ပင်လယ်ဒီရေတောများ ပျက်စီးဆုံးရှုံးကုန်သဖြင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ နာဂစ် မုန်တိုင်း ဒုက္ခသည်ပေါင်း ၄ သောင်းကျော်အတွက် သဘာဝဘေးနှင့် ထပ်မံကြုံတွေ့ပါက အသက်အန္တရာယ် စိုးရိမ်စရာ ဖြစ်နေကြောင်း ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) က ပြောသည်။
ပင်လယ်ဒီရေတောများ ပေါက်ရောက်ရာ ဒေးဒရဲမြို့နယ် ကျုံဒါတ်အုပ်စု တော်ကနိ-ညောင်လိန်ကုန်း ကျေးရွာအနီးရှိ စားကျက်မြေ ဧက ၁၀၀၀ ကျော်အား အာဏာပိုင်များက ရောင်းစားခဲ့၍ လယ်ယာမြေများ ဖြစ်ကုန်ပြီး ပင်လယ် ဒီရေတား တောများ ပျောက်ဆုံးကုန်ကြောင်း၊ အကယ်၍ မုန်တိုင်းနှင့် ငလျင်ကြောင့် ဆူနာမီရေလှိုင်းများ ထပ်မံ ဖြစ်ပေါ်လာပါက ယင်းဒေသရှိ လူပေါင်းများစွာ ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေရှိနေကြောင်း ဒေးဒရဲ ဒေသသို့ ကွင်းဆင်း လေ့လာခဲ့ သည့် HRWDN အဖွဲ့မှ ဦးထွန်းရွှေက ဧရာဝတီကို ပြောသည်။
“ပင်လယ်ကမ်းခြေ ဒေသတွေအတွက် ဒီရေကာတောက အရမ်းအရေးကြီး ပါတယ်။ ဒီရေကာတော ဖြစ်တဲ့ စားကျက်မြေ တွေကို အကုန် ခုတ်ထွင်ရှင်းလင်းပြီးတော့ လယ်တွေလုပ်ထားတဲ့အတွက် သဘာဝဘေးဒဏ် ကာကွယ်ဖို့ လုံခြုံမှု လုံး၀ မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် နာဂစ်တုန်းက ဒီဒေသကလူတွေ မသေသင့်ဘဲ သေကျေပျက်စီးဆုံးရှုံးခဲ့တယ်။ အခု ထက်ထိလည်း ဒီရေကာ တောမရှိတဲ့အတွက် သဘာ၀ ဘေးအန္တရာယ်တခုခု ကျရောက်ခဲ့ရင် အဲဒီဒေသက လူတွေအတွက် မတွေးဝံ့စရာ အခြေအနေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
ကပ္ပလီပင်လယ် ကမ်းနံဘေးတွင် တည်ရှိသည့် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုတွင် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ် ခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီး နေအိမ် အဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။
ယင်းဒေသတွင် အင်္ဂလိပ်အစိုးရ လက်ထက်က စားကျက်မြေ ၂၀၈၄ ဧက သတ်မှတ်၍ ဒီရေတားတောများ ပေါက်ရောက် စေခဲ့ရာ တောများက သဘာဝဘေးဒဏ်မှ ကာကွယ်ပေးခဲ့သော်လည်း နာဂစ်မုန်တိုင်း ကျချိန်တွင် ဒီရေတောများ မရှိတော့ သည့်အတွက် သေကျေပျက်စီးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း တော်ကနိ -ညောင်လိန်ကုန်း ကျေးရွာမှ ဦးအောင်ကြည်ညွန့်က ပြောပြသည်။
“ကျနော့် ဘိုးဘွားတွေပြောတာက စားကျက်မြေသက်တမ်းက နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ ဝိတိုရိယ ဘုရင်မကြီး နာမည်နဲ့ ကျောက်တိုင်စိုက်ပြီး လှူထားတာ။ နောက်ပိုင်းမှာ ကျေးရွာဥက္ကဋ္ဌက စားကျက်မြေတွေ ရောင်းစားတယ်။ အဲဒီမှာ လူတွေက
တောတွေခုတ်၊ မီးရှို့ပြီး လယ်တွေဝင်စိုက်တော့ စားကျက်မြေထဲက အပင်တွေ၊ တောတွေ မရှိတော့ဘူး။ နာဂစ်လည်း တိုက်ရော ရေတွေက ပင်လယ်ကနေ အတားအဆီးမရှိဘဲ လှိုင်းလုံးတွေနဲ့ တဟုန်ထိုး တက်လာတာ။ ကျနော်တို့ရွာတင် လူပေါင်း ၅၃ ဦးသေတယ်။ အိမ်ခြေ ၁၆၀ မှာ အိမ် ၁၄၃ လုံးက အလုံးလိုက်ကို ကျွတ်ထွက်သွားတာ။ အုတ်ဖိနပ်တောင် မကျန်ဘူး” ဟု သူက ဆက်ပြောသည်။
ဒေးဒရဲမြို့နယ် ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန်စသည့် ကျေးရွာအုပ်စုများမှာ ဒေးဒရဲမြို့ တောင်ဘက်တွင် တည်ရှိပြီး ကျေးရွာပေါင်း၄၀ ကျော်ပါဝင်ကာ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြသည့် ပင်လယ်ကမ်းစပ် ဒေသဖြစ်သည်။
စားကျက်မြေများအား ၁၉၉၆ ခုနှစ်တွင် ကျေးရွာအေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဦးမြစိုးက ၁ ဧကလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ဧကပေါင်း ရာနှင့်ချီ၍ ရောင်းစားခဲ့ရာ ဒေသခံများနှင့် စီးပွားရေးသမားတချို့က ဝယ်ယူပြီး တောများခုတ်ထွင် ရှင်းလင်းကာ လယ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စားကျက်မြေအတွင်း သစ်ပင်များ၊ တောများ မရှိတော့သည့်အတွက် ပင်လယ်ရေတိုက်စားမှုများ ဖြစ်ပေါ်လာပြီး ၁၆ နှစ်တာ ကာလအတွင်း စားကျက်မြေဧက ၉၀၀ ခန့် ပင်လယ်ရေတိုက်စားသွားကြောင်း၊ ပင်လယ်ကမ်းနံဘေးရှိ
ကျေးရွာများလည်း ရေတိုက်စားမှုဒဏ် ခံနေရကြောင်း ညောင်လိန်ကုန်း ကျေးရွာ သာသနာ ရာမကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လက မိန့်ကြားသည်။
“သံဒိတ်မြစ်အခြမ်းက နဂါးကျောင်းတိုက်နဲ့ ရွာဦးကျောင်းတိုက်ဆိုတာ ပင်လယ်ထဲကျသွားပြီ။ တော်ပေါင် စိန်ဘုရားဆိုတာ လည်း ပင်လယ်ထဲကျသွားခဲ့ပြီ။ အဓိကက အပင်တွေမရှိတော့ မြေကို မကုပ်နိုင်ဘူးလေ။ လှိုင်းပုတ်တော့ ကမ်းပါးတွေက ပြတ်ကျကုန်တာပေါ့။ အခုဆို စားကျက် ဧက ၉၀၀ လောက် ပင်လယ်ထဲ ကျသွားခဲ့ပြီးပြီ။ ဒီပုံအတိုင်း ဆက်ဖြစ်နေရင်
စားကျက်မြေတွေ အားလုံး ပင်လယ်ထဲ ရောက်သွားနိုင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
စားကျက်မြေအတွင်း လယ်ယာမြေများ ကျူးကျော်စိုက်ပျိုးသည့်အတွက် ၁၉၉၇ ခုနှစ်က တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံ ဒေသခံများက တိုင်ကြားခဲ့ရာ တိုင်းကောင်စီက အမိန့်စာအမှတ် ၁၃/ ၉၇ ထုတ်ပြန်၍ စားကျက်အတွင်း ကျူးကျော် စိုက်ပျိုးခြင်းမပြုရန် တားမြစ်ပေးခဲ့သည်။
ထိုသို့ တားမြစ်သော်လည်း လယ်သမားများက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် စိုက်ပျိုးခဲ့ကြကြောင်းနှင့် လယ်စိုက်သည့် အတွက် ဒေသခံတို့၏ ကျွဲနွားများ စားစရာမရှိ၍ အခက်တွေ့ခဲ့ရကြောင်း ဒေသခံ ကိုကျော်နိုင်က ပြောသည်။
“ကျနော်တို့ ဒေသမှာ လယ်စိုက်ဖို့ဆိုရင် ကျွဲနွားပဲ အဓိကအသုံးပြုရတယ်။ လယ်တွေက နုံးကျွံလို့လေ။ စက်တွေနဲ့ဆို ဆားငွေ့ ရိုက်တော့ ၂ နှစ်ဆို ပျက်တာပဲ။ နေရာတိုင်းတောင် စက်နဲ့ထွန်လို့မရဘူး။ နုံးရုန်းနိုင်တာက ကျွဲနွားက ရုန်းနိုင်တာ။ အခုကျတော့ စားကျက်မြေမရှိလို့ ကျွဲနွား စားစရာမရှိတော့ လယ်စိုက်ဖို့မှာ အတော်ကို အခက်တွေ့နေတယ်။ ကျွဲနွားက ငတ်လာတော့ ငါးခြောက်တွေလည်း စား၊ ကမ်းစပ်နားက ပိုက်စုတ်တွေစားမိပြီး သေတာမနည်းဘူး” ဟု သူက ပြောသည်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်တွင် စားကျက်မြေအတွင်း ကျူးကျော် စိုက်ပျိုး နေသူများအား အရေးယူပေးပါရန်နှင့် ဒေသ လုံခြုံဖွံ့ဖြိုးရေးအတွက် စားကျက်မြေအဖြစ် ပြန်လည်ချထားပေးရန် နိုင်ငံတော် သမ္မတရုံးနှင့် ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ စာရေးတိုင်ကြား ခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
“ဒီစားကျက်မြေက မြေစာရင်းဌာနကဆွဲထားတဲ့မြေပုံမှာလည်း စားကျက်မြေအဖြစ် တည်ရှိတယ်။ ကျေးရွာ ဘေးအန္တရာယ် ကာကွယ်ရေးမြေပုံမှာလည်း စားကျက်မြေအဖြစ်ပဲ ဖော်ပြထားတယ်။ အဲဒီတော့ ဥပဒေအရ စားကျက်မြေအဖြစ် ပြန်ပေးရ မယ်။ ပင်လယ်ဒီရေကာတောမရှိဘဲ ပင်လယ်ဘေးနေနေရတဲ့ သူတို့ဘဝက အချိန်မရွေး အန္တရာယ်ကျ သွားနိုင်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အရမ်းအရေးကြီးတဲ့ စားကျက်မြေကို ပြန်ပေးဖို့ တောင်း ဆိုနေတာဖြစ်တယ်။ အဲတော့ တာဝန်ရှိသူတွေအနေနဲ့ စားကျက်မြေအဖြစ် အမြန်ဆုံးပြန်လည် ချထားပေးဖို့ တောင်းဆိုပါ တယ်” ဟု HRWDN အဖွဲ့မှ ကိုထွန်းထွန်းဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် ဘဝပျက်ခဲ့ရသည့်ဒေသခံများက ၎င်းတို့ဘဝတွင် နာဂစ်ကဲ့သို့ သဘာ၀ ဘေးအန္တရာယ်မျိုး ဒုတိယ အကြိမ် ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်။
“မိုးဦးကျလာတာနဲ့ ရွာတိုင်းက ထိတ်လန့်နေကြတယ်။ လေနည်းနည်းတိုက်လာတာနဲ့ ဟိုပြေးရမလို ဒီပြေးရမလို ဖြစ် နေ ကြပြီ။ ဒီရေကာတောမရှိတော့ ဘေးဆိုးတခုခုရုတ်တရက်ကျလာရင် ကျနော်တို့အရပ်က မြေပြန့်ဆိုတော့ တက်ပြေး စရာ ကုန်းမြင့်လည်း မရှိဘူး။ ချောင်းမြောင်းထဲက ထွက်ပြေးဖို့လည်း မလွယ်ဘူး။ ငုတ်တုတ်အသေခံဖို့ပဲရှိတယ်။ ဒါကြောင့် စားကျက်မြေကိုပြန်ချပေးပါလို့ သမ္မတကြီးကို တောင်းဆိုလိုပါတယ်” ဟု တော်ကနိ-ညောင်လိန်ကုန်းရွာမှ ရာအိမ်မှူး ဦးခင်ဝင်းက ပြောသည်။
စားကျက်မြေပြန်ရပါက ဒေသလုံခြုံရေးအတွက် ဒီရေကာတောများပြန်လည်ဖြစ်ထွန်းအောင် ထိမ်းသိမ်း စောင့်ရှောက် သွားမည် ဟု ရွာခံများက ဆိုသည်။
၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁သိန်း ၃သောင်း ကျော် နှင့် ကျွဲနွား တိရစ္ဆာန် ၁သိန်းခွဲခန့် သေဆုံးခဲ့ပြီး အိမ်ခြေ ၇သိန်းခွဲ နီးပါးပျက်စီးဆုံးရှုံးခဲ့ရသည်။