အိန္ဒိယ အစိုးရက ဦးဆောင် တည်ဆောက်နေသော ကုလားတန် စီမံကိန်းကြောင့် ထိခိုက်ပျက်စီးမှု၊ ဆုံးရှှုံး နစ်နာမှုများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များ ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေး ပါတီ တချို့က အိန္ဒိယ အစိုးရနှင့် ဆွေးနွေးမည်ဟု သိရသည်။
ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေး မောင်နှင့် ချင်းအမျိုးသား ပါတီ (CNP) ဥက္ကဋ္ဌ ဦးဇိုဇမ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ် တချို့ပါဝင်သော အဖွဲ့ တဖွဲ့ အိန္ဒိယ နိုင်ငံသို့ ယမန်နေ့က သွားရောက်ကြောင်း CNP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအို ဘိတ်ထောင် က ဧရာဝတီ ကို ပြောသည်။
ကုလားတန် စီမံကိန်းအား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အဓိက တည်ဆောက် လျက်ရှိပြီး စစ်တွေ ရေနက် ဆိပ် ကမ်းနှင့် ပလက်၀ ရေနက်ဆိပ်ကမ်းတို့ ပါဝင်သည်။ ထိုမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ် မည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု တစုံတရာ မရှိသည့်အပြင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိကြောင်း၊ စီမံ ကိန်း အကောင်အထည် ဖော်ခြင်းနှင့်အတူ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တို့အတွက် တာဝန်ယူ ဆောင် ရွက်ပေးမည့် အရာများကို ချင်း အမျိုးသားများ အနေဖြင့် အိန္ဒိယ အစိုးရထံ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆလိုင်း ကျဲအို ဘိတ်ထောင် က ဆိုသည်။
ကုလားတန် စီမံကိန်း၏ အစိတ်အပိုင်း တခု ဖြစ်သော စစ်တွေ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ် စီမံကိန်းတချို့ကို ၂၀၁၀ ပြည့်နှစ်မှ စ၍ စစ်တွေ ဒေသ၌ တည်ဆောက်လျက်ရှိရာ ဒေသခံပြည်သူများ၏ ကန့်ကွက်မှု၊ လူမှုအဖွဲ့ အစည်းများ၏ ဝေဖန် ကန့် ကွက်မှုများနှင့်လည်း ကြုံတွေ့ နေရသည်။
“စီမံကိန်း တည်ဆောက်နေတဲ့ နေရာဟာ လူနေအိမ်တွေ၊ စစ်တွေ ဆေးရုံကြီးနဲ့ အရမ်း နီးကပ်နေတော့ လုပ်ငန်းခွင်ထဲက နေ့စဉ် ထုထောင်းနေကြတဲ့ အသံတွေကို ဆေးရုံပေါ်က လူနာတွေက မခံနိုင်ကြဘူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တိုင်ပေ မယ့်လည်းပဲ ဘာမှ အလေးထား ဆောင်ရွက်တာ မတွေ့ရဘူး”ဟု RNDP ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီကို ပြော သည်။
စစ်တွေ ရေနက်ဆိပ်ကမ်း၏ ဆိပ်ခံ တံတား တည်ဆောက်နေသည့် နေရာသည် လူနေရပ်ကွက်နှင့်ကပ်လျက် ရှိသကဲ့သို့ လူ အများ အနားယူ အပန်းဖြေသည့် စစ်တွေမြို့၏ အချက်အချာကျသည့် နေရာ တခုဖြစ်နေခြင်းကြောင့် ဒေသခံများက လိုလား မှု မရှိကြောင်း၊ ထိုဆိပ်ခံ တံတားကို လူနေရပ်ကွက်နှင့်ဝေးသည့် နေရာသို့ပြောင်းရွှေ့ပေးရန် ဒေသခံများက အာဏာပိုင်များထံ တင်ပြထားသော်လည်း ဖြေရှင်းပေးမှု မရှိကြောင်း သိရသည်။
ထိုစီမံကိန်းသည် ယခုအခါ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်တွေမြို့ခံတဦးလည်း ဖြစ်သူ ဦးခိုင်ပြည်စိုးက ပြော ပြသည်။
ဒေသခံ ပြည်သူများ အနေဖြင့် စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆိုမည် မဟုတ်သော်လည်း စီမံကိန်း လုပ်ငန်းများနှင့်အတူ ဒေ သခံများ၏ ထိခိုက်နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းပေးရေး၊ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများကို ပွင့်လင်းမြင်သာစွာ ချပြ ပြောဆိုရေး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး တို့ကို RNDP ပါတီက အိန္ဒိယ အစိုးရနှင့်ဆွေးနွေး သွား မည် ဟု ဆိုသည်။
ချင်းနှင့်ရခိုင် လူမှုအဖွဲ့ တချို့က ပြောရာတွင် ကုလားတန် စီမံကိန်း ဧရိယာပါ ဒေသ တချို့၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အိန္ဒိယ အစိုးရ က မြန်မာ အစိုးရ ထံ ငွေကြေးထောက်ပံ့ ပေးထားကြောင်း၊ သို့သော် မြန်မာ အစိုးရ အနေဖြင့် မည်သည့် ဖွံ့ဖြိုးရေးမှ လုပ်ဆောင်ပေးမှု မရှိသေးကြောင်း သိရသည်။
ကုလားတန် ဘက်စုံ စီမံကိန်းသည် ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ဒေသခံ လူမှုအဖွဲ့များ စုဖွဲ့ထားသော ကုလားတန် လှုပ် ရှားမှု အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇွန်လ အတွင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုမှုများ လုပ်ဆောင် ခဲ့ကြသေးသည်။
ထိုအဖွဲ့၏ အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ၌ ကုလားတန် စီမံကိန်းကြောင့် ဒေသခံများ အကျိုးရှိရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးရေး၊ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင်တို့ကို ဆိုးကျိုး မသက်ရောက် စေရေး တို့ကို ထောက်ပြ တောင်းဆို ခဲ့ကြသည်။
စံမံကိန်းတွင် ပလက်၀ မြိုနှင့်စစ်တွေမြို့ကို ဆက်သွယ်မည့် မော်တော်ကားလမ်းနှင့် စက်ရုံအလုပ်ရုံများ ပါဝင်မည်ဖြစ်သည်။
ထိုစီမံကိန်းကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရများက ၂၀၀၈ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုခဲ့ကြပြီး ၂၀၁၅ ခုနှစ်၌ အပြီးသတ် အကောင်အထည် ဖော်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ကုလားတန် စီမံကိန်းတွင် အပိုင်း ၄ ပိုင်း ပါဝင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ခြင်း၊ ကုလား တန်မြစ်အတွင်း မြစ်ကြောင်း ရှင်းလင်းပြီး ချင်းပြည်နယ် ပလက်ဝ၌ ဆိပ်ကမ်းတခု တည်ဆောက်ခြင်း၊ ထိုမှတဆင့် အိန္ဒိယ နိုင်ငံ မီဇိုရမ် အထိ တန် ၃၀၀ အောက် ကုန်တင် သင်္ဘောများ သွားလာနိုင်ရေးနှင့် မြန်မာပြည်မမှ အိန္ဒိယနိုင်ငံ မီဇိုရမ် အထိ အဝေးပြေး ကားလမ်း ဖောက်လုပ်မည့် အစီအစဉ်များ ပါဝင်သည်။
ယင်းနောက် ကုန်စည်များကို မီဇိုရမ်ပြည်နယ်မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းလည်း ဖြစ် သည်။ အိန္ဒိယ အစိုးရသည် ထိုစီမံကိန်း၌ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် လျာထားသည်။
ကုလားတန်မြစ်ကို တူးချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည် နယ်ကို ဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
အိန္ဒိယ အစိုးရသည် ထိုစီမံကိန်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်မျာ အကဲဖြတ်မှုများ၊ စီမံကိန်း ဧရိယာရှိ ပြည်သူများနှင့်ထိတွေ့မှု ရှင်းလင်းမှု တချို့ ရှိသော်လည်း၊ မြန်မာအစိုးရ အနေဖြင့် စီမံကိန်း ဧရိယာ ဖြစ်သည့် ရခိုင် ဒေသ နှင့် ချင်းဒေသမှ ပြည်သူများအား တစုံတရာ ရှင်းလင်းပြောဆိုမှု မရှိသေးပေ။