မန္တလေးတက္ကသိုလ်တွင် ဆရာကြီး ဦးရာဇတ်၏ ပုံတူ ကြေးသွန်းရုပ်တု ထားရှိမှုကို ဆိုင်းငံ့ခံရပြီး ပထမဆုံး ကျောင်းအုပ်ကြီး ဆရာ ဦးကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ကြောင်း သိရသည်။
ဆရာဦးကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကို စက်တင်ဘာလ ၂၃ ရက်နေ့က မန္တလေးတက္ကသိုလ် ပင်မ အဆောက်အုံ ရှေ့တွင် မန္တလေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ ဦးဆောင်ကာ ဆရာ ဦးကိုလေး၏ မွေးနေ့ ရာပြည့်ပွဲ အထိမ်းအမှတ် ပုံတူကြေးသွန်း ရုပ်တု စိုက်ထူပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
မန္တလေး တက္ကသိုလ်စတင် တည်ထောင်ခဲ့သူ ဆရာကြီး ဦးရာဇတ်နှင့် ဆရာဦးကိုလေး တို့၏ ပုံတူ ကြေးရုပ်တုများကို ယင်းတက္ကသိုလ်တွင် ထားရှိရန်အတွက် ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က စာတင်ခဲ့သော်လည်း ဦးရာဇတ်ပုံတူ ရုပ်တု ထားရှိမှုကို အချိန် ဆိုင်းငံ့ထားရန် ညွှန်ကြားခံရပြီး ဦးကိုလေး ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်က ဧရာဝတီသို့ ပြောသည်။
“ဆရာကြီး ဦးရာဇတ်ရုပ်တု ထားရှိဖို့အတွက်က ပထမဦးစားပေးပါ။ ဒုတိယက ဆရာ ဦးကိုလေးပါ။ ဒါပေမယ့် ပညာရေးဝန်ကြီးက ဆရာ ဦးရာဇတ် ရုပ်တုကို ထားရှိဖို့အတွက် အချိန်စောင့်ခိုင်း ပါတယ်။ ဘာအတွက် စောင့်ခိုင်းလဲ ဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး။ ဒါကြောင့် ဆရာဦးကိုလေးရဲ့ ရုပ်တုကိုပဲ သူ့နှစ်တရာပြည့်တဲ့နေ့မှာ ရာပြည့်ပွဲလေး ကျင်းပပြီး ကြေးရုပ်တုကို တက္ကသိုလ်ရှေ့မှာ ထားရှိခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
မန္တလေး အခြေစိုက် အစ္စလမ်ဘာသာဝင် များကလည်း ဆရာဦးရာဇတ်၏ ရုပ်ထု ထားရှိမှု ဆိုင်းငံ့ခံရခြင်းသည် တန်ဖိုးမြင့်သည့် သမိုင်းဆိုင်ရာ အထောက်ထားများ ငြင်းပယ်ခံရသည့် အနေထား ဖြစ်နေသည့်အတွက် သမိုင်းတွင် ဆုံးရှုံးနစ်နာမှုများ ရှိနေရုံသာမက ရုပ်တုစိုက်ထူမှုတွင် ခွဲခြားဆက်ဆံမှု ခံနေရသည့်အတွက် စိတ်မကောင်း များစွာ ဖြစ်ရကြောင်း ပြောဆိုကြသည်။
“ဆရာ ဦးရာဇတ်နဲ့ ဆရာဦးကိုလေးတို့က တကယ့် ပညာရှင်ကြီးတွေပါ။ မျိုးချစ် ပုဂ္ဂိုလ်တွေဆိုလည်း မမှားပါဘူး။ ဆရာကြီး ဦးရာဇတ်ရဲ့ ပထမဆုံးကျင်းပခဲ့တဲ့ ရာပြည့် မွေးနေ့ပွဲတုန်းက ရုပ်တုထားရှိဖို့အတွက် ကျင်းပရေး ဆပ်ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တာ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန် တုန်းကတော့ ဘာအခက်ခဲမှ မရှိခဲ့ပါဘူး။ ခုလို ရုပ်တုစိုက်ထူပွဲမှာ ဆရာကြီး ဦးရာဇတ် ရုပ်တု မပါဝင်သေးဘူး ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ဆရာကြီး ဦးရာဇတ်၏ ပထမဆုံးအကြိမ် ရာပြည့် မွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးထွန်းလွင်ဦးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) ရုံးသို့ ယင်းအခြေနေကို ဖုန်းဆက် မေးမြန်းသည့်အခါ တာဝန်ရှိသူများက အထက်ပါကိစ္စကို မသိရှိကြောင်း၊ ယင်းကိစ္စသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုလေးတို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်ခေတ် လက်အောက် ရောက်ရှိသည့် အချိန်က အမြော်အမြင် ကြီးစွာဖြင့် မန္တလေးတက္ကသိုလ်ကို စတင် တည်ထောင်ခဲ့ကြသည့် မျိုးချစ်ပုဂ္ဂိုလ် နှစ်ဦး ဖြစ်သည်။ မန္တလေး တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် မြန်မာများ တည်ထောင်ခဲ့သည့် ပထမဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။
အင်္ဂလိပ်အစိုးရသည် ၁၈၂၄ ခုနှစ်မှ ၁၉၂၀ ခုနှစ်ထိ နှစ် ၁၀၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်စဉ် ကာလက မြန်မာပြည်တွင် တက္ကသိုလ် မရှိသေးပေ။ ၁၉၂၀ ခုနှစ် ရောက်ရှိမှသာ ရန်ကုန်တွင် တက္ကသိုလ် စဖွင့်ပေးခဲ့သည်။ သို့သော်လည်း ယင်းတက္ကသိုလ်သို့ မရှိဆင်းရဲသူများ မတက်နိုင်ခဲ့ပေ။ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်နေ ကျောင်းသားများ ကိုသာ ရန်ကုန်တက္ကသိုလ်မှ လက်ခံခဲ့သည့် အတွက် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အထက်တန်းလွှာမှ ကျောင်းသားများသာ တက်ရောက် နိုင်ခဲ့သည်။
ဆရာကြီး ဦးရာဇတ်သည် ယင်းအချိန်က အမျိုးသားပညာရေး ကောင်စီမှ ကျင်းပသော B.A (အမျိုးသားကောလိပ်) ဘွဲ့ကို ရယူခဲ့ကာ ၁၉၂၃ ခုနှစ် မန္တလေး ဗဟိုအမျိုးသား အထက်တန်း ကျောင်းတွင် ဆရာအဖြစ် လည်းကောင်း၊ ကျောင်းအုပ်ကြီး အဖြစ် လည်ကောင်း ဒုတိယ ကမ္ဘာစစ်အထိ နှစ်ပေါင်း ၂၀ တာဝန် ထမ်းဆောင်ခဲ့သည်။
ထိုအချိန်က မြန်မာပြည်တွင် ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ စစ်တွေ၊ မြစ်ကြီးနား မြို့များတွင်သာ အစိုးရ အထက်တန်းကျောင်း ရှိပြီး မန္တလေးတွင် မရှိသေးပေ။
ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့ပြီးချိန်တွင် ဆရာကြီး ဦးရာဇတ်က ပညာရေး ဝန်ကြီး ဖြစ်လာခဲ့သည်။ ဦးရာဇတ် ပညာရေး ဝန်ကြီး ဖြစ်လာချိန်မှသာ မန္တလေးတွင် ကောလိပ် ဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး ဦးကိုလေးကို မန္တလေး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်အဖြစ် ဆရာကြီး ဦးရာဇတ်က
တာဝန် ထမ်းဆောင် စေခဲ့သည်။
“ဆရာကြီး ဦးရာဇတ်ရဲ့ ကြေးသွန်းရုပ်တုက ထုပြီးသားပါ။ လောလောဆယ် ထားခွင့် မရသေးတဲ့အတွက် ကျနော်တို့ သိမ်းထား ပါတယ်” ဟု မန္တလေး တက္ကသိုလ် ကျောင်းသားဟောင်းဖြစ်သူ နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဦးပိုမြင့်က ပြောသည်။
ဆရာဦးကိုလေး၏ ပုံတူကြေးရုပ်ထုမှာ ကြေးပိဿာချိန် ၁၁၀ ရှိပြီး အမြင့် ၄ ပေ၊ အလျား ၂ ပေ ရှိကာ စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၄ သိန်း ဖြစ်သည်။ နောင်လာနောင်သားများက ဆရာကြီးများ၏ စိတ်ဓာတ်နှင့် ရည်ရွယ်ချက် ကြီးမားပုံတွေကို ကြိုးစား အားထုတ်မှုတွေကို အားကျ အတုယူစေရန် အတွက် ပညာရေး ဖခင်ကြီး နှစ်ဦး၏ ပုံတူ ကြေသွန်းရုပ်တု မန္တလေး တက္ကသိုလ်တွင် သမိုင်းဝင် စိုက်ထူရန် ကြိုးပမ်းကြခြင်း ဖြစ်ကြောင်း သိရသည်။