Health

လူရွှင်တော် ဇာဂနာ ကျန်းမာရေး စိုးရိမ်ရ

This article has been converted from Zawgyi One to Unicode

လူရွှင်တော် ဇာဂနာ (ဦးသူရ) ဟာ မနေ့ညက အဆုတ်ရောင်ရမ်းပြီး အမော ဖောက်လာတာကြောင့် နေအိမ်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဦးဇာဂနာ အနားမှာ အနီးကပ် ပြုစုပေးနေတဲ့ ကိုဇော်သက်ထွေးက ဧရာဝတီကို ပြောပါတယ်။

Sky Net ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ လူရွှင်တော်ပြိုင်ပွဲ အတွက် အလုပ်ကိစ္စတွေနဲ့ ပင်ပန်းပြီး မနေ့ညက အိမ်အပြန်မှာ အမောဖောက် နေခဲ့တာကြောင့် အရေးပေါ် ဆရာဝန် ခေါ်ယူကုသနေရတယ်လို့ သိရပါတယ်။

ဦးဇာဂနာက သူရဲ့ သားဖြစ်သူ မောင်ဉာဏ်ကောင်းနဲ့ တာမွေမြို့နယ်က အိမ်မှာ နေထိုင်ပြီး ကျန်တဲ့မိသားစုဝင်တွေ ကတော့ အမေရိကားမှာ ရှိနေတာ ဖြစ်ပါတယ်။

“ညကတည်းက ဖြစ်နေတာ ဘယ်သူမှ မသိလိုက်ဘူး။ မနက်မှာ သိရတော့ အဆုတ်က တော်တော်ရောင်နေပြီ။ အခု အိမ်မှာပဲ ဆရာဝန်ခေါ်ပြီး ကုသနေတုန်းပေါ့။ အဆုတ်ထဲက ချွဲတွေ ထုတ်ပစ်နေရတာ ရေဖလား နှစ်လုံးစာတောင် ရတယ် အခြေအနေကို စောင့်ကြည့်နေတယ်။ ဒီနေ့ အခြေအနေ ဆိုးလာတယ် ဆိုရင်တော့ ဆေးရုံကို မဖြစ် ဖြစ်အောင် တင်မယ်၊ မဆိုးဘူး ဆိုရင်တော့ အိမ်မှာဘဲ ဆက်ကုသမယ်လို့ အကြမ်းဖျဉ်း ဆုံးဖြတ်ထားတယ်” လို့ ကိုဇော်သက်ထွေးက ပြောပါတယ်။

ဦးဇာဂနာရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကတော့ အဆုတ်မှာ ချွဲတွေ ပိတ်ဆို့နေတာကြောင့် အသက်ကို ခက်ခက်ခဲခဲ ရှုနေရပြီး အောက်ဆီဂျင် ပေးထားရတယ်လို့ သိရပါတယ်။

ကျန်းမာရေး အခြေအနေက စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်တာကြောင့် ဘယ်သူနဲ့မှ ပေးတွေ့လို့ မရသေးဘူးလို့ ကုသနေတဲ့ ဆရာဝန်က ညွှန်ကြားထားကြောင်း ဦးဇာဂနာကို ပြုစုနေသူများက ဆိုပါတယ်။

Loading