သတင်း

ကံဆောင်မှု ရုပ်သိမ်းလိုသဖြင့် အစိုးရက ဝန်ချတောင်းပန်ရန် လိုအပ်

This article has been converted from Zawgyi One to Unicode

၁၉၉၀ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် အစိုးရကို သပိတ်မှောက်ခဲ့သော ပတ္တနိက္ကုဇန ကံဆောင်မှုကို သံဃာတော်များ အနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို ငဲ့ကွက်သောအားဖြင့် ကံဆောင်မှုပြန်လှန်ရန် ဆန္ဒရှိသောကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် သံဃာတော်မျာကို ဝန်ချတောင်းပန်ရန် ရွှေဝါရောင်သံဃာများက အဆိုပြုလိုက်သည်။

ယနေ့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်တွင် ကျင်းပသော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနေ့ အခမ်းအနား၌ ရွှေဝါရောင် သံဃာတော်များအဖွဲ့မှ ယင်းအဆိုပြုချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွှေဝါရောင်တော်လှန်ရေးတွင် ပေးဆပ်ခဲ့ကြသော ကျောင်းသား ပြည်သူနှင့် သံဃာတော်များကို အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ မျက်မှောက် နိုင်ငံရေး ဖြစ်စဉ်များကို မျက်ခြေမပြတ် သတိကြီးစွာဖြင့် ချဉ်းကပ်ရန် လိုအပ် ကြောင်း၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာ ၂ ရပ်အကြား အားပြိုင်နေခြင်း၊ နိုင်ငံရေး အင်အားစုများ ယနေ့ချိန်အထိ စည်းလုံး ညီညွတ်မှု အားနည်းနေခြင်းများကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပြည်တွင်း စစ်ရပ်စဲပြီး တိုင်းရင်းသားများနှင့် ချစ်ကြည်မှုရယူကာ ပြည်သူလူထု တရပ်လုံး သဘောတူလက်ခံနိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ကို လွှတ်တော်တွင်း၊ လွှတ်တော်ပဖြင့် ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ရွှေဝါရောင် ဆရာတော် ဦးပညာတေဇက ကြေညာချက်ကို အဆိုပါ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

ထို့အပြင် လူမျိုးရေး၊ ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာရန်၊ နိုင်ငံရေးအရ ဆက်လက် ဖမ်းဆီးမှုများ မပြုလုပ်ရန်၊ အလုပ်သမား၊ လယ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာ ဆောင်ရွက်ပေးရန်၊ ပြည်သူလူထု၏ တရားသော တောင်းဆိုချက်များကို မျက်ကွယ်မပြုရန် အလေးအနက် တောင်းဆို ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစုများ အပါအဝင် ပြည်သူပြည်သား အားလုံးတို့၏ ကောင်းသော အကျိုးစီးပွားများအတွက် ဆက်လက် တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် မိန့်ကြားခဲ့သည်။

“သံဃာထုအနေနဲ့ စစ်အစိုးရလက်ထက်မှာ ပတ္တနိက္ကုဇန သပိတ်မှောက် ကံဆောင်ထားတာ ၂ ကြိမ်ဖြစ်ခဲ့တယ်။ သပိတ်ကို ပြန်လှန် ပေးချင်ပေမယ့် ဗုဒ္ဓဘာသာတရားအရ ဦးဇင်းတို့ ဘာသာ ဆောင်ရွက်လို့မရဘူး။ အစိုးရ တာဝန်ရှိတဲ့သူတွေက သံဃာတော်တွေကို ဝန်ချတောင်းပန် လျှောက်ထားမှုပြုမှသာလျှင် သပိတ်ကိုလှန်ပေးလို့ ရမှာဖြစ်တယ်။ အစိုးရအနေနဲ့ တိုင်းပြည် အနာဂတ်ကို သာယာဖြောင့်ဖြူးစွာ သွားနိုင်ဖို့အတွက်၊ နိုင်ငံရေးနည်းအရ၊ ငြိမ်းချမ်းရေးနည်းအရ ပြေပြေလည်လည် သွားနိုင်ဖို့အတွက် သံဃာထုကို တောင်းပန် လျှောက်ထားစေချင်တယ်” ဟု ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိက ယခုအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်တွင် ထည့်သွင်းမိန့်ဆိုခဲ့သည်။

အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထု၊ နိုင်ငံရေးအင်အားစုများ၊ သံဃာတော် များ၏ ယုံကြည်မှုကို ရရှိရန်မှာ ပြည်တွင်းစစ်များကို ရပ်စဲရမှာဖြစ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ရှိနေသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန်၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ အားလုံးကို တရားဝင် ပြန်လာနိုင်ရန် အစိုးရမှ လုပ်ပေးရန် လိုအပ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ယခုအချိန်တွင် တိုင်းပြည်အနေဖြင့် အစိုးရအပြောင်းအလဲ ဖြစ်လာသည်မှာ လပေါင်း ၃၀ ကျော်လာခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံရေးနှင့်တကွ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမားရေး စသော အထွေထွေ ကိစ္စရပ်များသည် ပြောင်းလဲချင်သယောင် ရှိနေသည့် အနေအထားတွင်သာ ရှိနေသေးပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် တကယ်ထိရောက်သော ပြောင်းလဲမှု မရှိ သေးသောကြောင့် အနာဂတ်အတွက် အားလုံးက ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆရာတော်က ဆက်မိန့်သည်။

ထို့အပြင် ယခုအချိန်သည် ဒီမိုကရေစီ ဆိုသော စကားလုံးအဆင့်သာ ရှိနေသေးပြီး ပြည်သူလူထုသည် ဖိနှိပ်ခံနေရဆဲ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အရွေ့တခု ဖြစ်လာခြင်းသည် ရွှေဝါရောင် တော်လှန်ရေးကြောင့်ပင် ဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ် တော်လှန်ရေးသမားများကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းက အကျိုးဆက် တခုပင်ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

သံဃာတော်များအနေဖြင့် ခေတ်အဆက်ဆက်၊ သမိုင်းအချိုးအကွေ့တိုင်းတွင် တာဝန်ကျေခဲ့ကြောင်း၊ လွန်ခံသော ၄ နှစ်တာ ကာလတွင် ရွှေဝါရောင်တော်လှန်ရေးကို ပုံဖျက်ပြီး ပြည်သူများအကြား ပြောဆိုခွင့်မပြုရဲအောင် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ယခုနှစ်ပိုင်းများတွင် အမှန်တရားသည် ထင်ရှားစွာ ပေါ်လာပြီဖြစ်ပါကြောင်း၊ သမိုင်းကို အင်အားသုံး ဖုံးကွယ်ထား လျှင်လည်း ခဏတာသာ ဖြစ်ပြီး သံဃာတော်များ၊ ပြည်သူများ ရင်းနှီးပေးဆပ်ခဲ့သမျှ သမိုင်းတွင် မှတ်တမ်း ကျန်ရစ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

“ခေတ်အဆက်ဆက်မှာ သံဃာတော်တွေနဲ့ ဒီလိုပဲ လက်တွဲခဲ့ကြတာပါ။ အရှင်ဘုရားတို့၊ တပည့်တော်တို့ဟာ ပြည်ထောင် စုကြီးမှာ ဆက်ပြီး ရင်ဆိုင်ကြရမယ့် အခက်အခဲတွေကို ဖြတ်သန်းကြတဲ့အခါ သမိုင်းတလျှောက်မှာ ရှိခဲ့တဲ့ ညီညွတ်မှုမျိုး တွေလို လက်တွဲခွင့်ပြုပါ။ အရှင်ဘုရားတို့ရဲ့ အရေးတော်ပုံဟာ အင်မတန် အရာရောက်ခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေး ခေတ်ကည်းက ရဟန်းသံဃာတွေ မပါရင် မရခဲ့ပါဘူး။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့တာ သံဃာတော်တွေ က စပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်ပြီး ပြည်သူလူထု နှင့်အတူ စစ်အစိုးရကို သပိတ်မှောက်ခဲ့ခြင်းသည် ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြရာမှ အဆိုပါ လှုပ်ရှားမှု မပြတ်စေရန်အတွက် ပခုက္ကူမြို့မှ သံဃာတော်များ စတင် စီတန်းလှည့်လည်ရာတွင် စစ်တပ်မှ သံဃာတော် ၂ ပါးကို ဓာတ်တိုင်တွင် ကြိုးဖြင့်တုတ်ပြီး ရိုက်ခဲ့မှုကြောင့် တနိုင်ငံလုံးက မခံမရပ်နိုင်တော့ဘဲ စစ်အစိုးရကို သပိတ်မှောက်ကံ ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ သံဃာတော်များ နေ့စဉ်ရက်ဆက် စီတန်းလှည့်လည်ရာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု အင်အားသည် သိန်းဂဏန်း ကျော်သည်အထိ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်များ သွေးမြေ ကျခဲ့ရသည့်အဖြစ်အထိ ရောက်ရှိခဲ့သည်။

ယနေ့ ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အခမ်းအနားသို့ နိုင်ငံရေးပါတီ တချို့နှင့် ၈၈ မျိုးဆက်ခေါင်း ဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအားလုံး လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော သံဃာတော်များ၊ ဖမ်းဆီး ထိမ်းသိမ်းခံရမှုမှ ပြန်လည်လွတ် မြောက်လာသော သံဃာတော်များ အပါအဝင် သံဃာအပါး ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

Loading