တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအဝင် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကာကွယ်ရေး ဝန်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ဝက်ဘ်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဘ်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။
“မကြာခင်မှာ ကာကွယ်ရေး ဝက်ဘ်ဆိုက် လွှင့်တင်တော့မယ်။ တပ်မတော်နဲ့ပတ်သက်တဲ့သတင်း၊ စစ်ရေးသတင်းတွေ ပါမယ်။ သိချင်တာတွေရှိရင် အဲဒီကနေ မေးလို့ရမယ်´´ဟု ဦးကျော်သူက ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသက်လွင်ထူးက ကာကွယ်ရေးဝက်ဘ်ဆိုက်တခု ထပ်မံ ပေါ်ထွန်း လာသည့် အတွက် စစ်ရေး သတင်းများ ရယူသိရှိနိုင်သည့် သတင်းရင်းမြစ်တခုထပ်မံ တိုးပွားခြင်းဖြစ်ပြီး ယခင်က တပ်မတော် နှင့်ပတ်သက်သော သတင်းများရယူရန် မြဝတီ သတင်းစာနှင့် မြဝတီ သတင်းဝက်ဘ်ဆိုက်ကိုသာ အဓိက အားကိုး ရကြောင်း ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောက လတ်တလော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သတင်းမီဒီယာများက ဖော်ပြရေးသားကြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်သော်လည်း အစိုးရ စစ်တပ်ဘက်မှ အသံရရှိရန် အမြဲခက်ခဲသောကြောင့် တဖက်သံ အသံများနှင့်သာ သတင်းရေးသားဖော်ပြကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဝက်ဘ်ဆိုက်လွှင့်တင်မှုကို ကြိုဆိုပြီး သတင်း မျှတစွာ ဖော်ပြနိုင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက အွန်လိုင်းတွင် ဝက်ဘ်ဆိုက် ၊ လူမှုကွန်ရက် စာမျက်နှာများ ဖွင့်လှစ်ထားသဖြင့် သတင်းစီးဆင်းမှုမှာ စစ်တပ်သတင်းထုန်ပြန်မှုထက် ပိုမို မြန်ဆန်ကြောင်း ပြောသည်။
“တိုင်းရင်းသားတွေဘက်က သတင်းကမြန်တယ်။ စစ်တပ်ဘက်က ဆက်သွယ်ရတာ မလွယ်ဘူး။ အခုလို ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်တာမျိုး၊ အဲဒီမှာ လှမ်းမေးလို့ရတဲ့ အီးမေးလ်အကောင့်တွေ ထားပေးထားမယ်ဆိုရင် ကျနော်တို့ သတင်းသမားတွေအတွက် ပိုအဆင်ပြေလာမယ်´´ ဟု ဦးသီဟစောက ဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာနသည် မြဝတီ ရုပ်မြင်သံကြား၊ သဇင် FM ၊မြဝတီ သတင်းစာ၊ မြဝတီ သတင်းဝက်ဆိုက်၊ ငွေတာရီ မဂ္ဂဇင်း အပါအဝင် ရုပ်သံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာနှင့် သတင်းမီဒီယာလုပ်ငန်းများကို တည်ထောင် လုပ်ကိုင်လျက်ရှိသည်။