သတင်း

မြန်မာတိုင်းမ် ဖျက်သိမ်းရန် လျှောက်ထားမှု စတင်ကြားနာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းတွင် ထုတ်ဝေလျက်ရှိသော မြန်မာတိုင်းမ် ဂျာနယ်ကို ပိုင်ဆိုင်သည့် Myanmar Consolidated Media (MCM) Co., Ltd. ကုမ္ပဏီကို ဖျက်သိမ်းရန် လျှောက်ထားမှုကို ယနေ့ အနောက်ပိုင်း ခရိုင်တရားရုံးတွင် စတင်ကြားနာကြောင်း သတင်းရရှိသည်။

MCM ကုမ္ပဏီ အစုရှယ်ယာရှင်များဖြစ်သည့် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က ကုမ္ပဏီဖျက်သိမ်းပေးရန် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် လျှောက်ထားခဲ့ပြီး ယနေ့တွင် တရားရုံးက ပထမဆုံး ရုံးချိန်းအဖြစ် အမှု စတင်စစ်ဆေး ကြားနာကြောင်း၊ ဒေါက်တာတင်ထွန်းဦး နှင့်ဒေါက်တာခင်မိုးမိုး တို့ဘက်မှ ရှေ့နေဦးကျော်မြင့်၊ ဦးလှရွှေတို့တက်ရောက်ပြီး မြန်မာတိုင်းမ် အယ်ဒီတာချုပ် မစ္စတာ ရော့စ်ဒန် ကလေ နှင့်ရှေ့နေ ဦးအောင်ဆန်းဦးတို့ တက်ရောက်ခဲ့ကြောင်း၊ အမှုကို အောက်တိုဘာ လ ၁၀ ရက်နေ့ ထပ်မံ စစ်ဆေးကြားနာမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ စစ်ဆေးမှုတွင် မစ္စတာရော့စ်ဒန်ကလေ၏ရှေ့နေဦးအောင်ဆန်းဦးက မြန်မာတိုင်းမ် ကုမ္ပဏီဖျက်သိမ်းရန် လျှောက် ထားမှု သည် ဥပဒေနှင့်မညီသဖြင့် ကန့်ကွက်သည်ဟု တရားရုံးတွင် ထွက်ဆိုကြောင်း သိရှိရသည်။

“ဒေါက်တာတင်ထွန်းဦးတို့ဘက်က လျှောက်ထားချက်ဟာ ကုမ္ပဏီများအက်ဥပဒေနဲ့ ညီညွှတ်မှု မရှိတဲ့အတွက် စရိတ်နဲ့ တကွ ပလပ်ပေးဖို့ ကန့်ကွက်ရတာပါ။ ကန့်ကွက်ချက်ကို တဖက်က လက်မခံတဲ့အတွက် တရားရုံးက ရုံးချိန်း ထပ်ချိန်း လိုက်တယ်´´ဟု ရှေ့နေ ဦးအောင်ဆန်းဦးက ပြောဆိုသည်။

MCM ကုမ္ပဏီတွင် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ၄၉ ရာခိုင်နှုန်းကို နိုင်ငံခြားသား မစ္စတာ ရော့စ်ဒန်ကလေ က ပိုင်ဆိုင်ကြောင်း၊ ရှယ်ယာကိစ္စ ညှိနှိုင်း ဆောင်ရွက်၍ မရတော့ သဖြင့် တရားရုံး ၏ အဆုံးအဖြတ်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ဧရာဝတီသို့ ပြောဆို ခဲ့သည်။

MCM ကုမ္ပဏီတွင် ဝန်ထမ်း ၃၀၀ ခန့် အထိရှိပြီး ကုမ္ပဏီဖျက်သိမ်းခံရပါက ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်ကာ ဝန်ထမ်း မိသားစု တထောင်ခန့်၏ စားဝတ်နေရေးပါ ထိခိုက်နိုင်သောကြောင့် အစုရှယ်ယာရှင် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့၏ ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားချက်ကို မြန်မာတိုင်းမ်ဂျာနယ်မှ အကြီးအကဲများက ကန့်ကွက်သော စာတစောင် တရားရုံးထံသို့ ပေးပို့လိုက်ကြောင်း မြန်မာတိုင်းမ်ဂျာနယ် စာတည်းမှူး ဦးဇော်မြင့်က ဧရာဝတီသို့ ပြောသည်။

“ဝန်ထမ်းအားလုံးက ကန့်ကွက်စာ တင်ချင်တာ။ ဒါပေမဲ့ ရှေ့နေက လူကြီးပိုင်း တွေတင်ရင် လုံလောက်ပါတယ် ဆိုလို့ ဌာန လူကြီး ၁၀ ယောက် လောက်က ကျမ်းကျိန်ပြီးတော့ ဒီနေ့တရားရုံး ကိုတင်လိုက်တယ်။ တရားရုံးက မှတ်တမ်း တင်ထား ပါ့မယ်လို့ ပြောတယ်´´ဟု စာတည်းမှူး ဦးဇော်မြင့်က ဆိုသည်။

ဧရာဝတီသတင်းဌာနက ဒေါက်တာတင်ထွန်းဦး၊ ဒေါက်တာခင်မိုးမိုးနှင့် ရှေ့နေများကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

MCM ကုမ္ပဏီကို ၂၀၀၀ ပြည့်နှစ်တွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က တည် ထောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading