နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာက လယ်သမားတွေရဲ့ အိမ်တွေကို ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက ည သန်းခေါင်ယံကျော် အချိန် ဝင်စီးခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိသွားတဲ့ အတွက် ဆေးရုံ တင်ထားရတယ်လို့ သတင်း ရရှိပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းထားတဲ့ လယ်မြေတွေထဲကို မူလပိုင်ရှင်ရွာသားတွေက ဝင်ရောက် ထွန်ယက်တာ၊ သစ်ပင်တွေ ခုတ်လှဲတာတွေ လုပ်တဲ့အတွက် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားဖျက်ဆီးမှု ပုဒ်မ ၄၄၇/၄၂၇ တို့နဲ့ အမှုဖွင့်ထားပြီး ဝင်ရောက် ဖမ်းဆီးရာမှာ ရွာသားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အခုလို ဒဏ်ရာရပြီး ဆေးရုံတင်ရတာလို့ ရဲ တပ်ဖွဲ့ဘက်က ပြောပါတယ်။
“ဒဏ်ရာရသွားတာက စုစုပေါင်း ၇ ယောက်၊ ၅ ယောက်ကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ တင်ထားပါတယ်၊ ဒဏ်ရာ တွေ ကတော့ ခေါင်းတွေမှာ ထိထားတာ များပါတယ်၊ စိုးရိမ်ရာမရှိဘူးလို့တော့ သိရပါတယ်”လို့ ဝဲကြီးရွာ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင် တဲ့ ရွှေတွင်းကုန်း ရဲစခန်း ရဲအရာရှိက ဧရာဝတီကို ပြောပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိနဲ့ ပုဗ္ဗသီရိ မြို့နယ်တွေထဲက ဝဲကြီး၊ ရင်ခွဲပြင်နဲ့ ဝံပြန်ကျေးရွာ ဒေသခံတွေရဲ့ လယ်မြေဧက ၅၀၀ ကျော်ကို ပြန်ကြားရေး ဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၂၀၀၆၊ ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့ပြီး သတင်းစာတိုက်နဲ့ စက်ရုံတွေ ဆောက်ထားတယ်လို့ သိရပါတယ်။
ရွာသားတွေကတော့ သူတို့မြေကွက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက အဓမ္မ သိမ်းဆည်းခဲ့တာဖြစ်ကြောင်း၊ အဆောက်အအုံ ဆောက်ဖို့အမည်ခံပြီး လိုအပ်တာထက် သိမ်းထားကြောင်း၊ အသုံးမပြုဘဲ ပိုနေတဲ့မြေတွေကို ပြန်လည်လုပ်ကိုင် လိုတဲ့အတွက် ဝင်ရောက် ထွန်ယက်၊ ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဆောင်သူလို့ ယူဆတဲ့ ဝဲကြီးရွာသား ကိုဇော်လတ်၊ ကိုဝင်းလှိုင်၊ ကိုထွန်းထွန်း၊ ဒေါ်ညွှန့်စိန် အပါအဝင် ဒေ သ ခံ ၆ ဦး တို့ရဲ့နေအိမ်တွေကို မနေ့က မနက် ၁ နာရီခွဲမှာ ရဲတွေက ဧည့်စာရင်းစစ်ဖို့ အကြောင်းပြပြီး ဝင်ရောက်စီးနင်းခဲ့ရာမှာ ရွာသား တွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။
ဖမ်းဆီးမှုက လွတ်မြောက်သူ တဦးဖြစ်တဲ့ ကိုဇော်လတ် က “ကျနော့်အိမ်ကိုတော့ ရဲအယောက် ၃၀ လောက်ဝိုင်းပြီး ဧည့်စာရင်း စစ်မယ် ဆိုပြီး ရောက်လာတယ်၊ ဘာ ဝရမ်းမှလည်း မပါဘူး၊ ကျနော့် လည်ပင်းကို ရဲ ၅ ယောက်လောက်က ဖိနပ်နဲ့ နင်းပြီး လက် ထိပ်ခတ်တယ်၊ ဆွဲလား ရုန်းလားလုပ်တော့ ကျနော့် မိန်းမလည်း ထဘီတွေ ကျွတ်ကုန်တယ်၊ ၁၁ နှစ်အရွယ် ကျနော့်သမီးလေး ကိုလည်း ပါးကိုရိုက်တယ်၊ ပါးစပ်ကိုလည်း ပိတ်တယ်”လို့ ပြောဆိုပါတယ်။
သူကဆက်ပြီး “ရဲတွေ အိမ်ကိုဝင်စီးနေတဲ့ အချိန်မှာပဲ ကျနော့်မိန်းမက ဓားပြ၊ ဓားပြလို့ အော်လိုက်တာနဲ့ ရွာသွားတွေက ဝိုင်းပြီး ဖမ်းလိုက်ကြတာ၊ အဲဒီ ရဲတွေနဲ့ ကျနော်တို့ရွာသားတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာ မှန်ပါတယ်၊ ရဲတွေကို ရိုက် တယ် ဆိုတာတော့ မသိပါဘူး၊ အဲဒီအချိန် ကျနော်လည်း လက်ထိပ်နဲ့ဖြစ်နေပါတယ်”လို့လည်း ပြောပြပါတယ်။
ရွာသားတွေက ဝိုင်းမိထားတဲ့ ရဲ တပ်ဖွဲ့ဝင် ၂၇ ဦးကို ဖမ်းဆီးပြီး ကြိုးနဲ့ တုပ်ထားလိုက်ပါတယ်၊ မနက် ၂ နာရီခွဲလောက်အကြာမှာ လက်နက် အင်အား လူအင်အား အပြည့်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရွာထဲကို ဝင်လာပြီး ပြန်ခေါ်သွားတယ်လို့ မျက်မြင် ရွာသားတွေက ဧရာဝတီကို ပြောပါတယ်။
အခင်းဖြစ်စဉ်မှာ ပါဝင်တဲ့ ရဲ တပ်ဖွဲ့ဝင်တွေဟာ ရွှေတွင်းကုန်း၊ ဇေယျာသီရိ၊ ထုံးဘိုနဲ့ ကျည်တောင်ကန် ရဲစခန်းက ရဲတွေဖြစ်ပြီး ဒေသခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) က တာဝန်ရှိသူတွေက လမ်းပြအဖြစ်နဲ့ ရွာထဲကိုဝင်ပြီး စီးနင်း ခဲ့တာဖြစ်တယ်လို့ မျက်မြင်ရွာသားတွေက ပြောဆိုပါတယ်။
ဝဲကြီး ရွာသား တဦးက “ဧည့်စာရင်း စစ်မယ်ဆိုပြီး အကြောင်းပြဝင်တယ်၊ တံခါးဖွင့်မပေးတဲ့ အိမ်တွေကို တံခါးတွေကန်ဖွင့်တယ်၊ ခြင်ထောင်တွေ လှန်ပြီးရှာတယ်၊ တချို့ ဒီဖြစ်စဉ်ထဲမှာ မပါတဲ့လူတွေကိုလည်း ရိုက်နှက်ပြီး လက်ထိပ်ခတ်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။
မြေသိမ်းခံထားရတဲ့ လယ်သမားတွေက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြေတွေရဲ့ ခေတ်ကာလပေါက်ဈေးနဲ့ လျော်ကြေး ရဖို့ လို လားနေကြပြီး စီမံကိန်းမလုပ်တဲ့ မြေတွေကို ပြန်လည် လုပ်ကိုင်လိုကြတယ်လို့ လယ်သမားတွေအရေး ကူညီပေးနေသူတွေက ပြော ပါတယ်။
မြေတွေသိမ်းဆည်းခဲ့တာနဲ့ ပတ်သက်ပြီး ၂၀၀၆၊ ၂၀၀၇ ကတည်းက ယာလုပ်တယ်လို့ စာရင်းပေါက်နေသူတွေကို တဧက ကျပ် ၂ သိန်းခွဲနှုန်းနဲ့ မြေအမျိုးအစားအပေါ် မူတည်ပြီး လျော်ကြေး ပေးခဲ့တာတွေ ရှိကြောင်း၊ မြေအမည်မပေါက်တဲ့သူတွေကလည်း လျော်ကြေးရချင်ကြောင်း တင်ပြလာတာတွေကိုလည်း စိစစ်ပြီး လျော်ကြေးပေးနေတာတွေ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ဧရာဝတီကို ပြောပါတယ်။
