မန္တလေးတိုင်းတွင် ၂ လုံးထီ၊ ၃ လုံးထီ ၊ ဘောလုံး လောင်းကစားမှု အပါအဝင် လောင်းကစားမှုများကို လုပ်ကိုင် လှုပ်ရှား နေသည့် ဒိုင်ချုပ်များကို စတင် ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး ဖမ်းဆီးမှုမပြုဘဲ တာဝန် လက်ရှောင် နေသော သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
စက်တင်ဘာလ ၁၈ရက်နေ့ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အမရပူရ မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစားမှုများ ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ညွှန်ကြား ဆောင်ရွက်နေပါသနည်းဟု မေးမြန်းရာ မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက လောင်းကစား ဒိုင်ချုပ်များကို ဖမ်းဆီး အရေးယူမည်ဟု ပြန်လည်ပြောဆိုခြင်းဖြြစ်ကြောင်း သိရှိရသည်။
မန္တလေးတိုင်းတွင် ၂ လုံး၊ ၃ လုံး၊ ဖဲ နှင့် ဘောလုံး လောင်းကစားမှုများကို ဖမ်းဆီးရာတွင် ဒိုင်ချုပ်များကို ချန်လှပ် ထားပြီး လက်ခွဲဒိုင်များကိုသာ အဓိကထား ဖမ်းဆီးမှုများ ရှိကြောင်း၊ လောင်းကစား ဒိုင်ချုပ်များကို မဖမ်းဆီးဘဲ လက်ရှောင် နေသော အာဏာပိုင်များကို ရာထူး အဆင့်လိုက် အရေးယူသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆိုသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့အနေဖြင့် လောင်းကစားမှု ပပျောက်စေရေးအတွက် စီမံချက်များ စနစ်တကျရေးဆွဲ၍ ဖမ်းဆီး အရေးယူလျက်ရှိကြောင်း၊ လောင်းကစားသမားများကို ဖမ်းဆီးရမိပါက နောက်ကွယ်မှ အရင်းအနှီး စိုက်ထုတ် ကြိုးကိုင် နေသည့် ဒိုင်ချုပ်များ ကိုပါ စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း၊ လောင်းကစားဒိုင်ဟု ကျော်ဇော သတင်းရှိသူများကိုလည်း အမှုဖွင့် အရေးယူခြင်းများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ကျ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း အတွင်းတွင် ချဲ ၊ ဖဲ နှင့် ဘောလုံး လောင်းကစားဒိုင်များသည် သက်ဆိုင်ရာ နယ်မြေရဲစခန်းများကို လာဘ်ငွေ ပေး၍ လောင်းကစားမှုများ ပြုလုပ်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
“နယ်မြေ စခန်းကို လစဉ် လိုင်းကြေးပေးရတယ်။ ၂ လုံးထီ နဲ့ ချဲ ရောင်းသူတဦးဆိုရင် လိုင်းကြေး လစဉ် ၂သောင်း ကနေ ၃သောင်း လောက်ထိ ပေးရတာ။ အဲဒါက နယ်ထိန်းကို ပေးရတာ။ စခန်းမှူးကို တလ ၂ သိန်း လောက်ပေးရတယ်။ အဖမ်းအဆီး ရှိတယ်ဆိုရင် သူတို့ကပဲ ကြိုပြီး သတင်းပြန်ပေးတယ်။ အဲဒီလိုရက်မျိုးတွေဆိုရင် လုပ်ငန်း ခဏ နားထား တယ်´´ ဟု မန္တလေးမြို့အခြေစိုက် ချဲဒိုင်တဦးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လောင်းကစားမှု ၃၄၅မှု ဖမ်းဆီး အရေး ယူခဲ့ ပြီး လောင်းကစားမှု နှင့်ဆက်စပ်သူ တရားခံ ၆၉၇ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ လောင်းကစားငွေ ကျပ် ၃၈၇ သိန်းကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။