Ethnic Issues

အခြေခံဥပဒေ အသစ်ရေးဆွဲရေး NLD နှင့် တိုင်းရင်းသားများ အမြင်မတူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ် ပြန်လည်ရေးဆွဲရန် တိုင်းရင်းသားများက ကြေညာထားပြီး ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကမူ အခြေခံ ဥပဒေ အသစ် ပြန်လည် ရေးဆွဲ ခြင်း သည် နိုင်ငံရေး တွင် တပ်မတော်ကို ဖိတ်ခေါ် ဆွဲသွင်းရာရောက်သည်ဟု ထုတ်ပြန်ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် NLD တို့အကြား စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ညှိုနှိုင်းပြီးနောက် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာ သေချာရေရာသော ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေး ဆွဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထားရယူရာတွင် ပူးပေါင်း လက်တွဲဆောင်ရွက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဆိုသော သဘောတူညီချက် ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်သော NLD ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို အခြေခံဥပဒေက ခွင့်ပြုထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေက ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်းသည် ဥပဒေ ဘောင် အတွင်းက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်၍ မူလရရှိထားသော အခွင့်အရေး များကို အစိုးရက တာဝန်ခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲခြင်းသည် တပ်မတော်အားဖိတ်ခေါ် ဆွဲသွင်းရာရောက်ကြောင်း၊ NLD ပါတီသည် တိုင်းရင်းသားပါတီများနှင့်ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ရေးဆွဲရေးကို ပြည်သူထံတင်ပြကာ ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူပြီး လွှတ်တော်သို့ တင်ပြသွားမည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၈ ရက်နေ့ အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စီမံကိန်းချပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ နယ်တွေအထိ တတ်နိုင် လို့ရှိရင် ရွာတွေအထိ ဆင်းပြီးတော့ ပြည်သူလူထုကို ချပြဖို့ အစီအစဉ်တွေလုပ်ထားပြီးပါပြီ။ ပြင်မယ်ဆိုတာလည်း ဘယ်လို ပြင်မလဲ ဆိုတာလည်း ရှင်းပြရမယ်။ တခုလုံး ပြန်ရေးဆွဲရမယ်လို့ ယုံကြည်တဲ့အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ ဘာကြောင့် ပြန်ပြီး ရေးဆွဲသင့်တယ်လို့ ယုံကြည်မှုရှိသလဲဆိုတာကိုလည်း တင်ပြမယ်။

