သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွက် အခြေခံဥပဒေပုံစံ (၁)

အာရင်းဒ် လစ်ချ်ပါ့တ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီ နိုင်ငံတွေအတွက် ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲထားပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ခါစ နိုင်ငံတွေက သူတို့ကို အုပ်စိုးခဲ့သူ ကိုလိုနီ သခင်ဟောင်းတွေရဲ့ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ကူးချခဲ့ပါတယ်။ တခြားရွေးချယ်စရာ ဘာတွေ ရှိနိုင်သေးလဲ ဆိုတာကို အလေးအနက် မစဉ်းစားခဲ့ကြပါ။ အခြေခံဥပဒေ တခုချင်းစီမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေတာကြောင့် ဒီနေ့မှာတော့ အခြေခံဥပဒေ ရေးဆွဲသူတွေက နမူနာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ အများကြီး ရှိတဲ့ထဲကနေ သေချာ အလေးအနက် ရွေးချယ်လာကြပါပြီ။ ဒီလိုရွေးချယ်စရာတွေ အများကြီးရှိလာတာက ရုတ်တရက်ကြည့်လိုက်ရင် အကျိုးရှိတဲ့ ဖြစ်ထွန်းတိုးတက်မှုလို့ ထင်ရပေမယ့် တကယ်တမ်းမှာတောာ့ အကောင်းနဲ့ အဆိုး ၂ မျိုး ရောနေပါတယ်။ သူတို့ တကယ် လွယ်လင့်တကူ လေ့လာသုံးသပ်နိုင်တာထက် ပိုပြီး ရွေးချယ်စရာတွေက များနေတာကြောင့် အခြေခံဥပဒေ ရေးဆွဲသူတွေအတွက် မှားယွင်းဆုံးဖြတ်မိနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ဖြစ်နိုင်ခြေတွေ၊ ရွေးချယ်စရာတွေ တပုံတခေါင်းကြီးကို ချပြလိုက်လို့ မနိုင်မနင်း ဖြစ်ကုန်မှာထက်စာရင် တိကျတဲ့ အကြံပြုချက်တွေ လမ်းညွှန်ချက်တွေကို ပညာရှင်တွေ ချမှတ်ပေးလိုက်တာက တကယ်လက်တွေ့ ရေးဆွဲသူတွေအတွက် ပိုပြီး အထောက်အကူ ပြုနိုင်ပါတယ်။

တိုင်းရင်းသား လူမျိုးရေးကြောင့်နဲ့ တခြား အရေးကိစ္စတွေကြောင့် နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွေမှာ ဘယ်လို အခြေခံဥပဒေမျိုး လိုအပ်မလဲဆိုတာကို အဓိက အာရုံစိုက်ပြီး အကြံပြုချက် တစုံကို ဒီအက်ဆေးမှာ တင်ပြထားပါတယ်။ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးမှသာ အဲဒီလို နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွေက လူအဖွဲ့အစည်းတွေ အုပ်စုတွေအသီးသီးရဲ့ တောင်းဆိုမှုနဲ့ အကျိုးစီးပွားတွေကို လိုက်လျော ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လို အာဏာခွဲဝေ ကျင့်သုံးရေး စည်းမျဉ်းတွေ စနစ်တွေနဲ့ အဖွဲ့တွေက အကောင်းဆုံးဖြစ်မလဲ၊ ဘာကြောင့် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ကျနော့်ရဲ့ အကြံပြုချက်တွေက တတ်နိုင်သလောက် တိတိကျကျ ညွှန်ပြမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းမျဉ်းတွေနဲ့ စနစ်တွေက တခြားလူ့အဖွဲ့အစည်းတွေ အတွက်လည်း အတိအကျ မဟုတ်ရင်တောင် တနည်းတဖုံနဲ့ အသုံးဝင်နိုင်ပါတယ်။

နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားမှုတွေက ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက် အန္တရာယ်ပေးနိုင်ပြီး လူမျိုးတမျိုးတည်း နေထိုင်တဲ့ နိုင်ငံတွေမှာထက် လူမျိုးတွေ အများကြီး နေထိုင်ပြီး ကွဲပြားနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို တည်ဆောက် ထိန်းသိမ်းဖို့က ယေဘုယျအားဖြင့် ပိုခက်ခဲတတ်တယ် ဆိုတာကို ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေ အကြောင်းကို လေ့လာနေတဲ့ ပညာရှင်တွေ၊ အခြေခံဥပဒေ ရေးဆွဲရေးပညာရှင်တွေ အများစုက ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပါတယ်။ ဒီမိုကရေစီစနစ် အခြေကျခိုင်မာပြီးသား နိုင်ငံတွေမှာထက် ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒါမှမဟုတ် အပြည့်အ၀ မကျင့်သုံးသေးတဲ့ နိုင်ငံတွေမှာ တိုင်းရင်းသားလူမျိုးကြောင့်နဲ့ တခြား အရေးကိစ္စတွေကြောင့် ဖြစ်တဲ့ ကွဲပြားမှု ပြဿနာတွေက ပိုကြီးမားနိုင်ပြီး အဲဒီလိုကွဲပြားမှုတွေက ၂၁ ရာစုမှာ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အဓိက အဟန့်အတားကြီးတခု ဖြစ်တယ်ဆိုတာကိုလည်း သူတို့က သဘောတူကြပါတယ်။ အဆိုပါ အချက် ၂ ချက်နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သဘောတူချက်တွေကို အားလုံးကလည်း လက်ခံထားပုံပါ။

ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီအစိုးရကို အောင်အောင်မြင်မြင် တည်ထောင်နိုင်ဖို့ဆိုရင် အာဏာခွဲဝေ ကျင့်သုံးမှုနဲ့ အုပ်စုအလိုက် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပေးခြင်းဆိုတဲ့ အဓိက အစိတ်အပိုင်း ၂ ခု လိုတယ်ဆိုတာကို ပညာရှင် အားလုံးမဟုတ်ရင်တောင် တော်တော်များများက လက်ခံသဘောတူကြပါတယ်။ အာဏာခွဲဝေ ကျင့်သုံးမှု ဆိုတာကတော့ အရေးကြီးတဲ့ အုပ်စုတွေ၊ အဖွဲ့အစည်းတွေ အားလုံးက ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချခြင်း၊ အထူးသဖြင့် အုပ်ချုပ်ရေးကဏ္ဍအတွင်း ဆုံးဖြတ်ချက်ချခြင်းမှာ ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ အုပ်စုအလိုက် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဆိုတာကတော့ အဆိုပါ လူ့အဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွင်းရေး ကိစ္စတွေနဲ့ ပက်သက်ပြီး စီမံခန့်ခွဲနိုင်ခွင့် အာဏာကို ဆိုလိုပါတယ်။

