုနေကြောင်း သိရသည်။
ကျေးရွာ ၇ ရွာမှ ရွာသား ၈၀ ကျော်သည် လျော်ကြေးငွေ မရသေးသဖြင့် လုပ်ငန်းခွင်သုံးကားများ ဖြတ်သန်း သွားလာ၍ မရအောင် စက်တင်ဘာ ၉ ရက်မှ စတင်ကာ လမ်းများ ပိတ်လိုက်ကြောင်း၊ လျော်ကြေး ပေးဆောင်မှသာလျှင် အဆိုပါ ကားလမ်းကို ပြန်လည် ဖွင့်ပေးမည်ဖြစ်ကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေး အဖွဲ့မှ တာဝန်ခံ ဦးသန့်ဇင်က ဧရာဝတီသို့ ပြောသည်။
“ဒီလမ်းက ၂၀၁၀ ပြည့်နှစ် ကတည်းက လမ်းဖောက်ထားတာပါ။ အိမ်၊ ခြံတွေလည်း ပါသွားတယ်။ လျော်ကြေးငွေက ပေးတဲ့ လူတွေကို ပေးတယ်၊ မပေးတဲ့သူတွေကို မပေးဘူး။ အခု လမ်းပိတ်တဲ့ ကျေးရွာက လူတွေကလည်း လျော်ကြေးပေးဖို့ အချိန် သတ်မှတ်ပြီး လာပေးဖို့ တောင်းဆိုနေတာပါ။ မနှစ်ကလည်း တောင်းဆိုတယ်” ဟု ဦးသန့်ဇင်က ဆိုသည်။
စက်တင်ဘာ ၂၈ ရက်တွင် ရေရှည် တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုနှင့် ဖွံ့ဖြိုးရေး ကော်မတီမှ ဦးဆောင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်သည့် ကုမ္ပဏီများ၊ အစိုးရဘက်မှ တာဝန်ရှိသူများ၊ ထားဝယ်မှ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် လျော်ကြေးမရသည့် ကျေးရွာ ၇ ရွာမှ ရွာသားများကို ဖိတ်ကြားကာ လျော်ကြေးနှင့် ပတ်သတ်သည့် အစည်းအဝေးတခု ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“ကျနော်တို့ အနေနဲ့ကတော့ ဆုံးရှုံးသွားတာတွေကို အတိအကျ တင်ပြမယ်။ လျော်ကြေး လိုချင်တယ်။ ဘယ်တော့ ပေးမှာလဲ ဆိုတာ အတိအကျ ပြောစေချင်တယ်။ တကယ်လို့ ပြောတဲ့အတိုင်း မပေးရင်တော့ ကျနော်တို့ အရင်အတိုင်း ခြံစည်းရိုးတွေ၊ ဥယျာဉ်တွေ ပြန်လုပ်မယ်။ လုပ်ငန်းသုံး ယာဉ်တွေ လုံးဝသွားလို့ မရအောင် ကားလမ်းပိတ်မယ်” ဟု တပြွန်းနေမှ ရွာသား တဦးက ဆိုသည်။
လမ်းဖောက်ရန် အတွက် အိမ်၊ ခြံများ အသိမ်းခံရသည့် ရွာသားများကို မိမိစိုက်ပျိုးသည့် အပင်အပေါ် မူတည်ပြီး လျော်ကြေးငွေ ပေးရမည် ဖြစ်ကြောင်း၊ ရော်ဘာပင် စိုက်ပျိုးသူများသည် လျော်ကြေးငွေ ဈေးတမျိုး ရရှိကာ၊ ကွမ်းသီး အပင်ကြီး စိုက်ပျိုးသူများသည် ဈေးတမျိုး ရရမည် ဖြစ်ကြောင်းလည်း ဒေသခံများ၏ အဆိုအရ သိရသည်။
“သပြေချောင်း ကျေးရွာအနီးမှာရှိတဲ့ စခန်းတခုကနေ စပြီး လမ်းပိတ် ထားလိုက်ပါတယ်။ လုပ်ငန်းသုံး ကုမ္ပဏီက ယာဉ်တွေကို အဝင်အထွက် ခွင့်မပြုတော့ဘူး။ ဒါပေမယ့် စခန်းထဲမှာရှိတဲ့ အရေးပေါ်လူနာတွေ၊ တခြားတာဝန်ရှိတဲ့သူတွေ သွားဖို့အတွက်ပဲ ဖွင့်ပေးတယ်” ဟု တပြွန်းနေ ဒေသခံက ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈ သန်း ကုန်ကျမည်ဖြစ်ပြီး ဒေါ်လာ ၈ သန်း ကုန်ကျမည့် ပထမအဆင့် စီမံကိန်းတွင် ရေနက် သင်္ဘောဆိပ်ကမ်း၊ အဝေးပြေး လမ်းမကြီးနှင့် မီးရထားလမ်း ဖောက်သည့် လုပ်ငန်းများ ပါဝင်သည်။ အလားတူ ဒေါ်လာသန်း ၅၀ ကုန်ကျမည့် ဒုတိယစီမံကိန်းတွင် ရေနံချက်စက်ရုံ၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံ ဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ စက္ကူနှင့် သံမဏိလုပ်ငန်းများ တည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။
ပထမ စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ သတ်မှတ်ထားပြီး ဒုတိယ စီမံကိန်းကိုမူ ၂၀၁၆ တွင် စတင်မည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတရပ် (MOU) ကို လက်မှတ် ရေးထိုးခဲ့ပြီး ၎င်းသဘောတူညီချက် အရ Italian-Thai Development ကုမ္ပဏီနှင့် Myan-mar Port Authority တို့က တာဝန်ယူ ဆောက်လုပ်မည် ဖြစ်သည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အဝန်း ရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများက ဆိုသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။