ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ရခိုင်လူမှု အဖွဲ့အစည်းများသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ယခုရက်ပိုင်း အတွင်း တွေ့ဆုံမည် ဖြစ်ရာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ အတွက် အဓိက ဆွေးနွေးကြမည်ဟု သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှ တမြို့နယ်လျှင် ကိုယ်စားလှယ် ၃ ဦးစီနှင့်ရန်ကုန်မြို့ရှိ ရခိုင် သဟာရ အသင်း အပါအဝင် ရခိုင် လူမှုအဖွဲ့များနှင့် ဦးရွှေမန်း သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန IBC ခန်းမ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း တက်ရောက် ဆွေးနွေးမည့်သူများက ဧရာဝတီ ကို ပြောသည်။
ရခိုင်ဒေသအတွက် အဓိက လိုအပ်နေသော လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း စစ်တွေမြို့မှ တက်ရောက်မည့် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးသန်းထွန်း က ပြောပြသည်။
အလားတူ ရခိုင်ဒေသတွင်း လျှပ်စစ် ဓာတ်အား ရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍများ၊ ရခိုင်ပြည် နယ် ရေရှည် ဖွံ့ဖြိုးရေးနှင့် ရခိုင်လူငယ်များ စွမ်းရည်မြှင့်တင်ရေး တို့ကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်ရှိ ရခိုင် လူမှုအဖွဲ့များနှင့်အတူ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရခိုင် လွှတ်တော် ကိုယ်စားလှယ် တချို့လည်း တက် ရောက်ကြ မည်ဖြစ်ပြီး သဘာ၀ သယံဇာတ ခွဲဝေ သုံးစွဲရေး ဆိုင်ရာများကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် ကိုယ်စားပြု တက်ရောက်မည့် ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင် က ရွှေ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် ဆိုးကျိုးများ၊ နစ်နာမှုများ၊ သဘာ၀ ပတ်ဝန်းကျင်၊ လျှပ်စစ် ဓာတ်အား ကိစ္စများနှင့် ရခိုင်နှင့် ဘင်္ဂါလီ(မွတ်စလင်) အရေးအခင်း ဖြစ်ပွားရသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဟု ဧရာဝတီ ကို ပြော သည်။
“လတ်တလော အရေးကြီးနေတာက ကျောက်ဖြူ စီးပွားရေးဇုန်အတွက် လယ်ဧက ၁၉၀၀ သိမ်းမယ်၊ ရွာ ၃ ရွာ ဖျက်သိမ်း ပြောင်း ရွှေ့ရမယ်လို့ သတင်းတွေ ထွက်နေတော့ ဒေသခံတွေက စိုးရိမ်မှုတွေ ကြီးနေကြတယ်၊ ဒီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဘာမှ ရှင်းပြပြောဆိုမှု မရှိသေးတဲ့ အပေါ်မှာလည်း တင်ပြဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် လုပ်ပိုင်ခွင့် အာဏာရှိသည့် အစိုးရအဖွဲ့ဝင် မဟုတ်သည့်အတွက် ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မည် မဟုတ်သော်လည်း ရခိုင်ဒေသခံတို့၏ အသံများ လွှတ်တော်သို့ ရောက်ရှိ သွားမည် ဖြစ်သည့်အတွက် ကောင်းမွန်သည့် ရလဒ် အဖြစ်မျှော်လင့်ထားကြောင်း တွေ့ဆုံပွဲ တက်ရောက်မည့် သူများက ပြောဆိုသည်။
“လွှတ်တော်ထဲမှာ ရခိုင်ကိုယ်စားလှယ်တွေ တင်ပြကြတာတွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြကြမယ့် ပြည်သူရဲ့ အသံတွေ တထပ်တည်း ကျမကျ ဆိုတာ၊ ကွဲပြားမှု ဘာတွေရှိကြမလဲဆိုတာ သိချင် ကြားချင်ပုံရလို့ တွေ့ဆုံချင်တယ်လို့ ယူဆပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။
ဦးရွှေမန်းက ရခိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံလိုကြောင်း ပြောဆိုသည့်အတွက် ရန်ကုန်ရှိ ရခိုင်လူမှု အဖွဲ့အစည်း တချို့က တွေ့ဆုံပွဲကို စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ ဦးရွှေမန်း နှင့် တွေ့ဆုံမည့် ရခိုင်ပြည်နယ် တဝန်းမှ ကိုယ်စားလှယ်များသည် ရန်ကုန် အခြေစိုက် ရခိုင်လူမှုအဖွဲ့ဝင်များနှင့် စက်တင်ဘာ ၂၈ ရက်နေ့ တွင် ကနဦး တွေ့ဆုံဆွေးနွေးကြ မည် ဖြစ်သည့် အတွက် အကျိုးရလဒ် ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေကြသည်။
“ဦးရွှေမန်းနဲ့ မတွေ့ခင် ၂၈ ရက်နေ့မှာ ရခိုင်တပြည်လုံးက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ကျနော်တို့အတွက် ပိုပြီး
အကျိုးကျေးဇူးတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဦးထွန်းလွင် က ပြောသည်။
ရခိုင်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုများ အပေါ်မူတည်၍ ဦးရွှေမန်း ကလည်း တစုံတရာ အကြံပြုချက်များ ပေးနိုင်ဖွယ်ရှိကြောင်း၊ ထို့အတူ ရခိုင် ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော် ဥက္ကဋ္ဌ ထံ တိုက်ရိုက် တင်ပြနိုင်သည့်အတွက် လွှတ်တော်၏ အခန်းကဏ္ဍ မှ လုပ်ဆောင်ပေးနိုင်သည့် အရာများကို ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း စစ်တွေကိုယ်စားလှယ် ဦးသန်းထွန်း ကလည်း ပြောဆိုသည်။
ရခိုင် ဒေသတွင်း လုံခြုံရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေးကိုလည်း အလေးပေး ဆွေးနွေးကြရန် ရှိကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖြစ်သော မောင်တော၊ ဘူးသီးတောင် ဒေသများ၌ ယခုရက်ပိုင်းတွင် လုံခြုံရေးအင်အား တိုးချဲ့ချထားကြောင်း ပြည်တွင်း မီဒီယာ တချို့၌ ရေးသားထားသည်။
မောင်တော ဒေသခံ ဦးလှရွှေ က ပြောရာတွင် လုံခြုံရေး အင်အား ထူထပ်စွာ ချထားမှု မရှိသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ မကြာ မီ ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် ဆူပူမှုတစုံတခု ဖြစ်လာပါက မြန်မာနိုင်ငံ ဘက်သို့ ကူးစက်လာမှု မရှိစေရန် ကြိုတင်ကာကွယ် သည့် အနေဖြင့် လုံခြုံရေးတချို့ ချထားသည်ကို တွေ့ရကြောင်း ပြောသည်။