ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေပြီ ဖြစ်လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ တွေဆုံပြီး အဲဒီလို ပြောဆိုခြင်း ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထီရတ် ရသနစေဝီ(Teerat Ratanasevi)ကို ကိုးကားပြီး ဒီနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာပါ။
ပထမအကြိမ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (1st Thailand–Myanmar High Level committee meeting ) တက်ရောက်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာတာဖြစ် ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်ခြားပြဿနာ၊ မပြီးဆုံးသေးတဲ့ နယ်နိမိတ်မျဉ်း သတ်မှတ်ရေးကိစ္စတွေကို အပြီးသတ် ဆောင်ရွက် ရေး ၊ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး ပြဿနာတွေကို ဆွေးနွေးကြတယ်လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း ဖြစ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း မြန်မာ သမ္မတ ဦးသိန်းစိန်က အရေးကြီးတဲ့ စီမံကိန်း တခုဖြစ်တဲ့ အတွက် အထူး အလေးထားကြောင်း၊ အကောင်အထည် ဖော်ရေးအတွက် ထိုင်းအစိုးရနဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အောင်မြင်ဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံ သူတွေ စိတ်ဝင်စားလာစေဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ဘန်ကာက်ပို့စ်မှာ ပါရှိ ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ယူပြီးနောက်ပိုင်းမှာ ထိုင်း- မြန်မာနှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။
ဘန်ကောက်ပို့စ် သတင်းမှာလည်း ထိုင်း-မြန်မာ ဆက်ဆံရေး သမိုင်းတလျှောက် လက်ရှိအချိန်ဟာ အကောင်းဆုံးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုတယ်လို့ ရေးသား ထားပါသေးတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီး ပြင်ဦးလွင် မြို့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့တဲ့အထိ ဆက်ဆံရေး တိုးတက်ခဲ့ပါတယ်။
မေလ နောက်ဆုံးပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ရာ ထိုင်းဘုရင်ရဲ့တော်ဝင်ဘွဲ့တံဆိပ် Knight Grand Cross(First Class) of The Most Noble Order of the Crown of Thailand ချီးမြှင့်ခံခဲ့ရပါသေးတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကတော ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ဝန်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ အသံဖိုင် ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့မှု ဖြစ်ပွား ခဲ့ပါတယ်။
ဒီလိုပျံနှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်တဲ့အတွက် မီဒီယာတွေ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ရေးသားဖို့ ထိုင်း ကာကွယ်ရေး ဦးစီးချုပ်က သတိပေးခဲ့ပါတယ်။
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းနိုင်ငံခြားရေး ဌာနမှာ သြဂုတ်လ ၁၄ ရက်က ကျင်းပရာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါတယ်။