Crime

ပြည်မြို့ လူသတ်မှု အမှုမှန်ပေါ်ရေး ဒေသခံများ လက်မှတ်ထိုး တောင်းဆိုမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တပ်မတော်သား ၃ ဦး ပါဝင်သည်ဟု ယူဆရသော လူသတ်မှု အမှုမှန် ပေါ်ပေါက်လာစေရန်နှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်စေရန် လူ့အဖွဲ့အစည်း အသီးသီးနှင့် ဒေသခံများ ပူးပေါင်း၍ လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ကာ ယခုလကုန်ပိုင်းတွင် သက်ဆိုင်ရာ ဌာနများသို့ ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့က ပြည်မြို့ နဝဒေး တံတားအောက်တွင် ဖြစ်ခဲ့သည့် တပ်မတော်သား ၃ ဦး ပါဝင်သည်ဟု ယူဆရသော လူသတ်မှုမှာ ၅ လကျော် ကြာပြီဖြစ်သော်လည်း အမှုမှန် မပေါ်သေးသည့်အပြင်၊ ကျန်ရှိနေသည့် တရားခံ တဦးကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ လက်မှတ်ထိုးတောင်းဆို လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်မြို့ အခြေစိုက် သံလွင်ခက် လူထုအခြေပြုမှ ဦးမင်းမင်းက ပြောသည်။

“ဒီအမှုနဲ့ပတ်သက်လို့ တောင်းဆိုဖို့အတွက် လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားတာကို ဒီလ ဒုတိယပတ်မှ စခဲ့တာပါ။ ဒီလ ကုန်ရင် အဲဒီ လက်မှတ်တွေအားလုံးကို သမ္မတ ဦးသိန်းစိန်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို ပို့ပေးသွားမယ်။ အခုလောလောဆယ် အထိကတော့ ကျနော်တို့ ပြည်မြို့က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ရဲ့ မိသားစုတွေ အပြင် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ လက်မှတ်တွေလည်း ရထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ရာတွင် လူသတ်မှု ဖြစ်စဉ် မှတ်တမ်းနှင့် သုံးသပ်ချက်များ၊ အစီရင်ခံစာ များကို ဖြန့်ဝေ၍ စုဆောင်းခြင်း ပြုလုပ်ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ လက်မှတ်ထိုးသူများထဲတွင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများအပြင် ဒေသခံများ၏ လက်မှတ်များ စုစုပေါင်း ၁ သောင်း ၃ ထောင်ကျော်ခန့် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဒီလို လက်မှတ်တွေစုဆောင်းပြီး တောင်းဆိုတာအပြင် Facebook မှာ Page တခုလုပ်ပြီး တနိုင်ငံလုံးက ပြည်သူတွေက ဒီကိစ္စကို သိသွားအောင်၊ အာရုံစိုက်လာအောင် လုပ်သွားမယ်၊ Vote တွေတောင်းမယ်” ဟု ဦးမင်းမင်းက ဧရာဝတီသို့ ပြောသည်။

ပြည်မြို့တွင် ဖြစ်ပွားခဲ့သော လုယက်မှု၊ လူသတ်မှုနှင့် ပတ်သက်၍ ကာယကံရှင်များ၏ မိဘများက သက်ဆိုင်ရာ တပ်မ ၆၆ မှ တာဝန်ရှိသူများ၊ စီအိုင်ဒီမှ တာဝန် ရှိသူများထံ အမှုအခြေအနေကို ဖုန်းဆက် မေးမြန်းသော်လည်း မည်သည့် တစုံတရာမျှ ထူးခြားမှု မရှိကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် မအိမိုးဇင်၏ ဖခင် ဦးမြင့်ကိုက ဆိုသည်။

“အစကတော့ ဒီလို ကမ်ပိန်းလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် တပ်မ ၆၆ က အခု ဖမ်းမိထားတဲ့ သူတို့ တပ်သားတွေက ဒီလူသတ်မှုနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတယ်။ CID ကတော့ တပ်သား ၃ ယောက် သတ်တယ်ဆိုတာ သေချာတယ် ပြောတယ်။ ပြီးတော့ ပြဿနာက ဖြစ်တာ တော်တော်ကြာနေပြီ။ ဘယ်လိုမှ အကြောင်းမထူးတော့ နောက်ဆုံး အသတ် ခံလိုက်ရတဲ့ ကောင်လေး မိသားစုဘက်ကနေပြီး ဒီလိုဒီလို လုပ်ချင်တယ်ဆိုလို့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး လုပ်ဖြစ်သွားတာ” ဟု ဦးမင်းမင်းက ပြောသည်။

အဆိုပါ လူသတ်မှုကို ယခုလက်ရှိအချိန်တွင် တပ်မ ၆၆ နှင့် စီအိုင်ဒီက ကိုင်တွယ်နေသော်လည်း တပ်မ ၆၆ က ထိုအမှုအား စီအိုင်ဒီသို့ လွှဲပြောင်းပေးခြင်းမရှိသေးကြောင်း ကာယကံရှင် မိသားစုများထံက သိရသည်။

ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီမြစ်သောင်ပေါ်၊ နဝဒေး တံတားအောက်တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား ပစ္စည်းယူ လူသတ်မှု တမှုဖြစ်ပေါ်ခဲ့ရာ စုံတွဲမှ အမျိုးသား သေဆုံးခဲ့သည်။ ထိုအမှု ကျူးလွန်ခဲ့သည်ဟု ယူဆရသော မသင်္ကာသူများသည် ခလရ ၇၅ တပ်ရင်းမှ တပ်သားများဖြစ်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading