Health

အရပ် ၈ ပေနီးပါးရှိသည့် ကိုဝင်းဇော်ဦး အနုပညာလောကသို့ ဝင်နိုင်ရန် စီစဉ်ပေးမည်ဟုဆို

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သော ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းသည့် ရောဂါဝေဒနာ ခံစားနေရသူ ကိုဝင်းဇော်ဦး၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဖြစ် ရုပ်ရှင် အနုပညာလောကသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးစား ပေးသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောသည်။

“ကျနော့်အနေနဲ့က သူ့ကို တသက်လုံး ကျွေးထားနိုင်ပေမယ့် သူရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တခုကတော့ ရှိဖို့ လိုအပ်တယ်လေ။ ဒီတော့ ကျနော် စဉ်းစားကြည့်လိုက်တော့ ရုပ်ရှင်တွေထဲမှာ အရပ်အရမ်းပုတဲ့ သူတွေကို ထည့်ထည့် သုံးတာတွေ့ရတော့၊ ဝင်းဇော်ဦးလို အရပ်အရမ်းရှည်တဲ့ သူအတွက်လည်း အဆင်ပြေလောက်မယ်ထင်ပါတယ်” ဟု အသည်းအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

ကိုဝင်းဇော်ဦး ရုပ်ရှင်အနုပညာ လောကထဲသို့ ဝင်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ကြော်ငြာရိုက်ခြင်း၊ ရုပ်ရှင်ရိုက်ခြင်းများ ပြုလုပ် နိုင်ရန်အတွက် ဒါရိုက်တာ ဇင်ယော်မောင်မောင်အား အကူအညီတောင်းထားကြောင်းကို ၎င်းက ဆက်လက်ပြောသည်။

ဒေါက်တာ ခင်မောင်ဝင်းက ရုပ်ရှင်အနုပညာ လောကထဲသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးပမ်းနေသော်လည်း ကိုဝင်းဇော်ဦးမှာ ယခု လတ်တလောကာလတွင် နေရပ်သို့ ပြန်လည်၍ သင်္ကန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။

“ကျနော် ဒီလိုကောင်းမွန်လာတာ ဆရာခင်မောင်ဝင်း ကျေးဇူးတွေအပြင် ဘုရားတရား ကျေးဇူးကြောင့်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် နောက် ၂ ရက်နေရင် ကျနော် ရွာပြန်ပြီး ဘုန်းကြီးဝတ်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းကျမှသာ အသက် မွေးဝမ်းကျောင်း အလုပ်တခုခုအတွက် ပြန်လာသင့်ရင် ပြန်လာမှာပါ” ဟု ကိုဝင်းဇော်ဦးက ဆိုသည်။

ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းသည့် ရောဂါခံစားနေရသည့် ကိုဝင်းဇော်ဦးသည် သြဂုတ်လ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံသို့ ထွက်ခွာ ကုသခဲ့ရာ ရာနှုန်းပြည့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေက ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စင်ကာပူနိုင်ငံသို့ သွားရောက် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သည့်အတွက် ကုန်ကျစရိတ်မှာ မြန်မာငွေ ကျပ် သိန်းခြောက်ရာခန့် ရှိကြောင်း၊ ခွဲစိပ်ကုသမှု အောင်မြင်ခဲ့ပြီဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဆေးတချို့ကို ဆက်လက် သောက်သွားရန် လိုအပ်သည့်အပြင်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ တနှစ်လျှင် တကြိမ် ဆေးစစ်ခြင်းများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်အတွက် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက အဓိက ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကာ တခြား ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ အလှူငွေများလည်း ရရှိခဲ့သည်။

ကိုဝင်းဇော်ဦးသည် နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းရွာတွင် နေထိုင်သူဖြစ်ပြီး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည့်အတွက် ကမ္ဘာ့ ဒုတိယ အရပ်အရှည်ဆုံးသော လူသားတဦး ဖြစ်သည်။ ၎င်း၏ အရပ်အရှည်မှာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ၇ ပေနှင့် ၁၀ လက်မ ရှိသည်။

ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် သတင်း အသေးစိတ်ကို ဤနေရာတွင် ဖော်ပြထားပါသည်။

Loading