မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နိုင်ငံတွေစာရင်းမှာ ကမ္ဘာ့ထိပ်တန်းအဖြစ် ရှိနေသေးပေမယ့် မနေ့ကတော့ သမ္မတ ဦးသိန်းစိန် က “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” ကို လက်မှတ်ထိုးလိုက်တဲ့ အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး ဒီဥပဒေဟာ အာဏာတည်သွားပြီ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လက နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် စီမံကိန်း ကော်မရှင် အစည်းအဝေးမှာကတည်းက သမ္မတ ဦးသိန်းစိန်က “လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ် သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။
လက်ရှိအစိုးရ လက်ထက်မှာတင် နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းက အစ တရားရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့တွေကနေ ဘုရားဂေါပကအထိ အဆင့်ဆင့်မှာ ကင်ဆာရောဂါတခုလို လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို လက်တွေ့မှာ အရေးယူ ဆောင်ရွက်ဖို့အတွက် တော်တော်ခက်ခဲ့လိမ့်မယ်လို့ ပြည်တွင်း ပြည်ပ ရှေ့နေတွေက ပြောကြပါတယ်။
ဒီဥပဒေ ပေါ်ပေါက်လာဖို့ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “အင်မတန် ခက်ခဲပါမယ်၊ သို့သော် ဆေးခါးကြီး သောက်ဖို့ အတွက်တော့ ကျနော်တို့တွေက တာဝန်သိသိ ဆောင်ရွက်ရမှာပေါ့၊ မလွယ်ဘူး။ သို့သော် မလုပ်ဘဲနဲ့ နေလို့မရတဲ့ တိုင်းပြည်အတွက် အဓိက လုပ်ငန်းပဲ” လို့ ဧရာဝတီကို ပြောပါတယ်။
အာရှလူ့အခွင့် အရေး ကော်မရှင် (ALRC) က ရှေ့နေ ဦးမင်းလွင်ဦး ကတော့ “မျိုးဆက် ၂ ခုလောက်နီးပါး ဖြစ်နေတဲ့၊ အမြစ်တွယ်နေတဲ့ အနာဟောင်းကြီးကို လတ်တလော ဆေးကြမ်းကြီးတိုက်ပြီး ကုလို့ကတော့ မရသေးဘူးဗျ၊ တကယ်တမ်းသာ ထိထိရောက်ရောက် လုပ်မယ်ကိုင်မယ် ဆိုလို့ရှိရင် ဒီဥပဒေအသစ် ပြဌာန်းပြီးတဲ့နောက်ပိုင်းမှာ လိုအပ်တဲ့ အဆောက်အအုံတွေ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ အားလုံးနဲ့ စုဖွဲ့ပြီး လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့လိုတယ်၊ ပညာပေးမှုတွေ အများကြီးလိုတယ်၊ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပြဖို့လိုတယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အစိုးရဝန်ကြီးဌာန ၆ ခုလောက် ကျပ်သိန်းထောင်ချီတဲ့ ငွေအလွဲသုံးစား လုပ်မှုသတင်းတွေ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဘက်ကနေ ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ပြန်ကြားရေး၊ စက်မှု (၁)၊ စက်မှု (၂)၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နဲ့ စစ်တပ်အတွက် တည်ထောင်ထားတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်တို့ ပါဝင်တယ်လို့ သတင်း ထွက်ပေါ်ခဲ့တာပါ။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝန်း အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး Transparency International အဖွဲ့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံက အဂတိလိုက်စားမှု အဆိုးရွားဆုံး စာရင်းအဆင့်မှာ ရှိနေပြီး ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဆူဒန်တို့နောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြလိုပေမယ့် ပြဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ အပြင် နိုင်ငံအတွင်းက အဂတိ လိုက်စားမှုတွေကြောင့် အများစုက လက်တွန့်နေကြကြောင်း၊ အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာနိုင်ကြောင်း ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
ရှေ့နေ ဦးမင်းလွင်ဦး က “မြန်မာနိုင်ငံအတွင်းမှာ သွားရောက်ပြီး လေ့လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား ရှိပါတယ်။ ပြန်လာတဲ့အခါမှာ သူတို့ရဲ့ စိတ်ညစ်တဲ့ အသံက ဒီလာဘ်ပေး လာဘ်ယူ ကိစ္စပဲ။ အဲဒီ လာဘ်ပေး လာဘ်ယူ ကိစ္စသာ မရှိဘူး၊ ဥပဒေအတိုင်း လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တယ်ဆိုရင် ပူပင်ကြောင့်ကျနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့လူတွေ အမြန်းဆုံး ဝင်လာနိုင်တယ်လို့ ကျနော် ထင်တယ်” လို့ ပြောပါတယ်။
ရှေ့နေလည်း ဖြစ်သူ လွှတ်တော် အမတ် ဦးသိန်းညွန့်ကတော့ “ဒီဥပဒေ အတည်ပြုလိုက်တဲ့အတွက် တချို့ ဝအောင်စားထားတဲ့လူတွေ ဘရိတ်အုပ်လိမ့်မယ် ထင်တယ်။ နှစ်မျိုးရှိတယ်လေ၊ တမျိုးက ဒီဘက် စနစ်ပြောင်းလာတဲ့ အခါကျတော့ အရင်တုန်းက စားခဲ့ပြီး အခုမစားတော့ဘူးဆိုပြီး နာမည်ကောင်းယူမယ့် အုပ်စုပေါ့။ တချို့ကျတော့လည်း အခုထိ စားလို့မဝတဲ့ အုပ်စုပေါ့။ အဲဒီအုပ်စုတော့ အနိမ့်ဆုံး စားခါနီးမှာ ၂ ကြိမ်လောက် စဉ်းစားလိမ့်မယ်ထင်တယ်” လို့ ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ဖို့အတွက် ကော်မရှင် ဖွဲ့စည်းတဲ့အခါမှာ သမာသမတ်ကျကျနဲ့ တကယ် ထိထိရောက်ရောက် တိုက်ဖျက်နိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ဖို့လိုအပ်ပြီး သတ်မှတ်တဲ့ အရည်အချင်း မပြည့်မီဘဲ ကိုယ့်လူကို နေရာပေးဖို့ ခန့်တာမျိုးတွေ လုပ်လာခဲ့ရင်တော့ ဒီကော်မရှင်ကို ရွေးချယ်တဲ့လူတွေမှာသာ တာဝန်ရှိတယ်လို့ ဦးသိန်းညွန့်က ဧရာဝတီကို ပြောပါတယ်။
“ဆရာသိန်းဖေမြင့် ရေးခဲ့သလိုပေါ့ဗျာ၊ အစွန်းကုန်သန့်ရှင်းရေးတဲ့ဗျာ ဆိုပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ဝန်ကြီးကို အရေးမယူဘဲနဲ့ ရုံးစာရေးကြီးကို အရေးယူမိတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ အဲဒါမျိုး အောက်ကလူတွေ နာတဲ့အဖြစ်မျိုးတွေလည်း မဖြစ်ဖို့ လိုတာပေါ့။ အကျင့်ပျက် လာဘ်စားမှု အထူးသဖြင့် ထိပ်ပိုင်းတွေကို အရေးမယူဘဲနဲ့ ရှေ့ဆက်သွားလို့ မရတော့ဘူးလေ” လို့ ဦးသိန်းညွန့် က ဆိုပါတယ်။
ဒါ့အပြင် “ဒီလို ဥပဒေ အာဏာတည်တဲ့ အခါမှာ အူမမတောင့်လို့ သီလမစောင့်နိုင်တဲ့ ဝန်ထမ်းတွေရဲ့ အဖြစ်တွေကိုလည်း ကျနော်တို့က နားလည်ပြီးတော့ သူတို့တွေ ဘဝရပ်တည်နိုင်အောင် ကူညီပေးရမှာပေါ့” လို့လည်း ဦးသိန်းညွန့် ဆိုပါတယ်။
လက်ရှိအစိုးရ လက်ထက်မှာ ကော်မရှင်အဖွဲ့ပေါင်း တော်တော်များများ ဖွဲ့ထားပါတယ်။ အများစုကတော့ ကြံ့ခိုင်ရေး အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ များပါတယ်။ ဒီကော်မတီအဖွဲ့တွေက အရေအတွက်ပဲရှိပြီး ရလဒ်တွေ ထွက်လာကြတာ နည်းပါးလှတာ အများအမြင် ဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီလထဲမှာ သမ္မတ ဦးသိန်းစိန်ရဲ့ “ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ” ကို အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မီတီ” ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ဆောင်ရွက်မှုတွေတော့ မကြားသိရသလို ထုတ်ပြန်တာတွေလည်း မရှိပါဘူး။
အဲဒီ ကော်မတီမှာတော့ ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင်ကြပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” ကို သမ္မတ လက်မှတ်ထိုး အတည်ပြုလိုက်တဲ့အတွက် ကြိုဆိုကြပေမယ့် အစိုးရ နာမည်ကောင်းရရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အယောင်ပြ ပြဌာန်းတဲ့ ဥပဒေ ဖြစ်နေမှာကိုတော့ စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ်မှာ လန်ဒန် စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာ လှမြင့်က မြန်မာ့ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာ မဖွံ့ဖြိုးသော နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ဖော်ပြထားပါတယ်။ ပထမတခုက လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေကို ဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့ ဒုတိယက အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေအကြောင်း ဖြစ်ပါတယ်။