အားလုံး ပြန်ပြီးရေးဆွဲမယ်ဆိုရင် ဘယ်လို နည်းလမ်း တွေရှိလဲပေါ့နော်။ ဖြစ်နိုင်တဲ့နည်းတွေ လက်တွေ့ကျကျ သုံးနိုင်တဲ့နည်းတွေ ဖြစ်နိုင်မယ့် အကျိုးဆက်တွေ။ ပြုပြင်တဲ့အခါမှာလည်း လက်တွေ့ကျကျ သုံးနိုင်မယ့်နည်းတွေ၊ ဖြစ်ပေါ်လာနိုင်မယ့်အကျိုးဆက်တွေ ဒါတွေကို ကျမတို့ ရှင်းပြမယ်။ ရှင်းပြပြီးတော့ ပြည်သူတွေရဲ့သဘောထားကို ရယူမယ်။ ပြည်သူတွေဘက်ကနေပြီးတော့ ဘယ်လို အသံပြန်ထွက်လာသလဲ။ ကျမယုံကြည်တာက ပြည်သူတွေကတော့ ပြင်ကို ပြင်ရမယ်လို့ လက်ခံလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ပြင်ရမယ်ဆိုတာ လက်ခံပြီးတော့ ဘယ်လိုပုံစံနဲ့ပြင်ရင် ပိုကောင်းမလဲဆိုတာ ပြည်သူတွေရဲ့အသံ ထွက် လာမှာပဲ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒသဘောထားများ ကောက်ယူပြီး ကြေညာချက်ကို ဒီဇင်ဘာ လ ၁ ရက်နေ့ ထုတ်ပြန်ရန် စီစဉ်ထားပြီး လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီထံ သို့ တင်ပြ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တိုင်းရင်းသားများ အားလုံး၏ သဘောတူညီဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲလျက်ရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ငြိမ်းချမ်းရေး နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် ချပြသွားမည်ဖြစ်ကြောင်း၊ NLD ကလည်း လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး ကြိုးပမ်းလိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“ပြင်မယ်ဆိုရင်လည်း စ လယ် ဆုံး အခြေခံ ကျကျ ပြင်နိုင်မလား။ ဒီနေ့ အားလုံးက ဖက်ဒရယ် ပြည်ထောင်စု ပြောနေကြတယ်။ ဖက်ဒရယ် ဆိုတာလည်း အချက်အလက်တွေ အားလုံးပြောဖို့လိုတယ်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့၊ ပြည်တွင်းစစ် ရပ်ဖို့ဆိုရင်တိုင်းရင်းသားများရဲ့ပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့် ကံကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့်ရဖို့ လိုမယ်။ ဒီလိုလူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ နဲ့ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့ လိုမယ်။ ဒီအချက်တွေ ပါအောင် ဒီဖွဲ့စည်းပုံကို စလယ်ဆုံး ပြင်မယ်ဆိုရင်တော့ လက်မခံနိုင် စရာမရှိဘူး။ သို့သော် ကျနော်တို့မြင်တာက ပြင်ဖို့ မလွယ်ဘူး။ ပြင်ဖို့ခက်လိမ့်မယ်။ ဒါကြောင့်မို့လို့ အသစ် ရေးဆွဲတာ က လွယ်မယ်။ မြန်မယ်´´ ဟု ဦးအေးသာအောင်က ဆိုသည်။

NLD နှင့်တိုင်းရင်းသားများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အမြင်မတူသော်လည်း သဘော ထား ကွဲလွဲခြင်း မဟုတ်ကြောင်း၊ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကြိုးစားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အစိုးရကလည်း ၂၀၁၄မှာ ညီလာခံတခု ခေါ်လိမ့်မယ်ပြောနေတယ်။ အဲဒီညီလာခံကျရင် ကျနော်တို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ တခုကို အဲဒီညီလာခံမှာတင်ပြမယ်။ အဲဒီညီလာခံမှာက ဖွဲ့စည်းပုံပြင်ရေး အပါအဝင် တမျိုးသားလုံးရဲ့ တိုင်းပြည် အတွက် အမျိုးသားလုပ်ငန်းစဉ်တခုကို ချပြီး ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းမယ် လို့ သဘောထားရှိတယ်။ ဒါကြောင့် လည်း NLD က လွှတ်တော်ထဲက ဘယ်လောက်ပြင်နိုင်မလဲ၊ ဘာတွေ ပြင်နိုင်လဲ။ နည်းလမ်း တသွယ်နဲ့ ဆောင်ရွက်ပါ။ ကျနော်တို့ကလည်း UNFC နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပေါင်းပြီး ရေးဆွဲထားတဲ့မူကြမ်းကို ချပြမယ်။ အသစ်ရေး တာဖြစ်ဖြစ်၊ ပြင်တာဖြစ်ဖြစ် အဲဒီအချက်တွေကို သုံးရင် ပိုကောင်းမယ်။ နည်းလမ်းအသွယ်သွယ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်´´ ဟု ဦးအေးသာအောင်က ဆိုသည်။

NLD နှင့်တိုင်းရင်းသားပါတီအကြား ညှိုနှိုင်းကြရာတွင် တိုင်းရင်းသားများဘက်မှ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအောင်း (ပလောင်)အမျိုးသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားအဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီ ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ၀ အမျိုးသားစည်းလုံး ညီညွတ်ရေး ပါတီတို့ တက်ရောက်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading