လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ဖျက်ပြီး နောက်ထပ်အသစ်တခုရေးဆွဲပြဌာန်းဖို့ မလိုအပ်ဘူးလို့ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆို လိုက်ပါတယ်။
နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင် တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ ပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ဦးဌေးဦးက ခုလို ရှင်းပြတာဖြစ်ပါတယ်။
“တချို့ကပြောတယ်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မယ်၊ ဖျက်ပစ်ပြီး အသစ်ဆွဲမယ်ဆိုပြီးတော့ ဒီလိုပြောတာတွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ ပါတီအနေနဲ့ရော ကျနော့် အနေနဲ့ရော ပြောနိုင်တာကတော့ အသစ်ဆွဲဖို့ မလိုဘူး လို့ပဲ ယူဆပါတယ်” လို့ ဦးဌေးဦး က ဧရာဝတီကိုပြောပါတယ်။
လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတွက်ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ပြီး ရေးဆွဲ ခဲ့တာ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပေမယ့် တကယ်တမ်းလက်တွေ့အခြေအနေမှာ အခွင့် အရေးတွေ မရသေးဘူး ဆိုရင် ရအောင် ကျိုးစားဆောင်ရွက်ပေးသွားမှာဖြစ်သလို လူထုဆန္ဒအရ လိုအပ်လာတယ်ဆိုရင်တော့ ပြင်သင့်တဲ့ အချက်တွေကို ပြင်ဆင်ပေး သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲတယ်ဆိုတာ နာရီပိုင်း၊ ရက်ပိုင်းနဲ့ ဆွဲလို့မရဘူး၊ ဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်လည်း အချိန်တွေ အများကြီး ယူရတယ်၊ အသစ်ဆွဲဖို့ဆိုရင် အချိန်ပေးရမယ်၊ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရဖို့တောင်မှ အချိန်တွေ အများကြီး ပေးရတော့ အခု အသစ်ဆွဲဖို့ဆိုရင် အဲဒီအချိန်တွေပေးဖို့ လုံလောက်သလား၊ ဒါမှမဟုတ် ၂-၃ နာရီ၊ ၂-၃ လနဲ့ ဆွဲတဲ့ ဥစ္စာကို လက်ခံရမှာလားဆိုတဲ့အခါကြတော့ ဒါတွေသည် ဆွေးနွေးဖွယ်၊ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်မယ်လို့ ကျနော်မြင်တယ်” လို့ ဦးဌေးဦးက ပြောပါတယ်။
သူကဆက်ပြီး “အသစ်ဆွဲမယ်ဆိုရင် ဒီဖွ့ဲစည်းပုံ အခြေခံသည် ပျက်သွားမှာပေါ့၊ ဖျက်ရမှာပေါ့၊ ဖျက်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေါ်ပေါက်လာတဲ့ အစိုးရတို့၊ လွှတ်တော်တို့ ပါတီတို့ ဆိုတာတွေလည်း ပျက်သွားမှာပေါ့၊ ပျက်သွားရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိတဲ့ အချိန်မှာ၊ ဘယ်သူက တာဝန်ယူပြီးဆွဲပေးမှာလည်း၊ နိုင်ငံတော်ကို ဘယ်သူက တာဝန်ယူပြီး စီမံ ခန့်ခွဲ မှာလည်း အဲလိုဆက်ပြီးစဉ်းစားမယ်ဆိုရင်တော့ အသစ်ဆွဲမယ်၊ ဒါကိုဖျက်ပစ်မယ်ဆိုတဲ့ ဥစ္စာသည် အဖြေထွက်လာပါလိမ့် မယ်”လို့ ရှင်းပြပါတယ်။
ပြည်တွင်း၊ ပြည်ပက တတ်သိ ပညာရှင်တွေကတော့ အစိုးရက ပြဌာန်းအသုံးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ဗိုလ်ချုပ် ဟောင်းတွေ အာဏာမြဲဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြပြီး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင်တော့ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ တိုက်တွန်း ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့နဲ့ လူထုကို အကာအကွယ်ပေးနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှ ရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့ရဲ့ စင်္ကာပူခရီးစဉ် အတွင်း မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုခဲ့ပါသေးတယ်။
“ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းမှ ကျမတို့ နိုင်ငံဟာ တ ကယ့် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်မယ်။ ဒီမိုကရေစီနိုင်ငံဖြစ်မှ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အကာအကွယ် ပေးနိုင်မှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားတာဖြစ်ပါတယ်။
တခါ တောင်ကြီးမြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး ၃ ရက်အကြာကျင်းပတဲ့ “ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” ရှမ်း၊ ကယားနဲ့မွန်ပြည်နယ်တို့ဆွေးနွေးပွဲမှာလည်း လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲပြဌာန်းရေးကို သဘောတူခဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကိုတော့ ပြည်နယ်ပေါင်းစုံနဲ့ ပြည်မက နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဖက်လူ့အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လေ့လာသူအဖြစ်အဖွဲ့အစည်း ၃၁ ဖွဲ့တို့က ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ပူးပေါင်းပြီး အခြေခံ ဥပဒေပြင်ဆင်တဲ့ အစီရင်ခံစာကို ဒီနှစ်နိုဝင်္ဘာလထဲမှာ ထုတ်ပြန်မယ်လို့ ဒီလ ၇ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ တွေ့ဆုံပွဲ အပြီးမှာ ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲကြဖို့ သဘောတူညီမှုတွေ ရရှိထားတယ်လို့လည်း သိရပါတယ်။
သြဂုတ် လကုန်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်မှုကို ၄ လအတွင်း အပြီး လျှို့ဝှက် ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာလည်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ် ခဲ့ပါသေးတယ်။ ဇူလိုင်လ အတွင်းက လည်း အဲဒီ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ဖို့ အတွက် ကော်မတီတရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ အလယ်လောက်တုန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်လေ့လာရေး အရေးကြီး အဆို တရပ်ကို အာဏာရ ကြံ့ခိုင်ရေးပါတီက ပြည်သူ့ လွှတ်တော်မှာ တင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ဖူးပါတယ်။
ကြံ့ခိုင်ရေး ပါတီ ဝက်လက် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီး အဆိုကို တင်သွင်းပြီး မြစ်ကြီးနားမြို့နယ်ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်သားလွှတ် တော် ကိုယ်စားလှယ်တွေက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။