သတင်း

ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့်သတင်း လွဲမှားကြောင်း ရှင်းလင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်းများသည် နားလည်မှု လွဲမှားခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှု လုပ်ရိုးလုပ်စဉ်အရ နောက်တကြိမ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ် ရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူ တဦးက ပြန်လည်ရှင်းလင်း ပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းမည့် အထူးကိုယ်စားလှယ်၏ သက်တမ်းမှာ ၆ နှစ်အထိသာ ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအထိ ၎င်းအနေဖြင့် နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

“မစ္စတာ ကင်တားနား တာဝန်ရပ်နားဆိုတဲ့ သတင်းတွေ ဘယ်ကထွက်လာမှန်းကို မသိတော့ဘူး။ သူက လာမယ့် မတ်လမှာ သက်တမ်းပြည့်မှာ။ နားလည်မှုလွဲပြီး လိုရာ ဆွဲတွေးတာပါ။ အခုတခေါက် လာသွားတာက အခုကျင်းပနေတဲ့ ညီလာခံ အတွက် အချက်လက်တွေ လာယူတာ။ နောက်ဆုံးတင်ရမယ့် အစီရင်ခံစာအတွက် အချက်အလက်တွေ လိုအပ်မယ်ဆိုရင် သူက ထပ်လာရဦးမှာ” ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

ယခုကျင်းပလျှက်ရှိသော လူ့အခွင့်အရေး ညီလာခံအတွက် အချက်အလက်များ ရရှိစေရန် ယခင်လပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသာ ဖြစ်ပြီး လာမည့် မတ်လတွင်ကျင်းပမည့် ညီလာ၌ တင်သွင်းရမည့် နောက်ဆုံးအစီရင်ခံစာ အတွက် လိုအပ်လျှင် မစ္စတာ ကင်တားနား အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တဦး၏ သက်တမ်းမှာ ၆ နှစ်အထိသာ သတ်မှတ်ခန့်အပ်ထား ကြလေ့ရှိပြီး ၎င်းတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် မည်သည့်နိုင်ငံထံကမှ အခကြေးငွေယူပြီး လုပ်ကိုင်နေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့ကို လူ့အခွင့်အရေးဆိုင်ရာ သီးခြားလွတ်လပ်သည့် အစီရင်ခံစာ တင်သွင်းသည့် ပညာရှင်အဖြစ် ခန့်အပ်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မစ္စတာ ကင်တားနား မတ်လတွင် နောက်ဆုံးတင်သွင်းမည့် အစီရင်ခံစာအပေါ် မူတည်ပြီး မစ္စတာ ကင်တားနား လုပ်ကိုင်လျှင်ရှိသော အထူးအစီရင်ခံစာ တင်သွင်းသည့် ရာထူး ဆက်ထားရန် လိုအပ်၊ မလိုအပ်ကို၏ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၊ မြန်မာနိုင်ငံရုံးမှ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဧရာဝတီသို့ ပြောသည်။

“မစ္စတာကင်တာနားလို ရာထူးနဲ့ လုပ်တဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်တဲ့အတွက် သူတို့ရဲ့ အစီရင်ခံစာဟာ ဘက်လိုက်မှုကင်းတယ်လို့ ဆိုကြတာပေါ့။ အဓိက ပြောချင်တာက လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် ရာထူး ဆက်ထား၊ မထားဆိုတာ မတ်လမှာမှ ဆုံးဖြတ်မှာ။ ကင်တာနားနဲ့ မဆိုင်ဘူး။ လူ့အခွင့်အရေး ပြဿနာတွေ မရှိတော့မှ ဒီရာထူးကို ဖယ်ရှားမှာ။ လူ့အခွင့်အရေး တိုးတက်မှုရှိဖို့က ကင်တားနားနဲ့ မဆိုင်ဘူး။ မြန်မာနိုင်ငံ အစိုးရနဲ့ပဲ ဆိုင်တယ်။ သူဟာ အလွတ်သဘောနဲ့ လာတဲ့အတွက် သူ့တာဝန်ကျေတယ်၊ မကျေဘူးဆိုတာ ပြောပိုင်ခွင့် မရှိဘူး။ ဒီရာထူးမှာ လုပ်နေတဲ့သူတွေက ဘယ်သူ့ဆီကမှ လခစား လုပ်တာမဟုတ်ဘဲ မေတ္တာနဲ့ လုပ်နေတဲ့သူတွေပါ။ ပီညဲရိုး လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မစ္စတာ ကင်တာနားအနေဖြင့် နိုင်ငံတော်၏ ဧည့်သည်အနေဖြင့် လာရောက်ခြင်းသာဖြစ်ပြီး ၎င်း၏ ခရီးစဉ် အားလုံးသည် နိုင်ငံတော်အစိုးရ၏ သဘောတူညီ ခွင့်ပြုချက်များဖြင့်သာ သွားလာခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ၏ လုပ်ဆောင်နေသည် ဆိုသော်ငြားလည်း ပြည်တွင်း အခြေအနေများအရ ပုံသေ ချမှတ်ထား၍ မရသေးကြောင်း၊ လူ့အခွင့်အရေး တိုးတက်သည်ဟု ဆုပ်ကိုင်ပြောဆို၍ မရသေးသော အခြေအနေတွင် မြန်မာနိုင်ငံအပေါ် စောင့်ကြည့်မှုများအားလုံးကို အပြီးတိုင် ဖယ်ရှားရန် မဖြစ်သေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချိုက ဧရာဝတီသို့ ပြောသည်။

နိုင်ငံသားများသည် လူ့အခွင့်အရေး ဖော်ဆောင်ရေး အပိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရုန်းကန် နေရဆဲဖြစ်ကြောင်း၊ လယ်သမား များသည်လည်း လယ်သိမ်းခံရသော ကိစ္စရပ်များတွင် ကိုယ်တိုင် ဆောင်ရွက်နေကြရသကဲ့သို့ အလုပ်သမားများသည်လည်း မိမိ အခွင့်အရေးအတွက် ကိုယ်တိုင်ဆန္ဒပြနေကြရကြောင်း၊ မီဒီယာ ပိုင်းတွင်လည်း မီဒီယာသမားများ ကိုယ်တိုင် ပါဝင် ဆောင်ရွက်နေရဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက ကင်တာနားလိုလူတွေ လိုအပ်နေသေးတယ်။ အားလုံးက ကိုယ်တိုင်ပါဝင် လုပ်နေကြရတာ။ အစိုးရကနေပြီးတော့ ဒါတွေက ရသင့်တယ် ဆိုပြီး အလိုအလျောက် ကျလာတာ မဟုတ်သေးဘူး။ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေ ပြည့်မီဖို့၊ ချိုးဖောက်မှုတွေ လျော့ဖို့အတွက်က ဒါတွေ အများကြီးလိုတယ်” ဟု ၎င်းက ရှင်းပြသည်။

မစ္စတာကင်တားနားသည် သြဂုတ်လ ၁၁ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံ လာရောက်ခဲ့စဉ်က မြန်မာပြည်သူ တချို့၏ ကန့်ကွက် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့်အပြင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အစရှိသည့် နိုင်ငံ့ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း သိရှိရသည်။

ကင်တားနားကို တာဝန်မှ ရပ်စဲတော့မည်ဟု နိုင်ငံတော် သမ္မတရုံးမှ ဝန်ကြီးတဦးက အတည်ပြု ပြောကြားကြောင်း ဂျာနယ် တစောင်က ရေးသားခဲ့ပြီးနောက်တွင် ၎င်းသတင်းများ မြန်မာပြည်သူလူထု အကြား ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading