ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း များ စုံညီစွာ တက်ရောက်ခဲ့သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ က ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံ တရပ် ကျင်းပပေးရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သော ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲက အချက် ၅ ပါ ကြေညာချက် တရပ် ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ၊ မတရား အသင်း ဥပဒေ အပါအဝင် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်း ပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး၊ ပင်လုံ စိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေး နှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေး တို့ပါဝင်ကြောင်း သိရှိရသည်။
တောင်ကြီး ငြိမ်းချမ်းရေး ညီလာခံ၏ တောင်းဆိုချက်များသည် တိုင်းရင်းသားများ အပါအဝင် နိုင်ငံတဝန်းရှိ လူထုဆန္ဒကို ထင်ဟပ်စေသော တောင်းဆိုချက်များဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အမြန် ပြင်ဆင်ပြီး နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချကာ အရပ်သားအစိုးရ ပီပီ ပြင်ပြင်အုပ်ချုပ်သော အဆင့် ရောက်ရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မြန်မာနိုင်ငံ ရှေ့နေ ကွန်ရက်မှ ဦးကိုနီက သုံးသပ် ပြောဆိုသည်။
“အားလုံးက တိုင်းပြည် အတွက် စိတ်ကောင်း စေတနာနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ကြမယ်ဆိုရင် ဒီတောင်းဆိုချက် ၅ ချက်က အချိန်ကာလ ကြာမယ်၊ မြန်မယ်။ ဒါတော့ ရှိတာပေါ့နော် ။ တချို့ညှိညှိ နှိုင်းနှိုင်း လုပ်ရမယ့် ကိစ္စတွေကတော့ အချိန်ယူ ရမှာပေါ့။ တချို့ သိပ် အရေးကြီးတဲ့ကိစ္စတွေကလည်း မြန်မြန်လုပ်ရမှာ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလိုဟာ မျိုးက တိုင်းပြည် တည်ဆောက်ရေးမှာ သိပ်အရေးကြီးတဲ့အတွက် ခပ်မြန်မြန်လုပ်ရမယ်´´ဟု ဦးကိုနီက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်ဝင်းက တောင်ကြီး ငြိမ်းချမ်းရေး သဘောထား ထုတ်ပြန် ချက်များကို ၂၀၁၅ မတိုင်မီ အကောင်အထည် မဖော်နိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေး နေဦးမည်ဖြစ် ကြောင်း ၊ တိုင်းပြည် ဖွံဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးမှာ တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ငြိမ်းချမ်းရေးရရှိရန် ယုံကြည်မှု တည်ဆောက်ရမည်ဟု ပြောသည်။
“ တကယ်အရေးကြီးတာက တိုင်းရင်းသားအချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ပဲ။ ယုံကြည်မှု တည်ဆောက် ဖို့ဘာတွေ လိုအပ်လဲဆိုတာကို ပြောချင်လို့ ဆွေးနွေးပွဲ သွားတက်ခဲ့တာ။ ဒီညီလာခံက တိုင်းရင်းသား အချင်းချင်း ယုံကြည် မှု တည်ဆောက်တဲ့ပွဲလို့ မြင်တယ်။ အချင်းချင်း နားလည်မှု ရှိလာအောင်လုပ်တဲ့ပွဲပါပဲ´´ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
လတ်တလော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံကျင်းပနိုင်ရေးမှာ အောက်တိုဘာလတွင် ပြုလုပ်မည့် နိုင်ငံအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ နှင့် ဒီဇင်ဘာလတွင် ပေါ်ထွက်လာမည့် လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတို့၏ အစီရင်ခံစာများအပေါ်တွင် မူတည်နေကြောင်း ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဦးစိုင်းညွှန့်လွင်က ပြောသည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကမူ ပြည်တွင်းစစ်ကို အစိုးရ အဆက်ဆက်က မဖြေရှင်းနိုင် သေး ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနေသော်လည်း အောက်ခြေအဆင့်တွင် တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင် ယုံကြည်မှု ၊ နားလည်မှု အမြန်တည်ဆောက်ရန် အရေးတကြီး လိုအပ် နေကြောင်း ဧရာဝတီ သို့ ပြောဆိုသည်။
တောင်ကြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၂၁ ခု၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့ ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ၃ ခု ၊ လေ့လာသူ အဖြစ်တက်ရောက်သော အဖွဲ့အစည်း ၃၁ ခုတို့မှ ကိုယ်စားလှယ် ၃၃၁ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲ ဖွင့်ပွဲနေ့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုဝန်ကြီး ၃ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။