Development

မြန်မာတွေ ဘာလို့ မပျော်တာလဲ

This article has been converted from Zawgyi One to Unicode

“ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊
ပေါင်မုန့်တရှပ်နှင့်
တခွက်သောက်လို၊ ဝိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊
မောင့်ချစ်သူနှင့်
အတူယှဉ်ကာ၊ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူရွှင်ခိုလုံ၊ နိဗ္ဗာန်ဘုံဟု
ကြည်ယုံမှတ်ထင်နိုင်သည်တကား။ *

ငယ်ငယ်ကတော့ ဒီကဗျာက အလွန်စိတ်ကူးယဉ်လို့ ကောင်းတဲ့ ကဗျာတပုဒ်ပါ။ မူရင်းပိုင်ရှင်က ဆယ့်တစ်ရာစု ပါရှန်း ကဗျာဆရာ အိုမာခေယမ်။ ဆရာမင်းယုဝေက “သစ်ရိပ်သာဝယ်” လို့ လှပစွာ ဘာသာပြန်ပါတယ်။ ကဗျာဆရာတယောက်ရဲ့ အနည်းဆုံး လိုချင် တောင့်တမှု ဆိုပါစို့။ ကဗျာ ခေါင်းစဉ်က စပြောရရင် “သစ်ရိပ်“၊ “ကဗျာ လင်္ကာ” ၊ “ပေါင်မုန့်”၊ “ဝိုင်ချိုချို”၊ “မောင့်ချစ်သူ” ဆိုတာတွေ ရှိရင် သူ့ဘဝက နိဗ္ဗာန်ဘုံလိုပဲလို့ ခံစားရေးဖွဲ့ထားတာ တွေ့ရတယ်။

ကဗျာကို အခု နောက်တခေါက် ပြန်ဖတ်ကြည့်တဲ့အခါ “သစ်ရိပ်“ ဆိုတဲ့ နေရာမှာ လုံခြုံတဲ့နေစရာရိပ်မြုံနဲ့ သဘာဝပတ်ဝန်းကျင်လို့ ထပ်တွေ့တယ်။ “ကဗျာ လင်္ကာ” ဆိုတဲ့နေရာမှာ အနုပညာ၊ လူသားတယောက်ရဲ့ လွတ်လပ်စွာ ရွေးချယ်မှု ဆိုတာလို့ တွေ့တယ်။ “ပေါင်မုန့်” နဲ့ “ ဝိုင်ချိုချို ”ဆိုတာကို ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ဖွယ် အာဟာရ ရိက္ခာလို့ တွေ့တယ်။ “မောင့်ချစ်သူ” ဆိုတာ အပြန်အလှန် ချစ်ခြင်းမေတ္တာ၊ စာနာမှု၊ နားလည်မှု ဆိုတာကို တွေ့တယ်။ သေချာတွေးကြည့်တော့ အိုမာခေယမ်ရဲ့ ကဗျာဟာ ဒီနေ့ လူမှုဖွံ့ဖြိုးရေး ပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ ဆွေးနွေးနေကြတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) ရဲ့ အနှစ်ချုပ်ပဲလို့ ဆင့်ပွား တွေးမိပါတယ်။

Gross National Happiness ( GNH) ဆိုတာကို လွန်ခဲ့တဲ့ အနှစ် ၄၀ တုန်းက ဘူတန်ရဲ့ စတုတ္ထမြောက် ဘုရင်က တီထွင်ခဲ့တယ်။ တမျိုးသားလုံးစုစုပေါင်း ထုတ်လုပ်မှု (Gross National Product) ဆိုတာထက် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) နောက်ကို လိုက်မယ်လို့ ရွေးချယ်လိုက်တာပါ။ အဲဒီအချိန်ကစလို့ ဘူတန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို လိုက်တဲ့ အခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို မကြည့်တော့ဘဲ ယဉ်ကျေးမှု၊ စိတ္တသုခ၊ ကိုယ်ချင်းစာတရား၊ အများကောင်းကျိုး ဆိုတာတွေကို အလေးပေးတဲ့ ဖွံ့ဖြိုးမှုကို ချဉ်းကပ်နည်းသစ်ကို ကျင့်သုံးလာခဲ့တယ်။ ဒီနေ့ဆိုရင် ဘူတန်က စလိုက်တဲ့ Gross National Happiness အယူအဆဟာ အတော်ကျယ်ပြန့်နေပါပြီ။ ၂၀၁၁ ဇူလိုင်လတုန်း ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကနေ နိုင်ငံတွေရဲ့ မူဝါဒချတဲ့နေရာမှာ ပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ရေးကို မြှင့်တင်ဖို့ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။