အထူးသဖြင့်တော့ ပညာရေးနဲ့ ယဉ်ကျေးမှုလို ကိစ္စတွေ ဖြစ်ပါတယ်။ အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခု အဓိက ပါဝင်နေတဲ့ ဒီမိုကရေစီ စနစ်မျိုးကို အာဏာခွဲဝေ ဒီမိုကရေစီစနစ် ဒါမှမဟုတ် နိုင်ငံရေး သိပ္ပံစကားနဲ့ Consociational Democracy လို့ မကြာခဏ ရည်ညွှန်းကြပါတယ်။ ပညာရှင်တွေကလည်း အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခုရဲ့ အခန်းကဏ္ဍကို လေ့လာ ဆန်းစစ်ထားကြပြီး ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေက အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခု အတိုင်း လိုက်နာ ကျင့်သုံးတာကို သဘောတူကြပါတယ်။ အာဏာခွဲဝေရေး အယူအဆဘက်ကို တိမ်းညွတ်တဲ့ ပညာရှင်တွေကချည်းပဲ သူတို့ ၂ ခုကို သဘောတူတာတော့ မဟုတ်ပါ။ ဒီအတွက် ဥပမာကောင်း တခုကတော့ တက်ဒ် ရောဘတ် ဂါး (Ted Robert Gurr) ရဲ့ စာအုပ် Minorities at Risk: A Global View of Ethnopolitical Conflicts ပါ။ သူရဲ့စာအုပ်က အာဏာခွဲဝေရေး သီအိုရီကနေ စိတ်ကူးဉာဏ် ကူးစက်လာတာ မဟုတ်ဘဲ လက်တွေ့ သက်သေ အထောက်အထားတွေကို ပိုင်းခြားစိတ်ဖြာပြီးမှ တင်ပြထားတာပါ (အဆိုပါ သီအိုရီကို စာအုပ်ထဲမှာ ဖော်တောင်ဖော်ပြ မထားပါ)။ “ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ အာဏာခွဲဝေကျင့်သုံးမှု ဆိုတဲ့ မူတွေ၊ အင်စတီကျုးရှင်းတွေကို ပေါင်းစပ်ခြင်းဖြင့်” အုပ်စုကွဲ လူ့အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေနဲ့ တောင်းဆိုချက်တွေကို အမြဲလိုလို လိုက်လျော ဖြည့်ဆည်းပေးနိုင်မယ်လို့ စာအုပ်က သုံးသပ်ထားပါတယ်။

အီရတ်နိုင်ငံ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်တဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ကြည့်ခြင်းအားဖြင့်လည်း အာဏာခွဲဝေကျင့်သုံးရေး အရေးကြီးပုံကို အများသဘောညီတယ်ဆိုတာ ပိုပြီး ထင်ရှားသွားပါတယ်။ ရပ်တည်ချက် အမျိုးမျိုးကနေ ကောင်စီကို ဝေဖန်ကြတာတွေရှိပေမယ့် ကောင်စီထဲမှာ အဖွဲ့အစည်းအသီးသီးက ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်နေတာကိုတော့ ဘယ်သူကမှ မေးခွန်းမထုတ်ကြပါ။ အာဏာခွဲဝေကျင့်သုံးရေးကို လက်တွေ့မှာ မကြာခဏ လိုက်နာကျင့်သုံးကြခြင်း အားဖြင့်လည်း အဆိုပါ အုပ်ချုပ်ရေးပုံစံရဲ့ ခိုင်မာအားကောင်းမှုကို အတည်ပြုပေးနေပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေအတွင်းမှာ ကျင့်သုံး အကောင်အထည် ဖော်ကြတဲ့အာဏာခွဲဝေ ဒီမိုကရေစီအပေါ် ပညာရှင်တွေက လေ့လာဆန်းစစ်တာတွေ မလုပ်ခင်တည်းကကိုပဲ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ တွေ့ကြုံရတဲ့ ပြဿနာတွေကို ပြေလည်စေမယ့် အာဏာခွဲဝေကျင့်သုံးရေး အဖြေတွေကို ( ဥပမာ – သြစတြေးလျ၊ ကနေဒါ၊ ဆိုက်ပရပ်စ်၊ အိန္ဒိယ၊ လက်ဘနွန်၊ ကိုလံဘီယာ၊ မလေးရှား၊ နယ်သာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေက စနစ်တွေ) နိုင်ငံရေးသမားတွေ အခြေခံဥပဒေ ရေးဆွဲသူတွေက စီမံဆောင်ရွက်နေကြပါပြီ။ လက်တွေ့ နိုင်ငံရေးသမားတွေက ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို မရယူပဲ ဒါမှမဟုတ် သူတို့အချင်းချင်းလည်း တိုင်ပင်ခြင်းမရှိဘဲ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ထပ်ကာတလဲလဲ တီထွင်ကျင့်သုံးထားတာကို နိုင်ငံရေး သိပ္ပံပညာရှင်တွေက နောက်ပိုင်းမှာ တွေ့ရှိထားတာသာ ဖြစ်ပါတယ်။

အာဏာခွဲဝေကျင့်သုံးမှုကို ဝေဖန်သူတွေ

အာဏာခွဲဝေ ကျင့်သုံးမှုပုံစံက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအကြာမှာ ပညာရှင်တွေအကြား ဆွေးနွေးရတဲ့ ခေါင်းစဉ် ဖြစ်လာချိန်ကစပြီး ဝေဖန်မှု အများကြီးကိုလည်း လက်ခံရရှိထားပါတယ်။ အာဏာခွဲဝေ ဒီမိုကရေစီက အကောင်းဆုံး ဒီမိုကရေစီ မဟုတ်သလို ထိရောက်မှုလည်း မရှိဘူးလို့ တချို့ဝေဖန်သူတွေက စောဒက တက်ထားကြပါတယ်။ တချို့ ဝေဖန်သူတွေကတော့ နည်းစနစ်ပိုင်းနဲ့ လေ့လာတိုင်းတာတဲ့ အပိုင်းကို အလေးပေး အာရုံစိုက်ထားကြပါတယ်။ ဒါပေမယ့် အရေးတကြီး မှတ်သားသင့်တာက အာဏာခွဲဝေကျင့်သုံးမှုကို မကြိုက်လို့ ဝေဖန်သူတွေကလည်း တခြား ရွေးချယ်စရာ နည်းလမ်းတွေကို မတင်ပြနိုင်ကြတာပါ။ အစောပိုင်း ဝေဖန်သူ ဘရိုင်ရင် ဘယ်ရီ ကတော့ ခြွင်းချက်အဖြစ်နဲ့ ရှိနေပါတယ်။ သူက မြောက်ပိုင်း အိုင်ယာလန် ကိစ္စမှာ “သိမ်းသွင်းမှု မရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု” ဆိုတဲ့ပုံစံကို တင်ပြပါတယ်။ အဲဒီပုံစံက လူများစု အုပ်ချုပ်ရေး Majority ဆိုတာအတွက် သိသာထင်ရှားပြီး အဆိုပါပုံစံမှာ လူများစုနဲ့ လူနည်းစု ၂ ခုစလုံးက ထိန်းထိန်းသိမ်းသိမ်း ပြုမှုကြမယ်လို့ ကတိပြုထားပါတယ် (Majority – အုပ်စုကြီး တခုအတွင်းတွင် အရေအတွက် တဝက်ထက်ကျော်သော လူများစု)။ ဘယ်ရီရဲ့ အဆိုပြုချက်အရဆိုရင် မြောက်ပိုင်း အိုင်ယာလန်ရဲ့ လူများစု ပရိုတက်စတင့်တွေက ဘယ်လိုပဲ သင်တင့်လျောက်ပတ်အောင် ပြုမူကြပါစေ အမြဲတမ်း အာဏာရနေကြမှာ ဖြစ်ပြီး လူနည်းစု ကက်သလစ်တွေကတော့ “သစ္စာရှိ” အတိုက်အခံ အခန်းကဏ္ဍမှာပဲ အမြဲထာဝရ နေကြရမှာ ဖြစ်ပါတယ်။

(အာဏာခွဲဝေခြင်းမဟုတ်ဘဲ) ဘယ်ရီရဲ့ ပုံစံအတိုင်း အီရတ် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းမယ်ဆိုရင် လူများစု ရှီရိုက်တွေထဲက သဘောာထား အလယ်အလတ်ရှိတဲ့ အဖွဲ့ဝင်တွေချည်း သီးသန့် ဒါမှမဟုတ် အများစုကပဲ ကောင်စီမှာ ပါဝင်မှာဖြစ်ပြီး ကောင်စီမှာမပါဘဲ ဖယ်ထုတ်ခံထားရတဲ့ ဆွန်နီနဲ့ ကာ့ဒ်တွေကတော့ အတိုက်အခံ နေရာမှာပဲ နေကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်း တင်းမာမှုတွေနဲ့ အစွန်းရောက်မှုတွေကို ပြေလည်စေဖို့ ဒါက ရိုးရှင်းတဲ့ ဖြေရှင်းနည်းပုံစံလည်းဖြစ်ပြီး “ထာဝရ အတိုက်အခံ” နေရာမှာ နေနေရတဲ့ လူနည်းစုတွေက အမြဲတမ်း သစ္စာရှိမယ်၊ သဘောထား အလယ်အလတ်ဖြစ်မယ်၊ အပြုသဘောဆောင်မယ် ဆိုပြီး ရိုးအတဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်ရီရဲ့ အကြံပြုချက်က (အာဏာခွဲဝေ ကျင့်သုံးရေးကို မကြိုက်ရင် စဉ်စားနိုင်တဲ့) တခြား ရွေးချယ်စရာနည်းလမ်း မဖြစ်နိုင်သလို လက်တွေ့မှာလည်း မကျင့်သုံးကြပါ။

