Politics

၂၀၁၅ ရွေးကောက်ပွဲတွင် စောင့်ကြည့် လေ့လာခွင့်ပြုရန် ဂျင်မီကာတာ တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ခွင့်ပြုစေချင်သည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာက ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ နေ့လယ် ၁ နာရီခွဲက ကမ်းနားလမ်း ဟိုတယ်၌ ကျင်းပသော ကမ္ဘာ့ ရပ်မိရပ်ဖများ (The Elders) အဖွဲ့ဝင် ၃ ဦးပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော့်ရဲ့ ကာတာ စင်တာ ကိုလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ တွေ့တုန်းက တိုက်တွန်းခဲ့ပါတယ်” ဟု ဂျင်မီကာတာက ပြောသည်။

၁၉၈၂ ခုနှစ်က ဂျင်မီကာတာ တည်ထောင်သော ကာတာ စင်တာသည် ကမ္ဘာနှင့်အဝှမ်း ငြိမ်းချမ်းရေးနှင့် ကျန်းမာရေး တိုးတက်မှုအတွက် အဓိက ဆောင်ရွက်လျှက် ရှိသည်။

ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့ဝင်များ ဖြစ်သည့် အမေရိကန် သမ္မတလောင်း ဂျင်မီကာတာ၊ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အာတီဆာရီနှင့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံး အဖြစ် ၃ ရက်တာ ခရီးစဉ် လာရောက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့၏ အဆင့်မြင့် အရာရှိများနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အမျိုးသမီး အဖွဲ့များအပါအဝင် အရပ်ဖက် လူ့အဖွဲ့အစည်းများကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် တွေ့ဆုံခဲ့ပြီးနောက် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူများ အားလုံးဆီက အသံကို လာရောက် နားထောင်ခြင်း ဖြစ်ပြီး သူတို့ အားလုံးကို ထောက်ခံအားပေးဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီခရီးစဉ်မှာ တွေ့ဆုံသူတွေကို မေးခဲ့တဲ့ မေးခွန်းကတော့ ဘယ်လိုဒီမိုကရေစီ ပုံစံမျိုးကို မျှော်မှန်းပါသလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်” ဟု ဂျင်မီကာတာက ဆိုသည်။

မြန်မာနိုင်ငံသည် ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်း တရပ်ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းကြောင့် ပိုမို အားတက်စရာ ကောင်းကြောင်း၊ သမ္မတကြီး ကတိပေးသကဲ့သို့ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား လုံးဝမရှိတော့ဟု ယုံကြည်ကြောင်း အထက်ပါ အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂျင်မီကာတာက သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကာလ၌ မြန်မာပြည်၏ နိုင်ငံရေး ဖြစ်စဉ်များအတွင်း အမျိုးသမီးများ ပိုမို ပါဝင်ခွင့်ပြုရန် အကြံပြုခဲ့ကြောင်း၊ မြန်မာပြည်တွင် အမျိုးသမီးများအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှု အပြည့်အဝ မရရှိသေးကြောင်း ပြောသည်။

“အမျိုးသမီးတွေ အရပ်ဖက် အဖွဲ့အစည်းတွေထဲမှာ တစထက်တစ ပါဝင် ဦးဆောင်လာတာကို အမှတ်ထင်ထင် သတိပြုမိ ပါတယ်။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေး ဖြစ်စဉ်တွေထဲမှာ ကိုယ်စားပြု ပါဝင်တဲ့ အချိုးက နည်းနေပါသေးတယ်။ အမှန်တကယ် ရှင်သန်တက်ကြွတဲ့ ဒီမိုကရေစီ လူ့ဘောင်ဟာ အမျိုးသမီးတွေရဲ့ ကဏ္ဍ ပေါင်းစုံမှာ တန်းတူညီမျှ ပါဝင်မှု မရှိရင် ဆက်လက် အောင်မြင်မှာ မဟုတ်ပါဘူး” ဟု အမေရိကန် သမ္မတ ဟောင်းက ဆိုသည်။

ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ အနေဖြင့် ပြည်တွင်း၌ တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်၊ အားလုံး ပါဝင်ဆွေးနွေး နိုင်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်လည်း တိုက်တွန်းလိုက်သည်။

ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီအာတီဆာရီက “ကျနော်အမြဲ ပြောလေ့ရှိပါတယ်။ တင်းမာမှုတွေ ရပ်မှ ငြိမ်းချမ်းရေး စတင် တည်ဆောက်နိုင်မှာပါ။ ဒါဟာ အစပါ။ ဒီဖြစ်စဉ်ရဲ့ အဆုံးမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အရသာ ခံစားဖို့ ဆိုတာ ဒီပဋိပက္ခတွေရဲ့ အောက်မှာ တိမ်မြုပ်နေတဲ့ အကြောင်းခြင်းရာတွေကို ဘယ်လို ကိုင်တွယ်သလဲ ဆိုတဲ့အချက်ကို သတိထားရ မှာပါ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ပဋိပက္ခများသည် မြေကြီးနှင့် တခြား သဘာဝ သယံဇာတများနှင့် ပတ်သက်သည့် စိန်ခေါ်မှုသာ ဖြစ်ကြောင်း၊ ပဋိပက္ခများမှာ အမြဲ တူညီမှု မရှိသော်လည်း ပဋိပက္ခများ၏ နောက်ပိုင်း ကာလများတွင် တူညီမှု တခု အမြဲ ရှိကြောင်း ပြောသည်။

“အောင်မြင်မှု ရဖို့ဆိုရင် အားလုံးနဲ့ ဆိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ထော်လော်ကန့်လန့် လုပ်ချင်တဲ့ စိတ်နေ စိတ်ထားတွေကို ခဝါချနိုင်မှု အပေါ်မူတည်တယ်။ အခုအချိန်မှာ မြန်မာလူမျိုးတွေလောက် ငြိမ်းချမ်းရေး လိုလားတဲ့သူတွေ ရှိမယ် မထင်ဘူး” ဟု သူက မှတ်ချက်ပြုသည်။

မြန်မာပြည်တွင် ကွဲပြားသည့် ဘာသာရေး အုပ်စုများ များပြားသည်ဟု မြင်မိကြောင်း၊ မတူညီသည့် ဘာသာဝင် လူမျိုးများ အကြား တင်းမာမှုများအပေါ် အာရုံစူးစိုက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် မေတ္တာဖြင့် သည်းခံခြင်း ရှေ့ထားပြီး လုပ်ဆောင်စေလိုကြောင်း ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ ဒုဥက္ကဋ္ဌ နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းက ပြောသည်။

“အစွန်းရောက်သူများရဲ့ အရိုးစွဲနေတဲ့ မုန်းတီးမှုတွေကို ဖျောက်ဖျက်ဖို့ကတော့ နှစ်တွေ အတော်ကြာဦးမှာပါ” ဟု သူက ဆိုသည်။

ဆက်လက်၍ ၎င်းက ရခိုင်ဒေသက မွတ်စလင် လူနည်းစုအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ရခိုင်ဒေသရှိ မည်သည့် ဘာသာဝင် ဖြစ်စေ အားလုံးအတွက် စားနပ်ရိက္ခာ၊ ပညာရေး၊ လုံခြုံရေးများ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ပြောသည်။

ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် နယ်လဆင် မင်ဒဲလား စုစည်း ပေးလိုက်သော လွတ်လပ်သော ခေါင်းဆောင်များ အဖွဲ့ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး များအတွက် ၎င်းတို့အားလုံး၏ အတွေ့အကြုံများနှင့် သြဇာလွှမ်းမိုးမှုတို့ကို အသုံးပြုပေးသူများ ဖြစ်သည်။ လက်ရှိတွင် ၎င်းအဖွဲ့ဝင် ၁၃ ဦးရှိနေပြီး အမျိုးသမီး ၅ ဦးပါဝင်သည်။

ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့၏ လက်ရှိ အဖွဲ့ဝင်များမှာ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အာတီဆာရီ၊ အိန္ဒိယနိုင်ငံ ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင် အမျိုးသမီးများ အသင်းတည်ထောင်သူ အယ်လာ လတ်၊ အယ်လ်ဂျီးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘက်ခ်ဒါ ဘရာဟီမီ၊ ဘရာဇီးနိုင်ငံ သမ္မတဟောင်း ဖာန်ဒို အွန်နရီကေး ကာရ်ဒိုစို၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ ပါကစ်စတန်နိုင်ငံမှ လူ့အခွင့်အရေး ကာကွယ်သူ နိုင်ငံရေး အကျဉ်းသူဟောင်း ဟီနာ ဂျီလာနီ၊ မိုဇမ်ဘစ် နိုင်ငံ ပညာရေး ဝန်ကြီးဟောင်း ဂရာစာ မာချယ်၊ အိုင်ယာလန်နိုင်ငံ သမ္မတဟောင်း မာရီရော်ဘင်ဆန်၊ မက္ကဆီကို နိုင်ငံ သမ္မတ ဟောင်း အာနက်စတို ဇေဒီးလိုတို့ ဖြစ်ကြပြီး ဥက္ကအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်နှင့် ဒုဥက္ကဋ္ဌ အဖြစ် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဂရို ဟာလမ် ဘရန့်တ်လန်းတို့က ထမ်းဆောင်သည်။

အထက်ပါ အဖွဲ့ကို စုစည်း တည်ထောင်သူ နယ်လ်ဆင် မန်ဒဲလားနှင့် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးတို့သည် ဂုဏ်ထူးဆောင် ကမ္ဘာ့ ရပ်မိရပ်ဖများ ဖြစ်ကြသည်။

၂၀၀၇ ခုနှစ်မှ စတင်၍ ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့သည် အိုင်ဗရီကို့စ်နိုင်ငံ၊ ဆိုက်ပရပ်စ် နိုင်ငံ၊ အစ္စရေးနှင့် ပါလက်စတိုင်း၊ ကိုးရီးယားကျွန်းဆွယ်၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံများ၊ ဇင်ဘာဘွေနိုင်ငံ စသည်တို့တွင် ငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများကြောင့် သက်ရောက်မှုများ ရှိလာသည့် နိုင်ငံများတွင် အားလုံးပါဝင်မှု ရှိပြီး ငြိမ်းချမ်းသည့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ ဖြစ်စေရန် တိုက်တွန်းအားပေးမှုများ ကြိုးစားဆောင်ရွက်ခဲ့သည်။

၎င်းအဖွဲ့သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ မိန်းကလေးငယ်များ၊ အမျိုးသမီးများ အတွက် တန်းတူ ညီမျှရေးများကို အမြဲတစေ မြှင့်တင်ပေးလျှက် ရှိသည့် အပြင် နိုင်ငံ ၅၀ မှာ နိုင်ငံတကာ အဖွဲ့အစည်းနှင့် အခြေခံလူတန်းစား ကိုယ်စားပြု အဖွဲ့အစည်း ပေါင်း ၂၇၀ ကျော်ဖြင့် စုစည်းကာ ကလေး အိမ်ထောင်ပြုခြင်း ရပ်တန့်စေရေးကို ဆောင်ရွက်နေသည့် “သတို့သမီး မဟုတ်သော မိန်းကလေးငယ်များ” ဆိုသည့် လွတ်လပ်သော ကမ္ဘာ့အဆင့် မိတ်ဖက်အဖွဲ့အစည်း တရပ်ကို ဖန်တီး တည်ထောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading