ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။
မရွှေလှအေး လို့ခေါ်တဲ့ အဲဒီ ကရင် အမျိုးသမီးဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ဝိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။
အပေါ်ဝတ်အကျီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ မရှိတော့ဘဲ ဗလာစီယာ တထည်နဲ့ သူ့ အလောင်းပုံတွေကို ဖေ့စ်ဘုတ် စာမျက်နှာ တခုက တွေ့ရပါတယ်။
ဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ စောအောနက် ကတော့ “သူ့ လည်ပင်းက ကျိုးနေတယ်။ ရင်ဘတ်မှာလည်း တခုခုနဲ့ ထုထားသလိုပဲ။ ဒါပေမယ့် မုဒိမ်းမှု ဟုတ်မဟုတ် ဆိုတာတော့ သေချာမပြောနိုင်ဘူး။ ထိုင်း တာဝန်ရှိသူတွေ စစ်ဆေးနေ တုန်းပါ”လို့ ပြောဆိုပါတယ်။
မနက် ၉ နာရီလောက်မှာပဲ ထိုင်းနိုင်ငံ မယ်လစခန်းနားက မယ်တန်မြို့နယ်က ထိုင်း မှုခင်းရဲ နဲ့ ထိုင်းဆရာဝန်တွေ လာရောက် စစ်ဆေးခဲ့ပြီး မုဒိမ်းမှု ဟုတ်မဟုတ်ဆိုတာ သေချာသိချင်ရင် ဘန်ကောက် ဆေးရုံကိုပို့ပြီး စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်တာကြောင့် တခါတည်း သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။
“သူတို့က ဗုဒ္ဒဘာသာဝင်တွေဆိုတော့ သူ့အလောင်းကို အိမ်ကို ပြန်မသယ်တော့ဘဲ သချိုင်းကုန်းကို သယ်သွားတယ်။ နောက်ပြီး ဘန်ကောက်သွားပြဖို့လည်း ပိုက်ဆံမရှိတော့ ဒီနေ့ နေ့လယ် ၂ နာရီမှာ သဂြိုဟ် လိုက်ကြတယ်။ ကျမတို့ကတော့ ဓာတ်ပုံမှတ်တမ်း သေချာယူထားပါတယ်”လို့ ဒေါ်အေးက ပြောတယ်။
မရွှေလှအေးဟာ လှိုင်းဘွဲ့မြို့ ဘီးလင်းရွာကဖြစ်ပြီး ဒုက္ခသည်စခန်းက ကုလသမဂ အသိအမှတ်ပြုလက်မှတ်နဲ့ စခန်းထဲမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလေး၂ ယောက်မိခင် မုဆိုးမ တဦးဖြစ်ပြီး မောင်နှမ၊ အဒေါ်တွေနဲ့ အတူ မယ်လ စခန်း ရပ်ကွက် ၂ (Zone B2) မှာ နေထိုင်တာ ဖြစ်ပါတယ်။
အိမ်နီးနားချင်း တဦး ဖြစ်တဲ့ အမိုးကြီးက “သူက တအားအေးပြီး စကားလည်း သိပ်မပြောတဲ့လူ။ ဘယ်လိုဖြစ်သွားတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး။ ၂၃ ရက်နေ့လယ်က စပြီး သူပျောက်သွားတာ”လို့ ပြောပြတယ်။
အခုသေဆုံးသူမှာ တက် တတ်တဲ့ ရောဂါရှိပြီး စိတ်သိပ်ပုံမှန် မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ရဲ့ နားကပ်နဲ့ ငွေသားတွေ ဒီအတိုင်းရှိနေပြီး အလောင်းကလည်း ပုပ်လာနေတာကြောင့် မုဒိမ်းကျင့်ခံရတာ ဟုတ်မဟုတ်ကို ဘယ်သူမှ အသေအချာ မပြောနိုင်ဘဲ ပဟေဠိလို ဖြစ်နေပါတယ်။
ဒုက္ခသည်စခန်းတွင်းမှာ မုဒိမ်းကျင့်မှုတွေ တနှစ်ကို ၂ မှု ၃ မှု ဖြစ်ပွားမှုရှိပေမယ့် အခုလိုမျိုး စခန်း အပြင်ဘက်မှာ သေဆုံး နေတဲ့ အမှုမျိုးကတော့ ဖြစ်ခဲတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
မယ်လ ဒုက္ခသည် စခန်းမှာ လူဦးရေ ၅ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်း လောက် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပေးရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရတယ်။
အဲဒီ စခန်းတွေကတော့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စတဲ့ စခန်း ၇ ခုနဲ့ ကရင် နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ၁၉၈၃ ခုနှစ်လောက်ကတည်းက စတင် ထွက်ပြေး ရောက်ရှိလာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။