ပညာရှင်တွေ အတော်အသင့် စိတ်ဝင်စားတဲ့ တခြားရွေးချယ်စရာ တခုတည်းသော နည်းလမ်းကတော့ ဒေါ်လ်နယ် ဟိုးရိုးဝစ် (Donald L. Horowitz) ရဲ့ အဆိုပြုချက် ဖြစ်ပါတယ်။ အဆိုပြုချက်အရ Alternative vote မဲပေးနည်းစနစ် (ဦးစားပေးမှု အစီအစဉ်အလိုက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးရသောစနစ်။ ရွေးချယ်ခံရဖို့အတွက် ၅၀ ရာခိုင်နှုန်းကျော် မဲရရန်လိုအပ်ပြီး ပြည့်မီအောင်မရလျှင် ပထမဦးစားပေးမဲ အနည်းဆုံးရသူကို ဖယ်ထုတ်လိုက်ပြီး ထိုဖယ်ထုတ်ခံရသူကို ပေးထားသော မဲဆန္ဒရှင်များ၏ ဒုတိယ ဦးစားပေးမဲများကို အသုံးပြုရေတွက်သော စနစ်) ဒါမှမဟုတ် Instant-runoff စနစ် (ပထမအကျော့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တဦးတယောက်ကမျှ ၅၀ ရာခိုင်နှုန်းကျော် မဲမရလျှင် ဒုတိယအကျော့ ရွေးကောက်ပွဲကို ချက်ချင်းကျင်းပသောစနစ်) ကို အထူးသဖြင့် ကျင့်သုံးမဲ့ ရွေးကောက်ပွဲစနစ်တွေ ပါဝင်ပြီး အဆိုပါ ရွေးကောက်ပွဲစနစ်တွေအရ သဘောထား အလယ်အလတ်ရှိတဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်ခံရဖို့ကို တွန်းအားပေးမယ်လို့ ဆိုပါတယ်။ တရားဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ အုပ်စုတွေအသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တာထက် သဘောထား အလယ်အလတ်ရှိသူတွေ ပါဝင်ရေးကို ဦးတည်ဆောင်ရွက်တာကြောင့် ဟိုးရိုးဝစ်ရဲ့ နည်းစနစ်က ဘယ်ရီရဲ့ နည်းစနစ်နဲ့ ဆင်တူပါတယ်။ ချွင်းချွက်ကတော့ သဘောထား အလယ်အလတ်ဖြစ်မှုရအောင် ဘယ်ရီရဲ့ နည်းစနစ်က မျှော်လင့်ရုံ မျှော်လင့်ပေမယ့် ဟိုးရိုးဝစ်ကတော့ ရနိုင်မဲ့နည်းလမ်းကို ကြိုးစားကြည့်ထားပါတယ်။ ဟိုးရိုးဝစ်ရဲ့ နမူနာပုံစံအတိုင်းသာ အီရတ် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းမယ်ဆိုရင် လူများစု ရှီရိုက်အဖွ့ဲဝင်တွေ အဓိက ပါဝင်မယ့်ကောင်စီသာ ဖြစ်လာပါလိမ့့်မယ်။ ဒါပေမယ့် အဆိုပါ ရှီရိုက်ကိုယ်စားလှယ်တွေက ဆွန်နီနဲ့ ကာ့ဒ်လူနည်းစုတွေရဲ့ အကျိုးစီးပွား တွေကိုလည်း ဂရုဏာထား ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက် တခုခံထားပြီးမှသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဆွန်နီနဲ့ ကာ့ဒ်လူနည်းစုတွေက ကောင်စီထဲမှာ သူတို့ကိုယ်ပိုင် ကိုယ်စားလှယ်မပါဘဲ သဘောထား အလယ်အလတ်ဖြစ်တဲ့ ရှီရိုက်တွေကသာ သူတို့ကိုယ်စား ပြောဆိုပေးနေတာကို ရေရှည်မှာ ကျေနပ် လက်ခံလိမ့်မယ် ဆိုတာကိုတော့ စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။ အလားတူပဲ အီရတ်အုပ်ချုပ်ရေးကောင်စီ ဖြစ်လာအောင် ဖန်တီးပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေတဲ့ ဆွန်နီနဲ့ ကာ့ဒ် ကိုယ်စားလှယ်တွေက အမြဲတမ်း သဘောတူလိမ့်မယ် ဆိုတာကိုလည်း စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။

ဟိုးရိုးဝစ်ရဲ့ Alternative vote မဲပေးနည်းစနစ်မှာ တခြားအားနည်းချက်တွေ ရှိထားလို့ နှစ်သက်စရာ မကောင်းပေမယ့် သူတို့ကို ဒီဆောင်းပါးမှာ လေ့လာဆန်းစစ်ဖို့ မလိုပါ။ ဒီနေရာမှာ အရေးကြီးတာကတော့ ဟိုးရိုးဝစ်ရဲ့ နည်းလမ်းကို အခြေခံဥပဒေပ ညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကရော၊ လက်တွေ့ရေးဆွဲသူတွေကပါ လုံးဝနီးပါး မထောက်ခံကြဘူး ဆိုတာကို မှတ်သားထားဖို့ပါပဲ။ တိုင်းရင်းသား လူမျိုးအချင်းချင်း အုပ်စုကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းမှာ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ဟိုးရိုးဝစ်ရဲ့ပုံစံကို ကျင့်သုံးထားတာဆိုလို့ တကြိမ်သာ ရှိထားဖူးပြီး အဲဒီ တကြိမ်မှာလည်း တစိတ်ပိုင်းသာ ကျင့်သုံးထားပါတယ်။ အဲဒီတကြိမ်ကတော့ Alternative vote နဲ့ အာဏာခွဲဝေ ကျင့်သုံးမှုကို ပေါင်းစပ်ဖို့ကြိုးစားတဲ့ ဖီဂျီ အခြေခံဥပေဒေအရ ကျင့်သုံးတာဖြစ်လို့ တာရှည်လည်း မခံသလို ရလဒ်တွေလည်း မကောင်းပါ။ ၁၉၉၉ ခုနှစ်မှာ စတင်ကျင့်သုံးတာဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ပျက်စီးခဲ့ပါတယ်။ ဟိုးရိုးဝစ်ရဲ့ စိတ်ကူးတွေ အိုင်ဒီယာတွေက သူ့ကိုယ်ပိုင်တွေဖြစ်ပြီး အဆိုပါ စိတ်ကူးတွေဘက်ကနေ သူက ရပ်ခံပြောဆိုတဲ့အခါ အားတက်သရောရှိပေမယ့် သူ့ရဲ့ လျှောက်လဲပြောဆိုချက်တွေကို တခြားပညာရှင်တွေက အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်းထောာက်ခံပြီး လိုက်နာ ဆောင်ရွက်တာမျိုးတော့ မရှိပါ။

“အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ တခုလား”

အတိုချုပ်ပြောရမယ် ဆိုရင်တော့ အုပ်စုတွေ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းမှာ ကျင့်သုံးဖို့ ဖြစ်နိုင်ခြေများနေတဲ့ တခုတည်းသော ပုံစံကတော့ အာဏာခွဲဝေရေး ပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တခြားရွေးချယ်စရာ နည်းလမ်းတွေကို အခြေခံဥပဒေ ရေးဆွဲသူတွေကို စဉ်းစားကြည့်ခိုင်းရင်လည်း အကျိုးမများတော့ပါ။ အာဏာခွဲဝေရေး ပုံစံထဲက တခြားရွေးချယ်စရာ ပုံစံကွဲတွေကို စဉ်းစား စိတ်ကူးကြည့်မယ်ဆိုရင်လည်း စိတ်ရှုပ်ထွေးမှုတွေနဲ့ လမ်းလွဲမှုတွေသာ အများကြီး ဖြစ်လာပါတော့တယ်။ အာဏာခွဲဝေရေး ဒီမိုကရေစီကသာ “အားလုံးနဲ့ အဆင်ပြေ သင့်လျော်တဲ့” ပုံစံတခု ဖြစ်တယ်လို့ ဟိုးရိုးဝစ်က ပြောပေမယ့် ၁၉၆၀ ခုနှစ်မတိုင်မီက ကျင့်သုံးတဲ့ စနစ်တွေနဲ့ မကြာသေးခင်က (ဘယ်လ်ဂျီယမ်၊ ဘော့စနီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ မြောက်ပိုင်းအိုင်ယာလန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ကျင့်သုံးထားတာ) ကို ကြည့်ရင် ပုံစံကွဲတွေ အများကြီး ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ ဥပမာ အုပ်ချုပ်ရေးကဏ္ဍမှာ အုပ်စုတွေ အသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်ထားပါတယ်။ ဘယ်လ်ဂျီယမ် နိုင်ငံမှာဆိုရင်တော့ လူမျိုးနဲ့ ဘာသာစကားအရ ကွဲပြားနေတဲ့ အဓိက အုပ်စုကြီး၂ ခုကနေလာတဲ့ ကိုယ်စားလှယ်တွေ အရေအတွက် ညီတူမျှတူပါဝင်ပြီး အုပ်ချုပ်ရေးကဏ္ဍကို ဖွဲ့စည်းရမယ်လို့ အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပါတယ်။ တောင်အာဖရိက နိုင်ငံမှာတော့ လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အနည်းဆုံး ၅ ရာခိုင်နှုန်း ရထားတဲ့ နိုင်ငံရေးပါတီတွေ အားလုံးကို ဝန်ကြီးအဖွဲ့ထဲမှာ (၁၉၉၄ ကနေ ၁၉၉၉ အတွင်း) လည်း ပါဝင်ခွင့် ပြုထားပါတယ်။ ကိုလံဘီယာ နိုင်ငံမှာတော့ ၁၉၅၈ ကနေ ၁၉၆၄ ခုနှစ်အတွင်း အဓိက နိုင်ငံရေးပါတီကြီး ၂ ခုက ဝန်ကြီးအဖွဲ့တွင်း နေရာတွေကို ညီတူမျှတူ ခွဲဝေယူကြပြီး သမ္မတရာထူးကိုတော့ တလှည့်စီ ယူကြပါတယ်။ လက်ဘနွန် နိုင်ငံမှာတော့ တအုပ်စုက သမ္မတရာထူးကိုယူပြီး ကျန်တဲ့တအုပ်စုကတော့ ဝန်ကြီးချုပ်ရာထူးကို ယူရမယ်လို့ အမြဲတမ်း သတ်မှတ်ထားပါတယ်။

အခုပြောခဲ့တဲ့ နည်းလမ်းတွေအားလုံးမှာ ရှိနေတဲ့ အားသာချက်တွေက တခုနဲ့တခုတော့ မတူသလို တကယ် လက်တွေ့ လုပ်ဆောင်ကြည့်တဲ့ အခါမှာလည်း အကျိုးသက်ရောက်မှုချင်းက မတူပါ။ အကြောင်းကတော့ အုပ်စုအသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးကို အဓိကထားတဲ့ ရလဒ်မျိုးဖြစ်လာအောင် ရည်ရွယ်ထားတဲ့ သီးခြားစနစ်တွေအပေါ် အာဏာခွဲဝေရေး စနစ်တခုချင်းစီရဲ့ အောင်မြင်မှုတွေက မူတည်နေတာကြောင့်ပါ။ တကယ်တော့လည်း ဆိုက်ပရပ်စ်မှာ ၁၉၆၃ ခုနှစ်နဲ့ လက်ဘနွန်နိုင်ငံမှာ ၁၉၇၅ ခုနှစ်တွေတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တဲ့ အာဏာခွဲဝေရေး စနစ်တွေ မအောင်မြင်တာက အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။ မအောင်မြင်တဲ့ အကြောင်းရင်းက အာာဏာကို လုံလုံလောက်လောက် မခွဲဝေလို့ မဟုတ်ဘဲ လက်မခံနိုင်စရာကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အင်စတီကျုးရှင်းတွေကို အခြေခံဥပဒေ ရေးဆွဲသူတွေက ရွေးချယ်ကျင့်သုံးခဲ့တာာကြောင့်ပဲ ဖြစ်ပါတယ်။

အာဏာခွဲဝေရေးနဲ့ ပက်သက်ပြီး စည်းမျဉ်းစည်းကမ်တွေ နည်းစနစ်တွေ အကြောင်းကို ပညာရှင်တွေက လေ့လာပြုစုပြီး လက်တွေ့ရေးဆွဲသူတွေကို အကြံပေးမယ်ဆိုရင် အထောက်အကူ ပြုနိုင်တယ်ဆိုတာကို အပေါ်မှာပြောခဲ့တဲ့ မအောင်မြင်မှု ၂ ခုက မီးမောင်းထိုး ပြသနေပါတယ်။ ဒီလိုနည်းနဲ့ ပြောရမယ်ဆိုရင်တော့ အကောင်းဆုံး အာဏာခွဲဝေရေး ပုံစံကို တိတိကျကျ ကြိုးစားပြောဆို ကြည့်နိုင်ဖို့အတွက် ဟိုးရိုးဝစ်ရဲ့ “အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်တဲ့” ပုံစံ ဆိုတာက ဉာဏ်ကွန့်မြူးစရာ နမူနာဖြစ်လာပါလိမ့်မယ်။ လက်တွေ့ကျင့်သုံးမယ့် နိုင်ငံရဲ့ ထူးခြားတဲ့ ကြန်အင်လက္ခဏာတွေ အပေါ်မူတည်ပြီး အာဏာခွဲေဝေရေးပုံစံကို လိုအပ်သလို ပြောင်းလဲကျင့်သုံးသင့်ပေမယ့် အရာရာတိုင်းက အဆိုပါ ကြန်အင်လက္ခဏာ တခုချင်းစီအပေါ် မူတည်နေတယ် ဆိုတာတော့ မဟုတ်ပါ။

ဆက်လက်ဖော်ပြပါမည်။

(ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ် (Arend Lijphart) ၏ Constitutional design for divided societies ကို ဘာသာပြန်ဆိုပါသည်။ ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ်သည် ကမ္ဘာသိ နိုင်ငံရေးသိပ္ပံပညာရှင် ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဆန်ဒီရေဂိုတွင် နိုင်ငံရေးသိပ္ပံဆိုင်ရာ ရာသက်ပန် သုတေသန ပါမောက္ခဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖြည့်စွက်ရေးသား ထုတ်ဝေသည့် Patterns of Democracy: Government Forms & Performance in Thirty-six Countries စာအုပ်အပါအဝင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းများအတွက် အုပ်ချုပ်ပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲ စနစ်များ၊ တိုင်းရင်းသားလူနည်းစုများနှင့် နှိုင်းယှဉ်လေ့လာမှု နိုင်ငံရေးများ အကြောင်း စာအုပ်များ ရေးသားခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading