ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ မှ ၂၀၁၃ ခုနှစ်၊ဧပြီလအထိ ၃နှစ်တာ ကာလအတွင်းတွင် ဖော်ထုတ်ဖမ်းဆီးမှု မပြုနိုင်သော အမှုပေါင်း ၆၂၆ မှု ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးမှု၊ လူကုန်ကူးမှု အပါအဝင် မှုအခင်း များကို တိုင်းဒေသကြီး အစိုးရက မည်သို့ မည်ပုံ စီမံ ဆောင်ရွက်နေပါသနည်းဟုမေးမြန်းစဉ် ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့် အမှုအခင်းများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းအရေးယူနေကြောင်း ပြန်လည် ပြောဆိုသည်။
“၃နှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းပေါင်းက ၄၀၀၀ ကျော်ရှိတယ်။ ဒီမှာ ၆၀၀ ကျော်လောက်ဘဲ အမှုမပေါ်တာ ဆိုတော့ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီအပေါ်မှာကျနော်တို့အနေနဲ့ အကောင်းဆုံး လုပ် ဆောင်နေတယ် လို့ပြောနိုင်ပါတယ်”ဟု ဗိုလ်မှုးကြီးတင်ဝင်းက ဆိုသည်။
၃နှစ် ကာလအတွင်း လူသတ်မှုပေါင်း ၃၅၇ မှု ဖြစ်ပွားခဲ့ပြီး ၃၅၁ မှုတွင် တရားခံ ဖမ်းဆီးနိုင်ကာ ၆မှုမှာ ယခုအချိန် အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း၊ အလားတူ ခိုးမှုပေါင်း ၂၈၅၅မှု ဖြစ်ပွားခဲ့သည့် အနက် ၂၂၇၄ မှု တရားခံဖမ်းမိပြီး ၅၈၁မှုမှာ တရားခံ ဖမ်းဆီးရမိခြင်းမရှိကြောင်း၊ ဖောက်ထွင်းမှု ၁၁၆ မှုတွင် ၉၃ မှုတွင် တရားခံဖော်ထုတ်နိုင်သော်လည်း ၂၃ မှုတွင် တရားခံ မဖမ်းမိသေးကြောင်း၊ လုယက်မှု ၈၃ မှုတွင် ၁၆ မှု တရားခံ မမိသေးကြောင်း၊ လူကုန်ကူးမှုနှင့် မူးယစ် ဆေးဝါးမှု များတွင်မူ တရားခံအားလုံး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသော အမှုများတွင် ခိုးမှု အများဆုံး ပါဝင်နေကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီးတင်ဝင်းက “မှုခင်းကျဆင်းရေးအတွက် လှိုင်းလုံးစီမံချက်၊ ဝရဇိန် စီမံချက်၊ ကျားနက် စီမံချက် စတဲ့စီမံချက် တွေကိုဆက်လက်လုပ် ဆောင်သွား မှာပါ။ အခါ အားလျှော်စွာလည်း အရေးပေါ်စီမံချက်တွေလုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက “မူခင်းတွေကို ဘယ်လိုကာကွယ်နေလဲ ဆိုတာကိုတိတိကျကျ ပြောစေချင်တယ်။ မပေါ်သေးတဲ့အမှုဆိုလည်း ဘယ်လိုတွေ စီမံဆောင်ရွက်နေလဲ။ ဘယ်လိုအချက်တွေက မပေါ်တာလဲ။ ဘာအားနည်းချက် တွေ ရှိနေလို့လဲ။ သေချာပြောပြရမယ်လေ။ ခုကဘာမှ ရှင်းရှင်းလင်းလင်းမပြောသွားဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်းမရှိသော အမှုအခင်းများအနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခုအချိန်အထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသည့်အပြင် ရဲတပ်ဖွဲ့ကလည်း အမှုနှင့်ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်မှုမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက အမှုအခင်းများ မဖြစ်ပွားရေးနှင့် လုံခြုံရေးအတွက် ခေတ်မီပစ္စည်းများ လိုအပ် နေကြောင်း ပြောဆိုသည်။
“ရဲတွေမှာ လိုနေတာ ကခေတ်မှီပစ္စည်းတွေပါ။ အခုဆိုရင် ဆိုက်ဘာ အမှုအခင်း တွေနဲ့ပတ်သက်ပြီး စစ်ဆေး အရေးယူ နိုင်အောင် ဆိုက်ဘာရဲအဖွဲ့တွေလည်း ဖွဲ့ထားတယ်။ မကောင်းတဲ့ လူတချို့ကြောင့် အမြင်မကြည်လင် ဖြစ်တာ လက်ခံ ပါတယ်။ ဒါပေမယ့်ဒီနေ့ထိ ကျနော်တို့အကောင်းဆုံး လုပ်ဆောင်နေဆဲပါ။ ဘယ်နိုင်ငံမှာမှ ပြည့်စုံတဲ့ လုံခြုံရေး ဆိုတာ မရှိပါဘူး။ ရတဲ့ပစ္စည်းတွေနဲ့အကောင်းဆုံး ကာကွယ်နေပါတယ်”ဟု ရဲအရာရှိတဦးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများတွင် လုံခြုံရေးပိုင်း ကိုင်တွယ်ဆောင်ရွက်မှု အားနည်း နေသည်ဟု ဝေဖန်မှုများရှိနေပြီး ခေတ်မီ နည်းပညာနှင့် ပစ္စည်းအင်အား မလုံလောက်မှုများသည် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်ဆိုသော ထောက်ပြဝေဖန်မှုများ ရှိနေသည်။