“ကျနော် သိသလောက်တော့ ၅၀ ရာခိုင်နှုန်းကျော် လောက်ကတော့ ငွေ လာထုတ်သွားပြီ၊ မထုတ်ပေးရသေးတဲ့ လူတွေထဲမှာ နှစ် မျိုး ရှိတယ်၊ တချို့ကတော့ သူတို့မိသားစုတွေထဲမှာကို ပိုင်ဆိုင်မှု အရှုပ်အရှင်းဖြစ်နေလို့ မထုတ်နိုင်သေးတဲ့လူတွေ ရှိတယ်၊ တချို့ကြတော့ ငွေမထုတ်ဘဲနဲ့ ကျနော်တို့ခြံထဲကို ပြီးခဲ့တဲ့ အပတ်ထဲမှာ လာပြီးတော့ ထွန်တာရှိတယ်”လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
မြေတွေကို သိမ်းဆည်းချိန်တုန်းက အမည်ပေါက်ပြီး စိုက်ပျိုးနေတဲ့လူတွေ ရှိသလို၊ အမည်ပေါက် မရှိသလို မစိုက်ပျိုးတဲ့ မြေတွေလည်း ရှိကြောင်း၊ ဒါပေမယ့် အရင်က စိုက်ပျိုးခဲ့တယ် ဆိုတဲ့အတွက် လျော်ကြေးပြန်ပေးနိုင်ဖို့ စီစစ်နေတယ် လို့လည်း သူက ဆက် ပြောပါတယ်။
“လောလောဆယ်တော့ ကျနော်တို့က သူတို့ကိုခေါ်ပြောတာ ဒါတွေက စက်ရုံမြေလည်းဖြစ်နေပြီး သူတို့လည်း ပြန်ထွန်လို့ မရဘူး၊ တချို့နေရာတွေက ယူကလစ်တောတွေတောင် ပြန်စိုက်ပြီးသား နေရာတွေဖြစ်နေပြီ သူတို့လည်း ပြန်စိုက်လို့ မရတော့ဘူး၊ ဒါကြောင့်မလို့ သတ်မှတ်တဲ့ လျော်ကြေးကိုပဲ ယူဖို့ မေတ္တာရပ်ခံ ဆွေးနွေးတဲ့ နည်းနဲ့ဖြေရှင်းနေတယ်”လို့ ဦးရဲထွဋ် က ရှင်းပြပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနက မြေသိမ်းမှု ဖြစ်ပေါ်လာတဲ့ ဒေသခံတွေနဲ့ ရဲတွေကြားဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီး ရဲတွေဘက်က တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေမှု (ပုဒ်မ ၃၃၃)၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ အပါအဝင် အနည်းဆုံး ပုဒ်မ ၃ ခုတပ်ပြီး ရွာသား တွေကို အမှု ဖွင့်ထားတယ်လို့ ကျည်တောင်ကန် ရဲတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။
ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး ကိုဇော်လတ်က “ကျနော်က ရွာမှာ NLD အလုပ်အမှုဆောင် ဥက္ကဌ ဖြစ်တဲ့ အခါကြတော့ ကျနော့်ကို တောင်သူတွေက မသိလို့ မေးတဲ့အခါကြရင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ စာအုပ်ကလေး ဖတ်ပြတာ တော့ ရှိပါတယ်၊ အဲဒါကြောင့် ကျနော့်ကို လာဆွဲတယ်လို့ ထင်ပါတယ်”လို့ ရှင်းပြပါတယ်။
ရဲတွေနဲ့ ရွာသားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးတဲ့နောက်မှာ တင်းမာမှုတွေရှိနေပြီး အစိုးရဘက်က ဒီကိစ္စကို ပြေပြေ လည်လည် ဖြေရှင်းမပေးနိုင်ရင် ရွာသားတွေဘက်ကလည်း ရဲတွေ ရွာထဲကို အတင်းအဓမ္မ ကျူးကျော် ဝင်ရောက်မှု၊ အရပ်သား တွေကို နှိပ်စက်ညှဉ်းပန်းမှု၊ အပြစ်မဲ့ ကလေးကို ရိုက်နှက်မှု စတာတွေနဲ့ ပြန်ပြီး အမှုဖွင့် တရားစွဲသွားမယ်လို့ သတင်းတွေ ထွက်နေကြောင်း ဝဲကြီးကျေးရွာ တာဝန်ရှိသူတွေကလည်း ပြောဆိုပါတယ်။ အခု ပဋိပက္ခ ဖြစ်ပွားတဲ့ မြေသိမ်းမှုကာလဟာ အရင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက် ဖြစ်ပြီး အခု ပြန်ကြား ရေး ဝန်ကြီးမှာ ဦးအောင်ကြည် ဖြစ်ပါတယ်။