မြန်မာနိုင်ငံသည် သဘာဝသယံဇာတတူးဖော်ရေး နှင့် ဆက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိရေး ဆောင်ရွက် နေသည့် EITIအဖွဲ့ (Extractive Industries Transparency Initiative) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် စတင် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
နော်ဝေနိုင်ငံတွင် အခြေစိုက်သော EITIအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး အတွက် အစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စုပေါင်းထားသည့် ညွှန့်ပေါင်း အဖွဲ့ ဖွဲ့စည်းရန် လိုအပ်ပြီး ယင်းညွှန့်ပေါင်းအဖွဲ့ ပေါ်ပေါက်ရေး ကြိုးပမ်း လျက်ရှိပြီး အထူးသဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာရေး စည်းရုံး ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ EITI အဖွဲ့ဝင်အဖြစ် လျှောက်ထားရာတွင် သဘာဝတွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ အတွက် ကောက်ခံပေးသွင်းရသည့် အခွန်နှုန်းထားများကို တိကျစွာ ထည့်သွင်းဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်သော ပျိုးပင်အဖွဲ့မှ အကြီးတန်းအကြံပေး ကိုဆလိုင်းကျုံးလျန်ထောင်း က ဧရာဝတီသို့ပြောသည်။
“အစိုးရဘက်ကတော့ ဒီနှစ်ကုန်လောက်မှာ အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်ခွင့် ရနိုင်ဖို့ လျှောက်လွှာတင်ချင်နေတယ်၊ ကျနော်တို့ ကလည်း အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာ၊ ပုဂ္ဂလိက ဘက်က ပါလာဖို့ကတော့ တော်တော်လေး လုပ်ဖို့ လိုလိမ့်မယ် ထင်တယ်၊ သူတို့နဲ့ကျတော့ လုပ်ဖို့ လွယ်လိမ့်မယ်လို့ပြောလို့မရဘူး၊ အပြုသဘော ဆောင်မယ် ဆိုရင်တော့ အဆင်ပြေမှာပါ”ဟု ကိုဆလိုင်းကျုံးလျန်ထောင်းက ပြောသည်။
မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါက သဘာဝတွင်းထွက် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး အစိုးရက EITI အဖွဲ့ဝင် နိုင်ငံ ဖြစ်ရေး အတွက် မြန်မာနိုင်ငံ သဘာ၀ သယံဇာ တူးဖော်မှု ပွင့်လင်းရေး အဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့တွင် သမ္မတရုံး ဝန်ကြီးဦးစိုးသိန်းက ဥက္ကဋ္ဌ၊ စက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများမှ ဝန်ကြီး အများစု အဖွဲ့ဝင်အဖြစ် ပါဝင် ကြောင်း သိရှိရသည်။
EITI အဖွဲ့ဝင်အဖြစ် လျှောက်ထားရာတွင် အစိုးရ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖွဲ့စည်း ထားသော ညွှန့်ပေါင်းအဖွဲ့အတွင်း တွေ့ဆုံ ဆွေးနွေးမှုမှ ရရှိလာသည့် လုပ်ငန်း ဆောင်ရွက်ချက်များကို အသေးစိတ် ရေးသားဖော်ပြပြီး နော်ဝေရှိ EITI အတွင်းရေးမှူးရုံး ုသို့ အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်ခွင့်ရရေး ဦးစွာလျှောက်လွှာတင် ရကြောင်း သိရှိရသည်။
“EITI အဖွဲ့ဝင်ဖြစ်ဖို့ ကျနော်တို့ အဆင့် ၂ဆင့် သွားရမှာ။ အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ခွင့်ရပြီဆိုတာနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ၁၈ လ အတွင်း အစီရင်ခံစာ ရေးပြီးတင်ရမယ်၊ ဒါကို EITI ရုံးချုပ်က လွတ်လပ်တဲ့ အဖွဲ့အစည်းတခုက အချက်အလက်တွေ မှန်ကန် ကြောင်း ရှိ၊ မရှိစစ်ဆေးပြီးမှ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်ရမှာ”ဟု ကိုဆလိုင်းကျုံးလျန်ထောင်းက ရှင်းပြသည်။
လတ်တလော ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘဲ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး မှာလည်း မလွယ်ကူသေးကြောင်း၊ ပုဂ္ဂလိကပိုင်းတွင်သာမက အစိုးရပိုင်းတွင်ပါ သဘာဝတွင်းထွက် သယံဇာတ တူးဖော် ရေး နှင့် ဆက်စပ် သည့်လုပ်ငန်းများ၊ စီမံကိန်းများတွင် ပွင့်လင်း မြင်သာမှု နည်းပါးနေဆဲဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ အစိမ်းရောင်ကွန်ရက်မှ ဦးစောမိုးမြင့်က “မြန်မာနိုင်ငံမှာက သဘာဝတွင်းထွက်သယံဇာတနဲ့ သက်ဆိုင်တဲ့
အခွန် ကိစ္စ အပါအဝင် ကိစ္စတော်တော်များများမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး ၊ ဒီမှာက EITI ဆိုတာ အသစ် တခု ဖြစ်နေ တယ်၊ ဒီကဏ္ဍနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ပြဿနာတွေရှိနေပေမယ့် ဘယ်လိုဆောင်ရွက်ကြရမလဲ ဆိုတဲ့ လုပ်ငန်းပိုင်း ကိုမရင်းနှီးသေးဘူး။ အစိုးရအဖွဲ့အနေနဲ့တောင်မှ ဘာကိုဆိုလိုမှန်း မရှင်းမလင်းဖြစ်နေကြသေးတယ်”ဟု ရှင်းပြသည်။
EITI အဖွဲ့၏ စည်းကမ်းချက်များ အရ သဘာဝတွင်းထွက်သယံဇာတဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့် ကုမ္ပဏီ တို့၏ သဘောတူချက် မျှဖြင့် ဆောင်ရွက်ခွင့်မရှိဘဲ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုက သဘော တူမှသာ လျှင် လုပ်ငန်းဆောင်ရွက်ခွင့်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရလက်ထက် ပွင့်လင်းမြင်သာမှုမရှိခဲ့သောကြောင့် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း၊ ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်း၊ မြွေတောင်ဖားတောင်စီမံကိန်း စသည့် သဘာဝတွင်းထွက် သယံဇာတ ဆိုင်ရာ စီမံကိန်း များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုများ ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်သော ညီလာခံတရပ်ကို လာမည့် အောက်တိုဘာ ၁ရက်မှ ၃ရက် အထိ ရန်ကုန်မြို့ Strand Hotel တွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နယ်စပ်အခြေစိုက် အဖွဲ့အစည်းများ၊တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။
နော်ဝေ အခြေစိုက် EITI အဖွဲ့အစည်းတွင် အင်ဒိုနီးရှား၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ အီရတ်၊ ဖိလစ်ပိုင်၊ တီမောနှင့် နော်ဝေ စသည့် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၃နိုင်ငံရှိကြောင်း သိရှိရသည်။