တကယ်တမ်း GNH ကို ဖော်ထုတ်နိုင်ဖို့ ပြီးပြည့်စုံတဲ့ သီအိုရီရယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကိုလံဘီယာ တက္ကသိုလ်က အသေးစိတ်တဲ့ World Happiness Report အစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာက တိုင်းတာတဲ့ စံနှုန်းတွေကို လေ့လာကြည့်တဲ့အခါ ဘူတန်ရဲ့ Gross National Happiness အယူအဆ အတိုင်းအတာတွေ အပြင် ထင်ရှားတဲ့ အိန္ဒိယ လူမျိုး စီးပွားရေးပညာရှင် အမာတြာဆင်ရဲ့ ဖွံ့ဖြိုးရေးအယူအဆတွေကိုပါ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အဓိက အရေးကြီးတဲ့ ၆ ချက် တွေ့ရပါတယ်။

(၁) လူတဦးချင်း ဂျီဒီပီ ပမာဏ
(၂) ကျန်းမာစွာ အသက်ရှင်နိုင်တဲ့ သက်တမ်း
(၃) လူမှုရေး အထောက်အပံ့ အခြေအနေ
(၄) လာဘ်ပေးလာဘ်ယူ ကင်းစင်မှု အတိုင်းအဆ
(၅) အလှူအတန်း ရက်ရောမှု
(၆) ဘဝအတွက် လွတ်လပ်စွာ ရွေးချယ်နိုင်မှု

ဒီစံတွေနဲ့ တိုင်းတာလိုက်တဲ့အခါ နိုင်ငံပေါင်း ၁၅၆ နိုင်ငံစာရင်းမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇလန်၊ နယ်သာလန်၊ ဆွီဒင်တို့ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ တဦးချင်း ဝင်ငွေ မြင့်မားတဲ့ အမေရိကန် ပြည်ထောင်စုက နံပါတ်စဉ် ၁၇ ပဲ ချိတ်ပါတယ်။ ယူကေ (၂၂)၊ စင်ကာပူ (၃၀)၊ ထိုင်း (၃၈)၊ တောင်ကိုရီးယား (၄၁)၊ ဂျပန် ( ၄၃)၊ မလေးရှား (၅၆)၊ အင်ဒိုနီးရှား (၇၆)၊ ဖိလစ်ပိုင် (၉၂)၊ တရုတ် (၉၃)၊ အီသီယိုးပီးယား (၁၁၉)၊ မြန်မာ (၁၂၁) တွေ့ရပါတယ်။ အောက်နားက နီပေါ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အာဖဂနစ္စတန်၊ ဆီးရီးယား၊ ရဝမ်ဒါ တို့ဆီက ပြည်သူတွေလိုပဲ မြန်မာတွေလည်း မပျော်နိုင်ကြပါဘူး။

တကယ်တော့ ဘူတန်ရဲ့ GNH ကို အနောက်နိုင်ငံတွေက စိတ်ဝင်စားလာကြတာ သူ့အကြောင်းနဲ့ သူလို့ ထင်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းက စီးပွားရေး ပညာရှင်တွေရဲ့ စာတွေကို ဖတ်ကြည့်ရင် ဆဝါးမိနိုင်ပါတယ်။ World Happiness Report အစီရင်ခံစာကို ပူးတွဲရေးသားသူ ကိုလံဘီယာ တက္ကသိုလ်မှာ စီးပွားရေး ပါမောက္ခ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals ) အကောင်အထည် ဖော်ရေး အထူး အကြံပေး ဂျက်ဖရေ ဒီ ဆက်စ် Jeffrey D. Sachs ရဲ့ စာတချို့ကို နမူနာအဖြစ် ဖော်ပြချင်ပါတယ်။

“… လူတွေဟာ ဝင်ငွေများများရ၊ များများတိုးဖို့ ဆိုတဲ့ နောက်ကို အငမ်းမရလိုက်ရင် ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ဘဝ၊ ကျေနပ်စရာကောင်းတဲ့ဘဝကို မရဘဲ မကြုံစဖူး မညီမှျှမှုနဲ့ ကြောင့်ကြမှုတွေဆီကိုပဲ ဦးတည်သွားနေကြတယ်။ ……အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ GNP သိသိသာသာကို မြင့်တက်ခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ချမ်းမြေ့မှုကတော့ မြင့်တက်မလာခဲ့ပါဘူး။ … အခု အမေရိကန်ပြည်ထောင်စု လူဦးရေရဲ့ သုံးပုံတပုံဟာ အဝလွန်ရောဂါ ဖြစ်နေကြတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ စွဲလမ်းစေတဲ့ အစားအစားတွေကို လူငယ်တွေ မစားစားအောင် ကုမ္မဏီတွေက ကြော်ငြာနေကြတယ်” တဲ့။

နံပါတ် (၁၇) သမား အမေရိကန် စီးပွားရေးပညာရှင်က သူ့နိုင်ငံရဲ့ စိတ်မချမ်းမြေ့စရာတွေကို ဆွေးနွေးတာကို အားကျပြီး နံပါတ် (၁၂၁) သမား ကျနော့်လည်း စဉ်းစားပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆုတောင်းနေကြတဲ့ ကျနော်တို့ မြန်မာတွေ ဘာကြောင့် မပျော်နိုင်လဲပေါ့။

အဓိက ပြသနာက မြန်မာ လူဦးရေရဲ့ အများစုကြီးက ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတာပါ။ အမေရိကန်မှာ လူတွေ အဝလွန်ရောဂါ ဖြစ်နေပေမယ့် မြန်မာတွေက စားစရာမရှိလို့ အာဟာရ မပြည့်တဲ့ ပြသနာနဲ့ ကြုံနေရတယ်။ အခြေခံ လိုအပ်ချက်တွေ မပြည့်စုံခြင်းဟာ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေတဲ့ ပထမအကြောင်းရင်းလို့ တွေးမိတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေကောင်းရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လျှော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်တွေမရှိရင် ဒုက္ခရောက်ကြမှာပေါ့၊ စိတ်ဆင်းရဲကြမှာပေါ့။ World Happiness Report အစီရင်ခံစာကလည်း ဒီအချက်ကို အလေးထားတာကို တွေ့နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တချက်က ဘူတန်ရဲ့ GNH အယူအဆက အနာထပိဏ် သူေဋ္ဌးကြီးကို ဗုဒ္ဓဟောကြားခဲ့တဲ့ လောကီ သုခလေးမျိုးကနေ မြစ်ဖျားခံတယ်ဆိုတာကို သွားတွေ့မိလို့ပါ။ လောကီ သုခလေးမျိုးကို အတိုချုပ်ရရင် တရား နည်းလမ်းဖြင့် စုဆောင်းရအပ်သော စီးပွား ဥစ္စာရှိခြင်း(အတ္ထိသုခ)၊ ထိုဥစ္စာစီးပွားတို့ဖြင့် နေထိုင် စားသောက် ကုသိုလ်ကောင်းမှု ပြုရတဲ့အခါ ကိုယ် စိတ်ချမ်းသာမှုရခြင်းတမျိုး (ဘောဂသုခ)၊ ကြွေးမြီကင်း၍ ချမ်းသာခြင်းတမျိုး (အာနဏျသုခ)၊ အပြစ်ကင်းသော အသက်မွေးမှု သမာအာဇီဝကြောင့် ချမ်းသာခြင်းတမျိုး (အနဝဇ္ဇသုခ) ဆိုတဲ့ လောကီသုခ လေးမျိုးပါ။ ဆိုလိုတာက ဗုဒ္ဓဟာ လောကုတ္တရာပိုင်းကို အလေးပေးသလို လောကီ ချမ်းသာကိုလည်း မပစ်ပယ်ပါဘူး။

ဘူတန်တို့ရဲ့ GNH နည်းကိုကြည့်ရင် ဗုဒ္ဓဘာသာရဲ့ အဆုံးအမ၊ ဘဝနေနည်း အပေါ်မှာ အခြေခံထားတဲ့အပြင် နိုင်ငံရေးမှာ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍအထိ ဖြန့်ကျက်ပြီး လူထုအတွက် အခြေခံလိုအပ်ချက် ဖြည့်ဆည်းမှုနဲ့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရေး၊ မိခင်နဲ့ ကလေး သေဆုံးမှုနှှုန်း လျော့ကျရေး၊ အထက်တန်းဆင့်အထိ အခမဲ့ ပညာရေး၊ လျှပ်စစ်မီး သောက်သုံးရေ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆေးရုံ၊ လမ်းတံတား၊ လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ နည်းပညာ ဖွံဖြိုးမှုနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးအထိ ပါဝင်ပါတယ်။

World Happiness Report အစီရင်ခံစာထဲက ပျော်ရွှင်မှုကို တိုင်းတာတဲ့ နောက်ဆုံးတချက်က ဘဝအတွက် လွတ်လပ်စွာ ရွေးချယ်နိုင်မှု ဆိုတာပါ။ စီးပွားရေး နိုဘယ်ဆုရှင် အမာတြာဆင်ရဲ့ အယူအဆအရလည်း ဖွံ့ဖြိုးမှုဆိုတာ လူတဦးချင်းစီရဲ့ လွတ်လပ်မှု အတိုင်းအတာပေါ်မှာပဲ မူတည်တယ်လို့ဆိုတယ်။ နိုင်ငံတနိုင် ဖွံ့ဖြိုးမှုဆိုတာကို လွတ်လပ်မှုနဲ့ တိုင်းရမယ်။ လွတ်လပ်မှုဆိုတာ မရှိရင် လူတွေဟာ ကိုယ့်အတွက်ရော၊ ကိုယ့်အသိုက်အဝန်း အတွက်ပါ အကျိုးမပြုနိုင်ဘူးလို့ ဆိုတယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတယ်ဆိုတာ ပြည်သူတွေရဲ့ နိုင်ငံရေး လွတ်လပ်မှု၊ လူမှုရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ တခြား လူမှုဝန်ဆောင်မှုတွေကို လူ ဘယ်လောက်များများ၊ ဘယ်လောက် လွယ်လွယ်ကူကူ၊ လွတ်လွတ်လပ်လပ် ရနိုင်သလဲ။ အလုပ်လက်မဲ့၊ သဘာဝဘေး၊ မတော်တဆဘေးတွေနဲ့ ကြုံတဲ့အခါ အကာအကွယ်တွေ၊ အထောက်အပံ့တွေ ဘယ်အတိုင်းအတာ အထိ အာမခံချက်ရှိသလဲ ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။

အနောက်ရဲ့ ဖွံ့ဖြိုးရေး မော်ဒယ်တွေကို လေ့လာမိသလောက် သူတို့ဟာ သီလကျင့်ဝတ်ပိုင်းကို ပယ်ပြီး ရုပ်ဝတ္ထုတွေရဲ့ စွမ်းပကားနဲ့ ငွေကြေးချမ်းသာမှု နောက်ကို လိုက်ရင်း နောက်ဆုံး ပျော်ရွှင်မှုနဲ့ ဝေးသထက် ဝေးလာတဲ့အခါ စွန့်ထားခဲ့တဲ့ ကျင့်ဝတ်ဘက်ကို ပြန်လှည့်ကြည့်လာကြရပြီလို့ ထင်မြင်မိပါတယ်။ သီလကျင့်ဝတ်နဲ့ပတ်သက်လာရင် မြန်မာတွေဟာ အနည်းဆုံး နားရည်ဝတဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။ ဦးရွှေအောင်ရေးတဲ့ ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်ကို ကိုးကားချင်ပါတယ်။

“… မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ နည်းချင်နည်းမည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများလည်း နည်းချင်နည်းမည်၊ သို့ရာတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကား အမြင့်မားဆုံးဖြစ်၏။ ထိုခေတ် မြန်မာတို့နိုင်ငံသားတို့သည် ကိုယ်ကျင့် သိက္ခာမြင့်မားမှုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့် မလဲလှယ်ခဲ့ကြ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာနှင့် မလဲလှယ်ခဲ့ကြ။ ကိုယ်ကျင့်သိက္ခာမြင့်မားသည်နှင့်အမျှ ဒုစရိုက်မှုများသည်လည်း နည်းပါးသည်။ … ဒုစရိုက်မှုများ နည်းပါးသည်နှင့်အမျှလည်း သုစရိုက်များ ထွန်းကားရ၏။ ထိုကြောင့် ထိုနိုင်ငံမျိုးကို ကမ္ဘာမြေပြင်တွင် အချမ်းမြေ့ဆုံး နိုင်ငံ ဖြစ်သည်ဟု ဆိုရခြင်းဖြစ်၏။ အမှန်အားဖြင့် ထိုခေတ်မြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်ပေါ်တွင် အချမ်းမြေ့ဆုံး နိုင်ငံများအနက် တခုအပါအဝင်ဖြစ်ခဲ့ပါ၏”လို့ ဦးရွှေအောင်က ဆိုပါတယ်။

ခဏ စောင့်ပါဦး။ ဦးရွှေအောင်က မြန်မာတွေ ကိုလိုနီဘဝကို မရောက်ခင်အထိ အခြေအနေကို ပြောတာပါ။ ဘာဖြစ်ဖြစ် ဆုတောင်းစကားမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းလေ့ရှိတဲ့ မြန်မာတွေ အတွက် GNH နဲ့ စိမ်းလှတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် World Happiness Report အစီရင်ခံစာမှာ မြန်မာတွေ အောက်ခြေအဆင့်ရောက်ရသလို ဆင်းရဲပေမယ့် ပျော်တတ်ကြတဲ့ ဘူတန်လို ဘာလို့ မြန်မာတွေ မပျော်နိုင်ကြသလဲ။

ဦးရွှေအောင်ကတော့ တိုင်းတပါးလက်အောက် ကျရောက်တဲ့အချိန်ကစလို့ တန်ဖိုးတွေ ပြောင်းလဲသွားပြီး “ရဲရင့်မှုနှင့် ရက်ရောမှု” ပျောက်ကွယ်၊ “အနစ်နာခံလိုသော စိတ်ထား” တွေ ဆုတ်ယုတ်သွားတာကို ထောက်ပြပါတယ်။ ဥပါဒါန ပစ္စယောဘဝေါ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်အရကြည့်ရင်လည်း ပတ်ဝန်းကျင်ကောင်းလျှင် အမြင်ကောင်းနဲ့ အကျင့်ကောင်းကို ရမယ်။ ပတ်ဝန်းကျင် ကောင်းလျှင် အမြင်ဆိုးနဲ့ အကျင့်ဆိုးကို ရမယ်လို့ ဆိုထားပါတယ်။ ဒီသဘောအရဆိုရင် မြန်မာပြည်ဟာ တိုင်းတပါးအောက်က လွတ်လပ်ရေး ရခဲ့တာ အနှစ် ၆၀ ကျော်လာတဲ့ အထိ “အချမ်းမြေ့ဆုံးနိုင်ငံ” ပြန်မရောက်သေးတဲ့ အဖြေကို ရှာတွေ့ နိုင်ပါတယ်။

World Happiness Report အစီရင်ခံစာကို ပူးတွဲရေးသားသူ ပါမောက္ခ ဂျက်ဖရေ ဆက်စ် က “အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားက တရားမျှတရေး၊ လူလူချင်း ယုံကြည်မှု၊ စိတ္တဗလ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေ အားလုံးကို ကျော်ပြီး ခြယ်လှယ်ခွင့် ပိုရနေတယ်။ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ ဒီမိုကရက်တစ် ဖြစ်စဉ်ကို ဖျက်စီးနေတယ်” လို့ ရေးပါတယ်။

မြန်မာတွေနဲ့ အမေရိကန်တွေကြားမှာ တဦးချင်း ဝင်ငွေက မိုးနဲ့မြေလို နှိုင်းယှဉ်လို့ မရပါဘူး။ လွတ်လပ်တဲ့ ဘဝရွေးချယ်ခွင့်မှာလည်း မိုးနဲ့ မြေပါပဲ။ ကျင့်ဝတ်ပိုင်းမှာ တန်ဖိုးထားမှုအရလည်း ယဉ်ကျေးမှုစံတွေ ကွာခြားပါတယ်။ ဒါပေမယ့် အခွင့်ထူးခံတစုက လူများစုကြီးရဲ့ အပေါ်မှာ ရှိနေုလို့ စိတ်ဆင်းရဲနေရတဲ့နေရာမှာတော့ ဘဝချင်းတူပါတယ်။ နံပါတ်စဉ်အရဆိုရင် မြန်မာတွေက အဆပေါင်းများစွာ ပိုဆိုးပါတယ်။ ဘုရားဟော အင်္ဂုတ္ထိုရ် ပါဠိတော် တိကနိပါတ် ပလောကသုတ်၊ လူကုန်ခန်းကြောင်း တရား သုံးပါးထဲမှာလည်း ဝိသမလောဘ ဆိုတဲ့ အကြောင်းတရပ်ကို သတိထား မိပါတယ်။ မိမိယူထိုက်၊ ရထိုက်၊ ရသင့်သည်သာမက မယူသင့်မရသင့် သည်ကို ကောက်ကျစ်စဉ်းလဲ၍ သော်လည်းကောင်း၊ နှိပ်စက်လွှမ်းမိုး၍ သော်လည်းကောင်း၊ ရအောင်ယူတဲ့ ဝိသမ လောဘ သမားတွေကြောင့် တိုင်းပြည် ပျက်တတ်တယ်လို့ ဗုဒ္ဓက ဟောထားပါတယ်။

Loading