Health

ဆေးသောက်သူ ၆၅ ရာခိုင်နှုန်း ရှိမှ ဆင်ခြေထောက် ရောဂါ ကူးစက်မှု ကာကွယ်နိုင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုး တချို့ကို စိုးရိမ်သဖြင့် လူထုအတွင်း ဆေးမသောက်သုံး သူများ ရှိနိုင်ပြီး ဆေးတိုက်ကျွေးသူ စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်း သောက်သုံးမှ သာလျှင် ကူးစက်မှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“၆၅ ရာခိုင်နှုန်းလောက် ရဖို့တော့ မျှော်မှန်းထားတယ်။ ဒါပေမယ့် အဲဒါကို ကြိုပြောထားရင် ငါမသောက်လည်း ရတယ်ဆိုတဲ့ လူတွေများလာပြီး သောက်ကြမှာ မဟုတ်တော့ဘူး။ အဲဒါဆိုရင် ကာကွယ်ဆေးတိုက် လုပ်ငန်းကို အဟန့်အတား ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင်တော့ ၉၀ ရာခိုင်နှုန်း အထိ သောက်စေချင်တာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်နီနီအေးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တိုင်းတွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ခြင်း စီမံချက်ကို ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ပြီး တချို့မြို့နယ်များတွင် ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် မူးဝေအော့အန်ခြင်း၊ ကလေးငယ်တချို့ ဆေးရုံတင်ရခြင်း၊ နာတာရှည် ရောဂါအခံရှိသူတချို့ သေဆုံးခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးမသောက်ရဲသူများ ရှိခဲ့ကြောင်း ကမာရွတ် မြို့နယ်မှ အမျိုးသား တဦးက ပြောသည်။

“ကျနော်တို့အိမ်ကတော့ တအိမ်လုံး သောက်တယ်။ ဒါပေမယ့် ဝန်ထမ်းအိမ်ယာထဲက လူတွေက မသောက်ကြဘူး။ မူးတယ်၊ အန်တယ် ဆိုပြီး မသောက်ကြဘူး။ ပြီးတော့ ဆေးသောက်လို့ သေတယ်ဆိုပြီး ဂျာနယ်တွေမှာ ပါတယ်ဆိုတော့ လုံးဝကို မသောက်ကြတော့ဘူး။ အိမ်က အန်တီက ဆေးသောက်ပြီး နည်းနည်းမူးနေတဲ့ အချိန်မှာ အဲဒီဂျာနယ်ကို လာပြတော့ စိတ်ဆိုး သွားသေးတယ်” ဟု ကမာရွတ်မြို့နယ် ဆင်မလိုက် သင်္ဘောကျင်းဝန်ထမ်း အိမ်ယာတွင် နေထိုင်သည့် ယင်းအမျိုးသားက ပြောသည်။

ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်သူများမှာ ကျန်းမာရေး ဝန်ထမ်းများ မဟုတ်ဘဲ၊ သင်တန်း ပေးထားသည့် ရပ်ကွက်တွင်း လူမှုရေးအဖွဲ့များ ဖြစ်ခြင်း၊ တချို့မြို့နယ်များတွင် ဆေးကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ အကြောင်းနှင့် မည်သို့ သောက်သုံးရမည် ဆိုသည့် အခြေခံ သိသင့်သည်များကို လူထုသို့ အသိပညာပေးရန် အားနည်းချက်များ ရှိခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဋ္ဌာန၊ ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးရေး စီမံချက်မှ ဒေါက်တာဖြိုးဖြိုးကျော်က ရှင်းပြသည်။

ထို့အပြင် ဒေါက်တာဒေါ်နီနီအေးက “ဆေးတိုက်အဖွဲ့တွေ မပါဘဲ လုပ်လို့မရပါဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက လူ သန်းပေါင်း များစွာကို လိုက်တိုက်မယ်ဆိုရင် လနဲ့ချီ ကြာသွားမယ်။ ဆေးတိုက် အဖွဲ့တွေကို နောက်နှစ် သင်တန်း ပေးတဲ့အခါမှာ လူထုကို သေသေချာချာ ပြောပြဖို့ ပြောရမယ်” ဟု ပြောသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သုံးပြီးနောက် ၂၄ နာရီထက် ပိုမို ဖျားနာခြင်း ခံစားရပါက ခန္ဓာကိုယ်တွင်းတွင် ဆင်ခြေထောက် ရောဂါပိုး ရှိနေနိုင်သဖြင့် ကျန်းမာရေး ဦးစီးဋ္ဌာနသို့ အကြောင်းကြား ပြသသင့်ကြောင်း သူက ဆက်လက် ပြောသည်။

“ဆေးသောက်ပြီး ၂၄ နာရီကျော်တဲ့ အထိ ဖျားတာဖြစ်ရင် ကျန်းမာရေး ဋ္ဌာန ဆေးခန်းကိုသွားပြီး စစ်ဆေးကုသမှု ခံသင့်တယ်။ တချို့က ဆေးခန်း လာရကောင်းမှန်း မသိဘူး။ ဆေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း လက်ကမ်း စာစောင်တွေမှာ ဖော်ပြ ထားပြီးသားပါ။ ဒီဆေးက သေဆုံးတာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ တိုက်ဆိုင်မှု ဖြစ်တာပါ။ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်တာက ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နီနီအေးက ဆိုသည်။

ဆေးသောက်ပြီးနောက် ဆင်ခြေထောက် ရောဂါပိုး ရှိသူများအတွက် လက်ခံစစ်ဆေး ကုသပေးရန် အစီအစဉ်များ ရှိသော်လည်း၊ မည်မျှ ပေါ်ထွက်လာသည် ဆိုသည့် တနိုင်ငံလုံး စာရင်းဇယားများမှာ လတ်တလော မစုံလင်သေး ကြောင်းလည်း ၎င်းထံမှ သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၃၅ သန်းကျော်ကို ယခုလ ၉ ရက်မှ ၁၅ ရက်အတွင်း အများပြည်သူ အလုပ်အားမည့် အချိန်များတွင် ပြုလုပ်ခဲ့သည်။ ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးကို ထိတ်လန့်မှုသည် ကျန်ပြည်နယ်နှင့် တိုင်းများတွင် မဖြစ်ပွားခဲ့သော်လည်း၊ ပထမဆုံး အကြိမ်အဖြစ် တိုက်ကျွေးသည့် ရန်ကုန်တိုင်းတွင် ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှရှိ ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှု ရှိနေသည့်နိုင်ငံ ၉ နိုင်ငံတွင်ပါဝင်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ရောဂါပိုး အမြစ်တွယ်လျှက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဋ္ဌာန၊ ဆင်ခြေထောက် ရောဂါကင်း ဝေးရေးစီမံချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုအများဆုံး ပြည်နယ်များဖြစ်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အစောဆုံး တိုက်ကျွေးခဲ့ပြီး ရခိုင်ပြည်နယ် ဆိုလျှင် ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်သောကြောင့် ယခုနှစ် တိုက်ကျွေးရန် မလိုခြင်း ဖြစ်ကြောင်း ဒေါက်တာနီနီအေးက ရှင်းပြသည်။

“ရခိုင်မှာက သွေးဖောက် စစ်ဆေးတာတွေ လုပ်ရမှာ။ ဒါပေမယ့် ဒေသ မတည်ငြိမ်မှုတွေကြောင့် မလုပ်နိုင်သေးတာ။ အခွင့်အရေး ရရင်တော့ စစ်ဆေးသွားမှာပါ” ဟု သူက ပြောသည်။

ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က မြို့နယ်ပေါင်း ၈ ခုတွင် ရောဂါလက္ခဏာ မရှိသည့် သာမန်လူ ၃ ထောင်ကျော်ကို ကျပန်း နည်းအရ Night Blood Survay လုပ်ကြည့်ရာ လူ ၅ ဦးတွင် ဆင်ခြေထောက် ရောဂါပိုး တွေ့ရှိခဲ့ကြောင်းလည်း ဒေါက်တာဖြိုးဖြိုးကျော် ထံမှ သိရသည်။

ယခုကဲ့သို့ ကာကွယ်ဆေး တိုက်ကျွေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး မန္တလေးတိုင်းတွင် ၅ ကြိမ်မြောက်၊ မကွေးတိုင်းတွင် ၁၀ ကြိမ်မြောက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၉ ကြိမ်မြောက်၊ ချင်းပြည်နယ်တွင် ၇ ကြိမ်မြောက်နှင့် နေပြည်တော်တွင် ၅ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာပေါ်တွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှု ရှိနေသည့် နိုင်ငံပေါင်း ၈၀ ရှိပြီး လူသန်းပေါင်း ၂၁၀ သည် ကူးစက် ခံရနိုင်သည့် ဒေသ များတွင် နေထိုင်ကြောင်း၊ သန်း ၄၀ ကျော်မှာ ရောဂါ ခံစားနေရသည့် လက္ခဏာများ ရှိနေကြောင်း ကျန်းမာရေး ဦးစီးဋ္ဌာန၏ ကိန်းဂဏန်းများ အရသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading