Health

ငါးပိတွင် ယူရီးယားပါဝင်မှု တွေ့ရသော်လည်း အရေးယူရန် မရှိသေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းမှ ရန်ကုန်သို့ တင်ပို့သည့် ငါးပိရည်ကျိုနမူနာ တမျိုးတွင် ယူရီးယား ပါဝင်နေကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ဆက်တွဲ အနေဖြင့် မည်သည့် လုပ်ဆောင်ချက်မျှ ပြုလုပ်သွားရန် မရှိသေးကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဋ္ဌာန အစားအသောက် ဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဧရာဝတီသို့ ပြောသည်။

“ငါးပိရည်ကျိုနဲ့ပတ် သက်ပြီး လတ်တလောမှာ ဘာမှ ဆက်လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု သူက ဆိုသည်။

ဧရာဝတီတိုင်းမှ ထုတ်လုပ်တင်ပို့ပြီး ရန်ကုန်ဈေးကွက်အတွင်းသို့ ရောက်ရှိနေသည့် ငါးပိရည်ကျို နမူနာ ၃ မျိုးအား ကျန်းမာ ရေးဝန်ကြီးဋ္ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဋ္ဌာန ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ၁ မျိုးတွင် ယူရီးယား တွေ့ရှိကြောင်း အဖြေထုတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။

“ယူရီးယား တွေ့တယ်လို့ပဲ အကြောင်းပြန်ထားတာ။ ဓာတ်မြေသြဇာ တွေ့တယ်လို့တော့ တိုက်ရိုက်မပြောဘူး။ ဒါပေမယ့် ကျနော်တို့ သုံးသပ်မိတာက ဒါက သဘာ၀ ယူရီးယား မဟုတ်ဘူး။ သဘာဝယူရီးယားဆိုရင် ၃ မျိုးစလုံးမှာ တွေ့ရမယ်။ ပြီးတော့ ကျနော်တို့ ရထားတဲ့ သတင်းအရ ထုတ်လုပ်တဲ့သူတချို့ဟာ ပြင်ပဈေးကွက်ကို ရောင်းဖို့အတွက် သပ်သပ်သိပ်ပြီး၊ သူတို့ အိမ်မှာစားဖို့အတွက် သပ်သပ်သိပ်တာမျိုး လုပ်နေတာရှိနေတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ထို့ကြောင့် ယခုတွေ့ရှိသည့် ယူရီးယားသည် ဓာတ်မြေသြဇာ ထည့်သွင်းထားခြင်းဟု ယူဆနိုင်ကြောင်းလည်း သူက ဆက်လက် ပြောသည်။

ကျန်းမာရေး ဝန်ကြီးဋ္ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က “နမူနာ နံပတ် ၂ မှာ ယူရီးယား လိုတာထက် ပိုပြီးပါနေတယ်။ ဓာတ်မြေသြဇာ လို့တော့ တပ်အပ်ပြောဖို့ ခက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါးကလည်း အမိုးနီးယား ထုတ်တယ်။ ယူရီးယားက အဲဒီငါးထဲကလည်း ထွက်တတ်လို့ပဲ။ ယူရီးယားက စားသုံးတာ ကြာရင် ဓာတ်ပြိုကွဲပြီး အန္တရာယ်မရှိဘူး။ ဒါပေမယ့် ရေရှည်ကျတော့ ပြောရခက်တယ်။ ဆရာတို့ဘက်ကတော့ အန္တရာယ် မရှိအောင် ကြိုးစားဖော်ထုတ်နေတယ်။ စစ်ဆေးမှုပိုင်းမှာလည်း Standardize Method တွေ မရှိသေးတာလည်း ပါပါတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၆ ရက်က မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ပေးပို့ခဲ့သည့် ယင်းငါးပိရည်ကျို နမူနာများ၏ စစ်ဆေးမှုရလဒ် ရရှိရန် တလကြာမြင့်ခဲ့ပြီး ယမန်နေ့မှက ပြန်လည် အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဋ္ဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဗဟိုဋ္ဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ အစားအသောက်များ စိတ်ချလုံခြုံမှု ရှိ၊ မရှိကို ပုံမှန်စီမံချက်နှင့် အထူးစီမံချက်ဟု သတ်မှတ်လုပ်ဆောင်လျှက်ရှိပြီး ပုံမှန်စီမံချက်အနေဖြင့် ၃ လ တကြိမ် ဈေးကွက်အတွင်း သုတေသနပြုလုပ်ကာ အများပြည်သူသိသင့်သော အချက်အလက်များကို သတင်းစာများမှ တဆင့် ထုတ်ပြန်ပေးခြင်း၊ အထူးစီမံချက် အနေဖြင့်လည်း ရရှိလာသည့် သတင်းအချက်အလက်အပေါ် မူတည်၍ နယ်မြေ ဆင်းစစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း ဒေါက်တာ ထွန်းဇော်က ရှင်းပြသည်။

ဦးဗအုပ်ခိုင်က “ငါးပိရည်ကျို ကိစ္စက အသင်းက ကိုင်တွယ်တာဖြစ်လို့ အဲဒါနဲ့ ပတ်သက်တဲ့ လူထု အသိပညာပေးမှုတွေကို ဆက်လုပ်သွား ဖို့ရှိပါတယ်။ ဘယ်သူလုပ်တာလဲ ဆိုပြီး ကိုင်တွယ်ဖို့ကျတော့ ဧရာဝတီတိုင်းမှာ ငါးပိရည်ကျို လုပ်ငန်းတွေက အများကြီးဆိုတော့ ပညာပေး အစီစဉ်တွေပဲ လုပ်လို့ရမယ်။ စစ်ဆေးအရေးယူလို့ ရဖို့ မလွယ်ဘူး” ဟု ပြောသည်။

သူကဆက်လက်၍ “ အခုလို သတင်းထွက်လာရင် FDA က နာမူနာကောက် စစ်ဆေးပြီး ကြေညာတာမျိုး လုပ်သင့်ပါတယ်။ သူတို့လုပ်ရမှာကို ကျနော်တို့က ဝင်လုပ်ပေးတာပါ။ ဘယ်သူ့တာဝန်လို့ မခွဲဘဲ ကိုယ့်မှာလည်း တာဝန်ရှိတယ်လို့ ယူဆပြီး လုပ်နိုင်သလောက် လုပ်သွားမယ်။ သူတို့က အစိုးရဋ္ဌာန ဖြစ်နေတော့ အမိန့်တွေ၊ ညွှန်ကြားစာ အဆင့်ဆင့်တွေကို စောင့်နေ ရလို့ ကြာနေတာလား မသိပါဘူး။ အခုနမူနာ စစ်တာဆိုရင် အဖြေရဖို့ ၁ လ ကြာတယ်” ဟု ဆိုသည်။

ယူရီးယားပါဝင်သော အစားအသောက်များကို စားသုံးမိပါက ဦးဏှောက်ပိုင်းဆိုင်ရာနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပြီး ယူရီးယားပါဝင်မှုများပါက ချက်ချင်း သတိမေ့သည်အထိ ဖြစ်နိုင်ခြင်းများကြောင့် စားသုံးသူများအတွက် ဆေးပညာ သုတေသနနှင့် ပညာပေး အစီအစဉ်များ ပြုလုပ်ရန်လိုအပ်ကြောင်း ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းမှ ဒေါက်တာ ကျော်စွာဦးက ရှင်းပြသည်။

ငါးပိရည်ကျို ထုတ်လုပ် ရောင်းချသူ အများစုသည် ငါးပိရည်ကျို ပြုလုပ်ရာတွင် အချိန် ၁ နှစ်၊ ၂ နှစ် စောင့်ရမည့်အစား၊ ၁ ပတ် ကျော် ၂ ပတ် အတွင်း ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချနိုင်ရေးအတွက် ငါးအရိုးများကို အချိန်တိုတိုအတွင်း နူးသွားစေရန် ယူရီးယား မြေသြဇာများ ထည့်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသား အစားအသောက် အက်ဥပဒေအရ ပြည်သူလူထု စားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ်စေခြင်း၊ ဘေး ဥပါဒ်ဖြစ်စေခြင်းများ တွေ့ရှိရပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ၃ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ် နိုင်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading