သတင်း

ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဥပဒေကြမ်း လွှတ်တော်တွင် အတည်ပြုလိုက်ပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဥပဒေကြမ်းကို ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့ တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ်များက လွှတ်တော်အစည်းဝေး ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြ သော်လည်း လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ နည်းဥပဒေများနှင့် သွေဖည်ကာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ်များ ထံမှ သိရသည်။

ယခု အတည်ပြုလိုက်သော ဥပဒေကြမ်းမှာ လွှတ်တော်ဆိုင်ရာ ဥပဒေလုပ်ထုံးနည်းအရ အများပြည်သူ လေ့လာနိုင်ရန် နိုင်ငံတော် ပြန်တမ်းကို တင်ပြကာ ပြည်သူသို့ အသိပေး တင်ပြရမည် ဆိုသော်လည်း လက်တွေ့တွင် ဥပဒေချုပ် ရုံးနှင့် မတိုင်ပင်ဘဲ တိုင်းဒေသကြီး နည်းဥပဒေကို သွေဖည်၍ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့သည်။

“ဘတ်ဂျက်နဲ့ ဆိုင်တာ၊ ဒေသန္တရနဲ့ ဆိုင်တဲ့ စီမံကိန်းတွေ၊ အခွန်အကောက်ကိစ္စ ဒီ ၃ ခုကလွဲပြီး တခြားဥပဒေတွေက နိုင်ငံတော် ပြန်တမ်းကို ပို့ရမှာပါ။ အခုက လွဲနေတယ်။ ရဲရဲတင်းတင်း ဖွင့်ချလို့မရဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေဆိုရင် ထိပ်မှာ လျှို့ဝှက်၊ တိုင်းဒေသကြီး စည်ပင်ဥပဒေဆို ကန့်သတ် ဆိုတာမျိုး ရေးထားတယ်။ ဒီဟာက
ဘတ်ဂျက်တို့ စီမံကိန်းတို့နဲ့ မပတ်သက်ဘူး၊ တင်ပြရမယ်၊ အများပြည်သူ သိသင့်တယ်။ အခုက သွေဖည်နေတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ထို့အပြင် ယခု ဥပဒေကြမ်းမှာ ရန်ကုန်တိုင်းဒေသကြီး တခုလုံးအတွက် ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်သော်လည်း အဆိုပါ ဥပဒေမှာ ပြီးပြည့်စုံသော ဥပဒေ တခု မဟုတ်သေးကြောင်း သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ် ၁ မှ ဦးကျော်က ဥပဒေနှင့် ပတ်သက်၍ သုံးသပ် ပြောကြားသည်။

“ဆွေးနွေးမှုနဲ့ ပတ်သတ်ပြီးကတော့ အခုက အားလုံးကလည်း အတည်ပြုပြီးသွားပြီလေ။ နောက် လိုအပ်မှပဲ ပြုပြင်တာတွေ ထပ်ဖြည့်ကြတာပေါ့။ လိုအပ်တာ ရှိကောင်းရှိမှာပေါ့။ အမြဲတမ်း ပြည့်စုံတာမရှိဘူး၊ အားနည်းချက် ရှိလာရင် ထပ်ဆွေးနွေး၊ထပ်ပြင် သွားမှာပါ” ဟု ဦးကျော်က ဆိုသည်။

ယခု အတည်ပြုလိုက်သော ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဥပဒေမှာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကို အခြေပြု ပြန်လည်ပြင်ဆင် ရေးဆွဲထားခြင်းဖြစ်ပြီး အဆိုပါစည်ပင်ဥပဒေကြမ်းတွင် အခန်းပေါင်း ၂၀၊ ပုဒ်မပေါင်း ၉၈ ခု၊ ပုဒ်မခွဲပေါင်း ၂၄၆ ခု ပါဝင်ကြောင်း သိရသည်။

“ဥပဒေကြမ်းက အတည်ပြုတာသာ ရှိတာ၊ နောက်ထပ် သူ့ကိုလိုက်ရမယ့် နည်းဥပဒေတွေ လိုသေးတယ်။ အခုက တစိတ် တဒေသပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ ဥပဒေတွေက အတည်မပြုခင် ပြည်သူတွေ သိသင့်တာတော့ မှန်တယ်။ အခု လွဲချော် နေတာပေါ့။ ပြည်သူ လိုက်နာရမယ့် ဥပဒေကို ပြည်သူမသိဘဲ အတည်ပြုလိုက်တာတော့ မကောင်းဘူး။

နောက် လွှတ်တော်အမတ်တွေက သိရသလောက် အမြန်လေ့လာပြီးမှ ဆွေးနွေးရတယ်။ လွှတ်တော်အမတ် ဆိုတာလည်း လူပဲလေ” ဟု အမည်မဖော်လိုသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

ယခု ကျင်းပနေသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် စည်ပင် ဆိုင်ရာ ဥပဒေနှစ်ခု ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် ဥပဒေကြမ်းတို့ကို တင်ပြ ဆွေးနွေးလျှက်ရှိပြီး လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို အတည်ပြု ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

အတည်ပြုလိုက်သည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဥပဒေကြမ်းမှာ ရန်ကုန်တိုင်းတတိုင်းလုံးကို ကိုယ်စားပြု လိုက်နာရန် ရေးဆွဲထားခြင်းဖြစ်ပြီး ဆွေးနွေး အတည်ပြုရန် ကျန်နေသေးသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းမှာမူ ရန်ကုန်မြို့ရှိ ၃၃ မြို့နယ်က လိုက်နာကျင့်သုံးရမည့် ဥပဒေဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading