သတင်း

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ကွမ်းခြံကျေးရွာရှိ ဇာမဏီဆည် ပတ်ဝန်းကျင်ရှိ ဆည်မြောင်း ဦးစီးဌာနပိုင် မြေများတွင် ကျူးကျော်တဲများ ပိုမို များပြားလာသည့် အတွက် နောက်ပိုင်းတွင် ကျူးကျော်မြေယာ ပြဿနာများ မဖြစ်ပွား စေရန် ယခုလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အပြီး ဖယ်ရှားပေးရန် ညွှန်ကြားစာ ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

“ကျနော်တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး ကနေ တဆင့် ရှင်းလင်း ဆောင်ရွက်ခိုင်းတာကြောင့် အခုလို ကျနော်တို့ကလည်း ကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ စာထုတ်ပြန် လိုက်တာပါ။ ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာပါ” ဟု သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

သတ်မှတ်ထားသော ရက်ပိုင်းအတွက် ဖယ်ရှားခြင်းမရှိလျှင် သက်ဆိုင်ရာ အဆင့်ဆင့် ပြန်လည်တင်ပြရမည် ဖြစ်ပြီး အစိုးရ အဖွဲ့မှ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ အင်အားသုံး ဖယ်ရှားရန် အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။

ဇာမဏီဆည် အနောက်ဘက် ကွမ်းခြံကျေးရွာတွင် ဆည်မြောင်းပိုင် မြေများကို ကျူးကျော် ဆောက်လုပ်ထားသော တဲအိမ် များသည် ၆၀၀ ဝန်းကျင်အထိ ရှိနေပြီး ဇာမဏီဆည် အရှေ့ဘက်တွင်တော့ ကျူးကျော်အိမ်များ နည်းပါးကြောင်း သိရသည်။

အဆိုပါနေရာကို ၁၉၉၃ – ၉၄ ခုနှစ်များတွင် ဒေသခံရွာသားများထံမှ ဆည်တည်ဆောက်ရန် သိမ်းယူခဲ့ပြီး နောက်ပိုင်း ဆည် ပတ်ဝန်းကျင်ရှိ မြေလွတ်များတွင် စိုက်ခင်းများ စိုက်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်ပိုင်းအတွင်း ကျူး ကျော်အိမ်များ တည်ဆောက်မှု များပြားခဲ့ပြီး အရောင်းအဝယ် ပြုလုပ်သည်အထိ ဖြစ်လာကြောင်း ကွမ်းခြံကျေးရွာမှ ရာအိမ်မှူး ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သော ၂ လကျော်က ကျေးရွာအတွင်း ဆည်မြောင်းပိုင်မြေ၊ မကျူးကျော်ရန် ကြော်ငြာဆိုင်းဘုတ် လာရောက်စိုက်ထူပြီး နောက်ပိုင်း အရောင်းအဝယ် ပိုမိုများပြားခဲ့ကာ မြေအကျယ်ပေါ် မူတည်၍ ကျပ် ၅ သိန်းမှ ၁၅ သိန်း ဝန်းကျင်အထိ ဈေးပေါက် ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ စာချုပ်ချုပ်ကြတာ စိုက်ပျိုးမြေအဖြစ် စိုက်ခင်းလုပ်ဖို့လို့ ရေးကြပြီး အရောင်းအဝယ် လုပ်ကြတာ။ သူတို့ စာချုပ် ချုပ်ကြတော့ ကျနော့်ကို လက်မှတ် လာထိုးခိုင်းတာ၊ ကျနော်က ဆည်မြောင်းမြေ ဖြစ်နေတော့ လက်မှတ် ထိုးမပေးရဲဘူး။ သူတို့ဘာသာ အရောင်းအဝယ် လုပ်ကြတာ။ ကျနော်ကလည်း မရောင်း၊ မဝယ်ကြနဲ့လို့ တားလို့မှ မရတာ။ မသိချင်ယောင်ပဲ ဆောင်နေလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ဆည်မြောင်းပိုင် မြေအဖြစ် သိမ်းယူစဉ်က အိမ်အတွက် မြေတကွက်၊ စိုက်ခင်းရှိသူများကို စိုက်ခင်းအတွက် မြေတကွက် အဖြစ် ဘုရားကုန်းကျေးရွာအနောက်ဘက်တွင် မြေတကွက်အတွက် နိုင်ငံတော်သို့ ကျပ် ၃၅၀၀ ပေးသွင်းခိုင်းပြီး ရွှေ့ပြောင်း ခိုင်းခဲ့ ကြောင်း၊ နောက်ပိုင်းတွင် မြေလွတ်နေရာများတွင် ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး စသဖြင့် အာဏာပိုင် အဖွဲ့အစည်း များ၏ စိုက်ခင်းဟုဆိုကာ စိုက်ပျိုးမြေများ သတ်မှတ်ခဲ့ကြောင်း၊ ထို့နောက် စိုက်ပျိုးမြေများအပေါ်တွင် နေအိမ်များ အဆင့်ဆင့် လွှဲပြောင်းရောင်းချ ဆောက်လုပ်နေထိုင်ကြပြီး ၂၀၁၂ ခုနှစ်အထိ အိမ်ခြေ ၃၀၀ ဝန်းကျင်အထိ ဖြစ်လာခဲ့ကြောင်း ဦးမျိုးအောင်က ဆက်ပြောသည်။

ယခင်အချိန်များက နေအိမ်ဆောက်လုပ်မှုမှာ ဆည်မြောင်း ဝန်ထမ်းဟောင်းတချို့ထံ ပိုက်ဆံပေးခဲ့ကြရပြီး ယခုနောက်ပိုင်း တိုးချဲ့ တည်ဆောက်လာသော သူများအနေဖြင့် ဆည်မြောင်းထံသို့ ငွေမပေးရတော့ကြောင်း၊ မိမိတို့ နေထိုင်ရာနေရာသည် ဆည်မြောင်းပိုင် မြေများအဖြစ် သိရှိကြသော်လည်း လာရောက် ဝယ်ယူကြသူများ ရှိနေကြောင်း၊ တန်ဖိုးနည်းနည်းဖြင့် နေစရာ ရသောကြောင့် လာနေကြသူများရှိသကဲ့သို့ နေထိုင်ခြင်း မရှိကြဘဲ လာရောက် ဝယ်ထားကြသူများလည်း ရှိနေကြောင်း အဆိုပါနေရာတွင် ကျူးကျော်နေထိုင် နေသည့် ဒေသခံ မမိုးမိုးစိုးက ဧရာဝတီသို့ ပြောသည်။

“ကျမတို့က မူရင်းဒေသခံတွေ။ ကျမတို့ကို ဖယ်ခိုင်းတော့ ဖယ်ပေးလိုက်ရပေမယ့် နောက်ပိုင်း စိုက်ခင်းလုပ်ရင်း ဒီမှာ ပြန်နေ ဖြစ်တာ။ ဒီနေရာက ဆည်မြောင်းမြေမှန်း သိကြပေမယ့် လာဝယ်ကြတာပဲ။ စိုက်ခင်း စလုပ်စကတော့ ဆည်မြောင်းကို ၁ နှစ်လောက် အထိ တနှစ်စာ ၃ ထောင်ကျပ် ပေးခဲ့ရသေးတယ်။ နောက်ပိုင်းတော့ ဘာမှမပေးခဲ့ရဘူး။ ဒီနှစ်ပိုင်းအတွင်းမှ နေစရာ နေရာမရှိလို့ ဒီမြေလွတ်တွေမှာ လာဆောက်ကြတဲ့ သူတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် မိုးတွင်းမကျခင် သန်လျင် ရေတပ်စခန်းမှ ကျူးကျော်များအဖြစ် သတ်မှတ်ပြီး ဖယ်ရှားခိုင်းသောကြောင့် ယခုနေရာသို့ ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖယ်ရှားခိုင်းလျှင် တခြားသို့ ထပ်မံပြောင်းရွှေ့ရန် မြေနေရာလည်းမရှိ ကြောင်း၊ အများနည်းတူ ဖယ်ရှားရမည် ဆိုလျှင်တော့ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ကျူးကျော်နေထိုင်နေသူ ဒေါ်ပန်းနု ကလည်း ပြောသည်။

မိမိတို့သည် ယခုနေရာသို့ ပြောင်းရွှေ့လာစဉ်က ဆည်အနီး ချိုင့်ဝှမ်းကြီးကို မြေရှင်းပေးရေးနှင့် မြေနေရာ သတ်မှတ်ပေး သူများအတွက် ကျပ် ၅ သိန်း ပေးခဲ့ရပြီး အဆိုပါ ချိုင့်ဝှမ်းကြီးတွင် အိမ်ထောင်စု ၅၀ ကျော်အတွက် အိမ် ၃၇ လုံး ဆောက်လုပ်၍ ရခဲ့ကြောင်း၊ ထို့အတွက် တအိမ်လျှင် ကျပ် ၁ သောင်းခွဲသာ ကုန်ကျခဲ့ပြီး ယခုကဲ့သို့ ရွှေ့ပြောင်း ခိုင်းသည့်အတွက် မည်သို့ ပြောင်းရွှေ့ရမည်ကို မစဉ်းစားတတ်တော့ကြောင်း ၎င်းက ဆက်ပြောသည်။

“အများ ပြောင်းဆိုရင်တော့ ပြောင်းရမှာပေါ့။ အခုအချိန်ထိတော့ ပြောင်းရွှေ့ဖို့ ပြင်တာ ဘယ်သူမှ မရှိသေးဘူး။ တချို့ဆို တဲအိမ် အသစ်တွေတောင် ဆောက်နေကြတုန်းပဲ။ ဒီအထဲမှာ တဲအိမ် ဆောက်ထားတဲ့ သူတချို့က ဒီမှာလည်း နေတာ မဟုတ်ဘဲ ရောင်းကြတဲ့သူတွေ ရှိတယ်။ တချို့က တခြားကို ရွှေ့ပြောင်းဖို့ နေရာရှိသလို၊ တချို့က နေရာမရှိကြဘူး။

ကိုယ့်အချင်းချင်းလည်း ညှိနှိုင်းတာမျိုး မရှိသေးဘူး။ ရပ်ကွက် အုပ်ချုပ်ရေးတွေကလည်း ဒေသခံတွေကို ခေါ်ယူညှိနှိုင်းတာမျိုး
မရှိသေးတော့ ဒီအတိုင်း ဆက်နေနေကြတာပဲ” ဟု ၎င်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading