နျူကလီးယား စာချုပ် မြန်မာ လက်မှတ်ထိုး၍ အမေရိကန် ကြိုဆို
This article has been converted from Zawgyi One to Unicode
ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်လေ့လာရေး သဘောတူညီချက်တရပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ခြင်းကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်သည်။ သဘောတူညီချက် အရ မြန်မာနိုင်ငံသည် ၎င်း၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှု မှန်သမျှကို ထုတ်ပြန်ကြေညာရမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်းကိုလည်း ခွင့်ပြုရမည် ဖြစ်သည်။ ထိုသို့ လက်မှတ်ရေးထိုးလိုက်ခြင်းသည် ယခင်က ပစ်ပယ်ခံထားရသည့် နိုင်ငံတခု၏ ပွင့်လင်းလွတ်လပ်မှုဆီသို့ နောက်ဆုံးလှမ်းလိုက်သည့် ခြေလှမ်း ဖြစ်သည်ဟုလည်း ၎င်းတို့ကဖော်ပြခဲ့သည်။
သို့သော်လည်း လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် မြောက်ကိုရီးယားနှင့် ဆက်သွယ်ပတ်သက်နေမှုများအတွက် စိုးရိမ်သော စွပ်စွဲမှုတွေလည်း ရှိနေသည်။ အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ဆောင်ရွက်လာမှု အပေါ် ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်များက သတိပေးပြောဆိုမှုများလည်း ရှိနေကြောင်း ယနေ့ ရရှိသော အေပီသတင်းတပုဒ်က ရေးသားထားသည်။
ဆယ်စုနှစ် များစွာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးကာလပြီးဆုံးသွားပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင် ခဲ့သည်နှင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ပင်ကန့်သတ်မှုများကို လျှင်လျှင်မြန်မြန်ပင် ဖြေလျှော့ ဖယ်ရှားပေးခဲ့သည်။ ယခင် စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးအရ ပတ်သက်မှုကို ဖြတ်တောက်နိုင်ရန် ဆန္ဒစောနေခြင်းကလည်း ချိတ်ဆက်ပူးပေါင်းရေး မူဝါဒကို ချမှတ်နိုင်ရေးအတွက် တစိတ်တပိုင်း လှုံ့ဆော်မှု ဖြစ်စေခဲ့သည်ဟု သတင်းများက ဆိုသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က မြန်မာနိုင်ငံသည် အမေရိကန်အစိုးရ ယခင်က တိုက်တွန်းနေခဲ့သော နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ ( IAEA- International Actomic Energy Agency) ၏ နောက်ဆက်တွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ခြေတလှမ်း ဆက်လှမ်းလိုက်သည်။ ထိုသို့ လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ပွင့် လင်းမှုမရှိသော ယခင်အစိုးရတွင် နျူကလီးယား လက်နက် အစီအစဉ် ရှိသည် ဆိုသည့် သင်္ကာမကင်း စွပ်စွဲမှုများကို ပြေလျော့စေခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသဘောတူညီချက်သည် မြန်မာနိုင်ငံကို လက်နက်ပြန့်ပွားရေး ထိန်းချုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာလုပ်ဆောင်နိုင်စွမ်း တိုးတက်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု ကြာသပ တေးနေ့က ပြောကြားလိုက်သည်။
လက်နက်ပြန့်ပွားမှု ထိန်းချုပ်ရေး လွတ်လပ်သော ပညာရှင်များကလည်း လက်မှတ်ရေးထိုးလိုက်ခြင်းကို အလားအလာ ကောင်းသည့် ခြေလှမ်းတရပ်အဖြစ် ကြိုဆိုလိုက်ကြသည်။ သို့သော်လည်း နျူကလီးယား လက်နက်ပြန့်ပွားမှု ထိန်းချုပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် နှင့် သဘောတူညီချက်အတိုင်း လိုက်နာလာစေရန် အချိန် နှစ်အနည်းငယ် ယူ ရလိမ့်ဦးမည်ဟု ပြောကြသည်။
နျူကလီးယား ကျွမ်းကျင်သူ ရောဘတ်ကယ်လီက သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှကို မိမိ ကိုယ်တိုင်ကြေညာရမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများအတွက်လည်း တံခါးဖွင့်ပေးထားရမည်ဟု အေပီသတင်းဌာနသို့ ပြောဆိုသည်။
IAEA နှင့် မြန်မာနိုင်ငံ၏ ယခင်သဘောတူညီချက်တွင် မြန်မာဖက်က ထုတ်ဖော်ဝန်ခံရန် အချက်အချို့ လိုအပ်သည်။ ၂၀၁၀ ခုနှစ် နှောင်းပိုင်းတွင် ဗီယင်နာ အခြေစိုက် IAEA က လာရောက်စစ်ဆေးခွင့်ပြုရန် တောင်းဆိုမှုကို မြန်မာနိုင်ငံက မသိကျိုးကျွံ ပြုခဲ့သည်။ နျူကလီးယား လက်နက်များရှာဖွေရန် ကိစ္စကို မြန်မာနိုင်ငံက ငြင်းပယ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ရုရှား နိုင်ငံမှ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတခုဝယ်ယူရန် အစီအစဉ်ကို ရပ်နားထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လွန်ခဲ့သော ၇ နှစ်က မြန်မာနိုင်ငံသည် ဆွစ်ဇာလန်၊ ဂျာမဏီ နှင့် စင်္ကာပူတို့မှ စက်ပစ္စည်း အစိတ်အပိုင်းများဝယ်ယူခဲ့ပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ မအောင်မြင်ခဲ့သော ကြိုးပမ်းမှုဖြစ်သည့် ယူရေနီယံသန့်စင်ခြင်းလုပ်ငန်းတွင် အသုံးပြုရန် ဝယ်ယူ ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံကို စွန့်ခွာလာသူများ နှင့် ကျွမ်းကျင်သူအချို့ယူဆကြသော်လည်း အခြားကျွမ်းကျင်သူများက ထိုကောက်ချက်ကို ဆန့်ကျင်ငြင်းခုန်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ယူရေနီယမ်တူးဖော်ပြီး ယူရေနီယမ် အောက်ဆိုဒ်နှင့် Yellowcake အဖြစ် အသွင်ပြောင်းခြင်းများ လုပ်ဆောင်နေသည် ဟုလည်း မြန်မာနိုင်ငံမှ ထွက်ခွာလာသူများက ပြော ကြသည်။
မြန်မာနိုင်ငံ အပေါ်စွပ်စွဲခဲ့ကြသည့် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သုတေသနပြုခဲ့သော ရောဘတ်ကယ်လီက စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် အောင်မြင်မှုမရရှိခဲ့ ဟု သူယုံကြည်ကြောင်း အေပီသတင်းဌာနသို့ ပြောသည်။ မြောက်ကိုရီးယားနှင့် နျူကလီးယား ကိစ္စ ပတ်သက်မှုရှိသည် ဆိုသည့် အထောက်အထားလည်း လုံးဝမတွေ့ခဲ့ရဟုလည်း သူက ဆိုသည်။
အမေရိကန် အစိုးရဖက်တွင်လည်း မြန်မာနိုင်ငံက မြောက်ကိုရီးယား နိုင်ငံမှ ဒုံးပျံများနှင့် အခြား စစ်ဖက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူသည့် အပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ယခုလက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် သမရိုးကျ လက်နက်များ နှင့် ပတ်သက်၍ ထိန်းချုပ်ကန့်သတ်ထားခြင်း မပါဝင်သော်လည်း မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂ လုံ ခြုံရေး ကောင်စီက လက်နက်ရောင်းဝယ်ခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော် မြန်မာနိုင်ငံအရေး ကြားနာခြင်း အစီအစဉ်တွင် စစ်ဖက်ရေးရော ပူးပေါင်းဆောင်ရွက် မှုကို အလျှင်စလိုပြုလုပ်ခဲ့သော သမ္မတ အိုဘားမား အစိုးရကို ရီပတ်ဘလစ်ကင် အမတ်များက ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ယခင်လက အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် မြန်မာ ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြရာတွင် တ ရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ကိစ္စများ ဆွေးနွေးခြင်းထက် စစ်တပ်ချင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး ကို အနည်းငယ်ပို၍ အလေးပေးခဲ့သည်ဟုလည်း ဆိုကြ၏။
ကွန်ဂရက်လွှတ်တော်၏ အရှေ့အာရှဆိုင်ရာနိုင်ငံခြားရေးမူဝါဒ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ Ohio ပြည်နယ်မှ ရီပတ် ဘ လစ်ကင် လွှတ်တော် အမတ် Steve Chabot က အစိုးရသည် လွှတ်တော်၏ စိုးရိမ်မှုများကို မျက်ကွယ်ပြုခဲ့သည်ဟု ပြော ကြားလိုက်သည်။
အခြား ရီပတ်ဘလစ်ကင် အမတ်တယောက်ဖြစ်သော North Carolina ပြည်နယ်မှ George Holding ကလည်း “ကျနော် တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်မီမှာ မြန်မာစစ်တပ်ဟာ တရုတ်၊ မြောက်ကို ရီးယား စတဲ့ နိုင်ငံတွေနဲ့ ပိုလွန်တဲ့ ဆက်ဆံရေး မရှိဘူးဆိုတာ၊ ဒါမှမဟုတ် (ရှိခဲ့ရင်လည်း) အဆက်အသွယ်ဖြတ်တောက် ပြီးပြီလား ဆိုတာ သေချာအောင်လုပ်ရပါမယ်” ဟုပြောသည်။
California ပြည်နယ်မှ ရီပတ်ဘလစ်ကင်အမတ် Dana Rohrabacher ကလည်း မြန်မာစစ်တပ်သည် တိုင်းရင်းသား လူ နည်းစု အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်နေသည့် တိုင်အောင် “မြန်မာပြည်သူတွေဟာ ဆက်လက်ဖိနှိပ်ချုပ်ချယ် ခံနေရတုန်းပါပဲ” ဟု သူက ပြောလိုက်သည်။