သတင်း

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ ရောက်ရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် စင်ကာပူ ထိပ်သီး ညီလာခံ -၂၀၁၃ (Singapore Summit 2013) တက်ရောက်ရန် စင်ကာပူမှ စေလွှတ်သည့် သီးသန့် ဂျက် လေ ယာဉ် ဖြင့် ရန်ကုန် လေဆိပ်မှ ယနေ့ နံနက်ပိုင်းက ထွက်ခွာသွားသည်။

“စင်္ကာပူ နိုင်ငံ သီးသန့် လေယာဉ်ဖြင့် နံနက် ၉း၀၀ နာရီတွင် ထွက်ခွာခဲ့သည်။ အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဦးစိုးဝင်းနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်”ဟု NLD ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဒေသစံတော်ချိန် ၁ နာရီကျော်က ဆိုက်ရောက်ခဲ့ပြီး စင်ကာပူရှိ မြန်မာ ၂၀၀ ကျော် တို့က အထူး ဧည့်သည်တော်များ ထွက်ပေါက်အနီးအထိ သွားရောက် ကြိုဆိုခဲ့ကြကြောင်း၊ စင်ကာပူနိုင်ငံမှ အထူးလေ ယာဉ်ဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းကို မြန်မာနိုင်ငံသားတဦးအနေဖြင့် အလွန်ဝမ်းမြောက် ဂုဏ်ယူကြောင်း စင်ကာပူရောက် ကိုစိုးထွန်းက ဧရာဝတီ ကို ပြောသည်။

“နိုင်ငံရဲ့ လူကြီးပိုင်းတွေ တယောက်ပြီးတယောက် နိုင်ငံခြားတွေသွားတာ၊ ဘယ်သူကမှ ဒီလို Private လေယာဉ်နဲ့ သွားကြိုဆိုခြင်း မခံရဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ဒါ ပထမဆုံး ဂုဏ်ယူ ဝံ့ကြွားစွာ ဖိတ်ခေါ်ခံရတဲ့ နိုင်ငံ့ခေါင်း ဆောင်လို့ ပြောရမှာ ပေါ့”ဟု သူက ဆိုသည်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတချို့နှင့် စင်ကာပူနိုင်ငံ အစိုးရ တာဝန်ရှိသူတချို့လည်း ချန်ဂီလေဆိပ် တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုကြကြောင်းလည်း သိရသည်။

စင်ကာပူနိုင်ငံသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Ms. Grace Fu နှင့်တွေ့ဆုံပြီး ယနေ့ စတင်ကျင်းပသည့် စင်ကာပူ ထိပ်သီး ညီလာခံသို့ တက်ရောက်ကြောင်း သတင်းများ တွင် ပါရှိသည်။

ယနေ့ ညပိုင်း ထိပ်သီးညီလာခံ၌ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မနက်ဖြန် ဆက်လက် ကျင်းပမည့် ထိပ်သီးညီလာခံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအကြောင်း ဟောပြောဆွေးနွေး မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူရှိ မြန်မာတချို့ဖွဲ့စည်းထားသည့် ဘားမား ကလပ် (Burma Club) မှ ဦးဆောင် စီစဉ် ထားသည့် လူ ၅၀၀၀ ဆန့် ခန်းမတခု၌ စင်ကာပူရှိ မြန်မာမိသားစုများနှင့် ၂ နာရီကြာ တွေ့ဆုံရန် စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စီစဉ်ထားသည်။

အဆိုပါ တွေ့ဆုံမှု အတွက် ဘားမား ကလပ်က လူတဦးလျှင် စင်ကာပူ ဒေါ်လာ ၃၀ နှုန်းဖြင့် လက်မှတ်များ ရောင်းချထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ ခရီးစဉ်အတွင်း လီကွမ်ယု မူဝါဒရေးရာ ကျောင်း အပါအဝင် တက္ကသိုလ်၊ ကော လိပ် များတွင် ဟောပြောပို့ချမှုများလည်း ပြုလုပ်သွားရန် ရှိသည်။

စင်ကာပူ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ လွှတ်တော်သို့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် သွား ရောက် လေ့လာမည်ဖြစ်ပြီး လွှွတ်တော် အကြီးအကဲ မဒမ် Haliamah Yacob နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတ ဒေါက်တာ Tony Tan Keng Yam၊ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း နှင့် ဝါရင့် ဝန်ကြီး မစ္စတာ ဂိုချုပ်ထောင်နှင့်လည်း စက်တင်ဘာ ၂၃ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရိုသို့လည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် လေ့လာမည် ဖြစ် သည်။

မြန်မာ မိသားစုများနှင့်တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ကချင်လူမျိုး များကို အကူအညီ မပေးခဲ့သည့် အတွက် စင်ကာပူအခြေစိုက် ကချင်အဖွဲ့အစည်း (စင်ကာပူ)က သွားရောက် တွေ့ဆုံမည် မဟုတ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် တက်ရောက်သည့် ကချင်လူမျိုးများသည် ၎င်းတို့အဖွဲ့ ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးသော စင်ကာပူနိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆုံးသတ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading