အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံ တင်ထားရကြောင်း သိရပါတယ်။
အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ အခုရက်ပိုင်း ရာသီဥတု ဆိုးရွားတဲ့အတွက် အဆုတ်ပွပြီး ချောင်း အဆက် မပြတ် ဆိုးလာရာက မောပန်းလာတဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က ဆေးရုံ တင်လိုက်ရခြင်း ဖြစ်တယ်လို့ အနီးကပ်ပြုစုနေတဲ့ ကိုရာဇာ က ဆိုပါတယ်။
“အဘမှာက နှလုံးလည်း မကောင်းဘူး၊ အဆုတ်လည်း မကောင်းဘူး၊ ချောင်းဆိုးတော့ မောပြီးနှလုံးကို ထိတယ်၊ ဒီအပြင် အူကျတဲ့ ရောဂါကြောင့် ချောင်းဆိုးရင် အပေါ်ဆုံးအူက အောက်ဆုံးအူကို ဖိတော့ မခံနိုင်ဘူး၊ ဒါကြောင့် ဆေးရုံ တင်ရတာပါ”လို့ သူက ဆက် ပြောပါတယ်။
လက်ရှိ အခြေအနေအရ စိုးရိမ်စရာ မရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးရင် လာမယ့် ဗုဒ္ဓဟူးနေ့ လောက်မှာတော့ ဆေးရုံက ဆင်းနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ အင်းစိန် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
ထောင်တွင်းမှာ ရရှိခဲ့တဲ့ ရောဂါဝေဒနာ တွေကြောင့် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာရှတော်ဝင် ဆေးရုံမှာ တက်ရောက်ခဲ့ရပြီး နှလုံး အတွင်း စက် ထည့်သွင်းဖို့ ခွဲစိတ်ကုသ ခံခဲ့ရပါတယ်။
စစ်အာဏာရှင် စနစ်ကို ဆန်ကျင်ခဲ့သူ ဦးဝင်းတင်ဟာ အခုအထိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင်လင်းလင်း ဝေဖန်ပြောဆိုနေ သူ လည်း ဖြစ်သလို ထောင်ဝတ်စုံကို အဆင်အမြဲ ဝတ်ဆင်နေသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာ ထောင်ဝတ်စုံ ပြန်မအပ်တဲ့ အတွက် အကြောင်းပြချက်နဲ့ အစိုးရ တာဝန်ရှိသူ တချို့က အရေး ယူဖို့ ပြုလုပ်လာခဲ့ ပါသေးတယ်။
ထောင်ဝတ်စုံကိစ္စ အစပြန်ဖော်တာဟာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ ဥပဒေဘောင်အတွင်းက ရမယ်ရှာခြင်းဖြစ်သလို၊ ၂၀၀၅ ခုနှစ် က အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း ကိုယ်တိုင် မိမိကို လွှတ်ပေးလိုက်ပြီလို့ လူပေါင်း ၁၀၀ ကျော်ရှေ့မှာ ပြော ဆိုခဲ့ပေမယ့်လည်း နောက်ပိုင်း ပြန်လည် အကျဉ်းချခဲ့တဲ့အတွက် မယုံကြည်တာကြောင့် ထောင်ဝတ်စုံကို မချွတ်စတမ်းဝတ်ပြီး ထောင်က ထွက်ခဲ့ရတာဖြစ်တယ်၊ ဒါကြောင့် တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ ဧရာဝတီကို ပြောဖူးပါတယ်။
၂၀၀၅ ခုနှစ်တုန်းက လွတ်မြောက်ပြီးမှ ထောင်တွင်း ပြန်လည် အကျဉ်းချထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထောင် အာဏာ ပိုင်တွေကို ပြန်လည် တရားစွဲဆိုမယ်လို့လည်း ပြောဆိုပါတယ်။