ဦးတေဇ ထူထောင်ထားတဲ့ ထူးဖောင်ဒေးရှင်းရဲ့ စီစဉ်မှုနဲ့ ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်း ဝေးလံခေါင်ဖျား ဒေသမှာနေတဲ့ ထရုန်အမျိုးသား လူပုကလေး ဦးဒါဝိတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
ကချင်ပြည်နယ်က လူပုလေးတယောက်ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဦးတေဇက ဘာကြောင့် ရန်ကုန်အထိ ခေါ်လာရသလဲ ဆိုတာကို တိတိကျကျ မသိရပေမယ့်လည်း စောင့်ကြည့်လေ့လာသူ တချို့ကတော့ တောင်ပေါ် အပန်းဖြေစခန်းတခု တည်ထောင်ဖို့ သူမျှော်လင့်နေတဲ့ မြောက်ပိုင်း ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးစားနေတာလို့ ယူဆကြပါတယ်။
ထရုန်လူမျိုးတွေဟာ အရှေ့တောင်အာရှမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ အရပ် ၄ ပေ မပြည့်တဲ့ ပစ်ဂမီ ခေါ် လူပု မျိုးနွယ်စုဝင်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထရုန်လူမျိုး အရေအတွက် နည်းပါး လာနေပြီး ကချင်ပြည်နယ် ပူတာအို ခရိုင်မှာ နေထိုင်တဲ့ ထရုန်လူမျိုး ၃ ဦးသာ ကျန်တော့တယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ အဆိုအရ သိရပါတယ်။
ဧက ၁၀၀၀၀၀ ကျယ်ဝန်းတဲ့ သစ်လုပ်ကွက် တခု အပါအဝင် ဦးတေဇရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပူတာအို ခရိုင် အတွင်းမှာ ရှိနေတဲ့အပြင် ဖူကန်ရာဇီ တောင်ပေါ်မှာ အပန်းဖြေစခန်းတခု တည်ဆောက်ဖို့လည်း စီစဉ်နေပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌက ဒီ ထရုန်အမျိုးသားကို ရန်ကုန်ခေါ်လာတာက အနားယူ အပန်းဖြေနိုင်ဖို့ပါ” လို့ ထူးဖောင်ဒေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးက ဧရာဝတီကို ပြောပါတယ်။
ထူးဖောင်ဒေးရှင်းက ကမကထပြု ကျင်းပတဲ့ မီဒီယာ အခမ်းအနား တခုမှာ ထရုန်အမျိုးသား ဦးဒါဝိတ်ကို စာနယ်ဇင်း တွေနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ အဆိုပါအခန်းအနားမှာ အရင်လက ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ဂမ်လန်ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ အမေရိကန်နဲ့ မြန်မာ တောင်တက်သမားများအဖွဲ့ရဲ့ စွမ်းဆောင်မှုကိုလည်း ဂုဏ်ပြု ခဲ့ပါတယ်။
ထူးဖောင်ဒေးရှင်းရဲ့ Facebook စာမျက်နှာမှာတော့ အသက် ၆၀ နှစ် ရှိပြီဖြစ်တဲ့ ဦးဒါဝိတ်ကို မြန်မာနိုင်ငံ မြို့ကြီးတွေရဲ့ တိုးတက်နေမှုကို ကိုယ်တိုင်ခံစား သိမြင်ခံစားနိုင်စေဖို့၊ မျိုးချစ်စိတ်ဓာတ် ပိုမို ထက်သန်လာစေဖို့နဲ့ ဒေသန္တရ ဗဟုသုတ တိုးပွားစေဖို့ တို့အပြင် ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူနိုင်စေနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဦးဒါဝိတ်ဟာ နေပြည်တော်ကို သွားရောက် လည်ပတ်မယ် လို့လည်း သိရပါတယ်။
ဦးဒါဝိတ်သည် မြန်မာနိုင်ငံရှိ ထရုန်လူမျိုးတွေထဲမှာ တဦးတည်း ကျန်နေတဲ့ ယောက်ျားဖြစ်ကြောင်းလည်း ပြည်တွင်း မီဒီယာ တွေရဲ့ အဆိုအရ သိရပါတယ်။ ပူတာအို ခရိုင်အတွင်းမှာရှိတဲ့ ဝေးလံခေါင်ဖျား ခရောင်းကျေးရွာမှာ နေထိုင်တဲ့ ဦးဒါဝိတ်ဟာ ကျန်းမာရေး ကောင်းမွန်သူ တယောက်ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဇနီးသည် ကွယ်လွန်သွားခဲ့တဲ့ ဦးဒါဝိတ်မှာ သားသမီးလည်း မရှိပါဘူး။ သူ့မှာ အစ်မ တယောက်နဲ့ ညီမ တယောက်ရှိပါတယ်။ ညီမ ဖြစ်သူက ရဝမ်တိုင်းရင်းသား တဦးနဲ့ လက်ထပ်ခဲ့ရာမှာ သူမွေးဖွားတဲ့ ကလေးတွေဟာ ပုံမှန် အရပ်အမောင်း ရှိကြတယ် လို့လည်း သိရပါတယ်။
ထရုန် လူမျိုးတွေရဲ့ အကြောင်းကို ရေးသားခဲ့သူဖြစ်တဲ့ ဟောင်ကောင်မှာ နေထိုင်သူ ဂျာမန် အမျိုးသား Wolfgang H.Trost ဟာ ၂၀၀၂ ခုနှစ်က ကချင်ပြည်နယ်ကို လာရောက်လည်ပတ်ခဲ့ပြီး ဦးဒါဝိတ်ရဲ့ မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ဦးတေဇက သူ့ကိုခေါ်လာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကျနော် ခန့်မှန်းနိုင်သလောက် ပြောရရင် ဒေသခံပြည်သူ တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတခု ရရှိလာနိုင်ဖို့ လုပ်တယ်လို့ ထင်ပါတယ်။ သူက တောင်တွေနဲ့ရော၊ ဒေသခံ ပြည်သူတွေနဲ့ပါ နီးနီးကပ်ကပ် ရှိချင်ပုံရတယ်” လို့ Wolfgang H.Trost က ဧရာဝတီကို ပြောပါတယ်။
၂၀၁၁ ခုနှစ်အတွင်းက ဦးတေဇရဲ့ ရဟတ်ယာဉ်ဟာ ကချင်ပြည်နယ်က ဖုန်ကန်ရာဇီ တောင်ပေါ်မှာ ရာသီဥတု ဆိုးရွား မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရေခဲဖုံး တောင်ထိပ်ပေါ်မှာ သုံးရက်ကြာ ပိတ်မိနေခဲ့တဲ့ အကြောင်းကိုလည်း Trost က ပြန် ပြောပြပါတယ်။ အဆိုပါ နေရာတဝိုက်မှာ တောင်တက်ခရီးစဉ်တခု ပြုလုပ်နိုင်ဖို့အတွက် ကွင်းဆင်းလေ့လာခြင်း ဖြစ်တယ် လို့လည်း သူကဆိုပါတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ပူတာအိုဒေသမှာ တောင်တက်နဲ့ နှင်းလျှောစီး ခရီးသွားလုပ်ငန်း လုပ်ဖို့ ဦးတေဇမှာ အစီအစဉ် ကြီးကြီး မားမား ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဦးတေဇရဲ့ သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီး မြှုပ်နှံမှုတွေလည်း ရှိနေတယ်လို့ သူက ထပ်ပြောပါတယ်။
ဦးတေဇကို ပူတာအိုခရိုင်က ဧက ၁၀၀၀၀၀ ရှိတဲ့ သစ်လုပ်ကွက်တခုလုပ်ဖို့ အစိုးရက ချထားပေးခဲ့ပြီး မခုတ်လှဲရသေးဘဲ ကျန်ရှိ နေသေးတဲ့ ကျွန်းသစ်တောတွေရဲ့ ကြီးမားတဲ့ ပမာဏကို ထုတ်ယူခွင့်ပြုထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကုမ္ပဏီက ရွှေတူးဖော်ရေး လုပ်ကွက်အတွက် အစိုးရထံကို မြေဧက ၆၀၀၀၀၀ ထပ်မံ တောင်းခံထားတယ် လို့လည်း သိရပါတယ်။
Trost က သူ့ရဲ့ မိတ်ဆွေသစ်ကို ဦးတေဇ ရန်ကုန် ခေါ်လာရတဲ့ အကြောင်းရင်းဟာ အထက်ပါ စီးပွားရေး စီမံကိန်းတွေကြောင့် ဖြစ်ဖွယ်ရှိတယ် လို့လည်း ပြောပါတယ်။
“ဦးဒါဝိ (ဦးဒါဝိတ် နှင့် တွေ့ဆုံခဲ့ဖူးသောTrost က ဒါဝိဟု အသံထွက်တယ်) နဲ့ အတူ သူ (ဦးတေဇ) ကိုယ်တိုင် အတွက်ပါ စာနယ်ဇင်းတွေ ကနေတဆင့် ပြည်သူနဲ့ ဆက်ဆံရေး ကောင်းဖို့ လုပ်နိုင်တယ်လေ။ ဟုတ်ပါတယ်၊ ဦးဒါဝိဟာ တယောက်တည်း ကျန်တော့တဲ့ ထရုန်သွေး စစ်စစ် ယောက်ျား တယောက်ပါ။ ကျန်တဲ့ အမျိုးသမီး နှစ်ယောက်က ၂၀၀၂ ခုနှစ်က ကျနော် တွေ့ခဲ့တုန်းက တောင်မှ တော်တော် အိုမင်းနေကြပြီ” လို့ Trost က ဆိုတယ်။
ရန်ကုန်တက္ကသိုလ် မနုဿဗေဒ ဌာနက ထရုန်မျိုးနွယ်စုတွေကို ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေက သုတေသန ပြုလုပ်ခဲ့ ပြီးနောက် ရခိုင်ပြည်နယ်မှာ ထရုန်လူမျိုး ၅ ဦးလောက်ပဲ ကျန်ရှိတော့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ထရုန်လူမျိုးတွေက အရှေ့တောင်အာရှရဲ့ ပျောက်ကွယ်လု ဖြစ်နေတဲ့ လူပုမျိုးနွယ်စုဝင်တွေ ဖြစ်ပြီး သူတို့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ ရေးသား မှတ်တမ်းတင် ထားတာမျိုးလည်း မရှိပါဘူး။ သူတို့ရဲ့ မူလဇစ်မြစ် ကလည်း မရေမရာ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မွန်ဂိုလီယမ် မျိုးနွယ်ဖြစ်တယ်လို့ အများက လက်ခံထားကြပြီး တခြား လူမျိုးစုတွေနဲ့ အတူ တောင်ဘက်ကို ပြောင်းရွှေ့လာခဲ့ကြကာ ဧရာဝတီမြစ်ဖျားဒေသရဲ့ အထက်ဘက် ကုန်းမြင့်ဒေသတွေမှာ အခြေချ နေထိုင်ခဲ့ကြတယ်လို့ ယူဆကြပါတယ်။
မြန်မာနိုင်ငံကို ပြောင်းရွှေ့ အခြေချလာတဲ့ မူလ ထရုန်လူမျိုးတွေဟာ လောင်ဒမာရိယ ရွာကနေ ရောက်လာကြတာ ဖြစ်ပြီး ပြောင်းရွှေ့လာ ရခြင်းရဲ့ အကြောင်းရင်းတွေကို ရှင်းလင်းစွာ မသိရပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ရွာနီးချင်း တိဘက် လူမျိုးတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အတွက် မူလ နေရပ်ကို စွန့်ခွာခဲ့ကြတာ ဖြစ်တယ်လို့ အရပ် ဒဏ္ဍာရီတွေက ဆိုပါတယ်။
ဦးဒါဝိတ်နဲ့အတူ မြန်မာနိုင်ငံသားတွေထဲက ခါကာဘိုရာဇီတောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့သူဖြစ်ပြီး မကြာသေး ခင်က ဂမ်လန်ရာဇီ တောင်ကိုတက်ရောက်ခဲ့တဲ့ အဖွဲ့မှာ လမ်းပြအဖြစ်ပါဝင်ခဲ့တဲ့ တောင်တက်သမား နမားဂျွန်ဆင်လည်း ထူးဖောင်ဒေးရှင်းရဲ့ ဖိတ်ခေါ်မှုနဲ့ ရန်ကုန်မြို့ကို လိုက်ပါလာခဲ့ပါတယ်။
ဧရာဝတီ သတင်းထောက် ကျော်ဆုမွန် ရေးသည့် Burmese Tycoon Brings Pygmy Man to Rangoon ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။