ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပသော အဆင့်မီ မြို့ပတ်ရထား စတင်ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရထားတွဲတွေ အဆင့်မြှင့်တင် ပြေးဆွဲရေးကတော့ အခုချက်ချင်းလက်ငင်း ဖြစ်လာနိုင်ရန် မလွယ်သေးဘူး။ နောက်ရလာတဲ့ ချေးငွေကလည်း ရထားတွဲတွေပါ အဆင့်မြင့်ဖို့၊ ဘူတာတွေ အဆင့်မြင့်ဖို့လောက်အထိ မရဘူး။ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ယခင်ဝန်ကြီးများ လက်ထက်က အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ရရှိခဲ့သည့် ချေးငွေများနှင့် စက်ခေါင်းသစ်၊ လူစီးတွဲ၊ ကုန်တွဲများ ဝယ်ခြင်း၊ စက်ခေါင်း ထုတ်လုပ်သည့် စက်ရုံတည်ခြင်း၊ သင်တန်းကျောင်းများ အဆင့်မြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယခုရရှိမည့် ဂျပန်ချေးငွေကိုမူ လမ်းပိုင်း အဓိကထားကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန် မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်ရေးအတွက် ၁. ၇ ဘီလီယံ သုံးရန် စီစဉ်ထားကြောင်း၊ ကျန်ရှိငွေများကို မြို့ပတ်လမ်းပိုင်း အဆင့်မြင့်ရေး အတွက် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ချေးငွေသုံးစွဲမှုနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ခဲ့သည်။
ထို့အပြင် မြေအောက်ရထား၊ မိုးပျံရထား ပြေးဆွဲရေး၊ ဘူတာများ အဆင့်မြှင့်ရေး အတွက် နိုင်ငံတကာမှ အကူအညီ ရယူရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြပေးရန် နိုင်ငံ ၅ ခုကို ပြောကြားထားပြီး ဖြစ်ကြောင်း၊ အကောင်းဆုံး တင်ပြနိုင်သည့် နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဘူတာတွေမှာ အိမ်တွေပါ ပါမယ့် အလွှာလိုက် နေနိုင်မယ့် အဆောက်အဦးတွေ ဆောက်ဖို့ စီစဉ်ထားတယ်။ ဘယ်သူနဲ့ လုပ်မလဲ ကတော့ ရွေးတုန်းပဲမို့ မပြောတတ်သေးဘူးပေါ့။ ဒါလိုတွေလုပ်မှ ရထားစီးသူ များလာမယ်။ ဒီအတွက် လုပ်မှာပါ။ ပထမဆုံး ကတော့ လမ်းပိုင်း ပြင်ပါမယ်” ဟု ဦးသန်းဌေးက ဆက်ပြောသည်။
ရထားသံလမ်းပိုင်း အဆင့်မြှင့်တင်ရေးတွင် ပြေးလမ်းသစ် ထပ်မံရှာဖွေ သွားရန် အတွက်လည်း စီစဉ်ထားကြောင်း၊ လက်တွေ့တွင် ရထားလမ်းပိုင်း၌ အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ဖြတ်လမ်းပိုင်းများနှင့် အောက် ခံပိုင်းများအား အမြန် ပြေးဆွဲနိုင်ရေးအတွက် လဲလှယ်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ သံလမ်းအနီးနားတွင် လူနေအိမ်များရှိခြင်း၊ ဈေးရောင်းချ နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။
“ပထမအဆင့်ကတော့ ရထားသံလမ်းပိုင်းနားက လူတွေကို သူတို့ဟာ ကျူးကျော်တွေ ဆိုတာ အကြောင်း ကြားထားပါတယ်။ ဘယ်တုန်းက စနစ်ကြောင့် ဘယ်လိုတွေ ရောက်လာလဲဆိုတာ ပြန်စစ်ရမယ်။ ခက်တော့ ခက်တယ်။ ကျူးကျော်သူတွေက ကျူးကျော်နေတာကို မသိဘဲ ဆန္ဒပြမယ်ဆိုတော့ ဥပဒေ စိုးမိုးမှုက ပြောရခက်တယ်။ တခုကတော့ အခုသံလမ်းနားက အိမ်ယာ ဘယ်လောက် ကျူးကျော်နေတယ် ဆိုတာကို စာရင်း လိုက်ကောက်နေတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောရ စောသေးတယ်။ သေချာတာကတော့ စာရင်း စကောက်နေပါပြီ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် သံလမ်းတလျှောက် ဈေးရောင်းချခြင်း၊ အမှိုက်ပစ်ခြင်း တို့ကြောင့် လမ်းပိုင်း အဆင့်မြှင့်ရေးမှာ အခက်အခဲ များစွာရှိ နေကြောင်း သိရသည်။
“လူပေါက်စေ့တော့ ဝန်ထမ်းတွေက လိုက်မကြည့်နိုင်ဘူး။ အဆင့်မြင့်မြင့် စီးချင်ရင် တယောက်ချင်းစီက စည်းကမ်းရှိဖို့ လိုတယ်။ အကောင်းအတိုင်း စီးစေချင်လို့ ချပေးရင်တောင် ဖျက်ဆီးသွားတာတွေ၊ အမှိုက်မပစ်ရဆို ပစ်တယ်။ ဥုံဖွ မန်းပြီး လုပ်လို့မှ မရတာ။ ရှေ့ကလုပ်၊ နောက်က ဖျက်ဆီးဆိုလည်း မခံနိုင်ဘူး။ အခုက ရထားက မလုပ်လို့လို့ ပြောကြတယ်။
အကုန်လုံးကို နေ့စဉ်အလုပ် လိုက်ကြည့်စေချင်တယ်၊ မနိုင်တာ။ အမှိုက်ကောက် မနိုင်ဘူး၊ ရထားလမ်းပေါ် ဈေးရောင်း၊ရထားလာရင် ခါးလေးကော့ရှောင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာ တော်တော် ခေါင်းခြောက်ရပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုမှ အဆင့်မမြင့်နိုင်ဘူး” ဟု ဦးသန်းဌေးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကြုံတွေ့နေရသော ယာဉ်ကျောပိတ်ဆို့မှုကို ကုစားနိုင်ရန်အတွက် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ စမ်းသပ်အနေဖြင့် တွဲဆိုင်း ၅ ဆိုင်းပါ ရထားတစီးဖြင့်သာ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ နောက်ပိုင်းတွင် ထပ်တိုးကာ ပြေးဆွဲသွားရန် စီစဉ်ထာေးကြာင်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် စတင်ပြောင်းလဲ ပြေးဆွဲမည့် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို လူတဦးလျှင် ၄၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား တဦး လျှင် ၂ ဒေါ်လာ နှုန်းဖြင့် လာမည့် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင် ပစ္စည်း ဝန်စည်စလယ်များ တင်ဆောင်ခွင့်မပေးဘဲ လူစီး သီးသန့်သာ လက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။
“ပြေးဆွဲမှုတခေါက်ကို ငွေကျပ် ၁ သိန်းကျော် ရှုံးပါတယ်။ ရထားဝန်ကြီးဌာနရဲ့ လုပ်ငန်းပိုင်းအရ ပထမဆုံး အနေနဲ့ စတင်လုပ် ဆောင်တာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ နည်းပညာနဲ့ ငွေကြေးပိုင်းကို ဝန်ကြီးဌာနကနေ တာဝန်ယူပြီး လုပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေက မပါဝင်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ တွဲတွေ ရေရှည်ခံဖို့ ပြည်သူတွေက ဝိုင်းထိန်း ပေးစေချင်တယ်” ဟု ဦးသန်းဌေးက ပြောသည်။
အဆိုပါ ရထားတွဲမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ချက်ချင်းရပ်တန့်နိုင်သည့် တစီးတည်းသော ရထားဖြစ်ပြီး သန့်စင်ခန်းမှာ လည်း ယခင်စနစ်များကဲ့သို့ မဟုတ်သည့် လေယာဉ်ပျံများတွင် သုံးသော ပြန်သိမ်းစနစ်ကို သုံးစွဲထားကြောင်း သိရသည်။
“ဘူတာက ၁၃ ဘူတာပဲ ရပ်မယ်။ မြို့တပတ်ကို အရင်က ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ ဒီရထားက အရင် ရထားတွေ ပြေးချိန်ထက် ၃၅ မိနစ် ပိုသက်သာတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် လက်ရှိ ပြေးဆွဲနေသည့် မြို့ပတ်ရထားများတွင် ကုန်စည် တင်နိုင်ရန်အတွက် ကုန်စည်တွဲများကို ချိတ်သွားရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင်သာ ကုန်စည်များ တင်ရမည်ဖြစ်ပြီး တခြား တွဲများတွင် ကုန်စည်တင်ခွင့်ကို အောက်တိုဘာလမှ စ၍ ခွင့်မပေးတော့ကြောင်း၊ ကုန်စည်တွဲများကို ရုံးချိန်တွင်း ဆွဲသည့် မနက် ၈ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီ စသည့် ရထား နှစ်စင်းမှ လွဲ၍ ကျန်အချိန် ပြေးဆွဲသည့် မြို့ပတ်ရထားတိုင်းတွင် ချိတ်ဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ရှင်းပြသည်။
စတင်ပြေးဆွဲမည့် အဆင့်မီ မြို့ပတ်ရထားများကို အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန်မြို့ပတ် အဖြစ် အောက်တိုဘာ ၆ ရက်နေ့မှ ၈ ခေါက်စီ စတင် ပြေးဆွဲမည် ဖြစ်ကာ ဘုရားလမ်းဘူတာ၊ ကြည့်မြင်တိုင် ဘူတာ၊ ကမာရွတ် ဘူတာ၊ သမိုင်း ဘူတာ၊ အင်းစိန် ဘူတာ၊ ဒညင်းကုန်း ဘူတာ၊ မင်္ဂလာဒုံ ဘူတာ၊ ပုရွက်ဆိတ်ကုန်း ဘူတာ၊ ရထားကလေး ဘူတာ၊ ကံဘဲ့ဘူတာ၊ မလွှကုန်း ဘူတာ၊ ပုစွန်တောင် ဘူတာနှင့် ရန်ကုန်ဘူတာကြီး တို့တွင်သာ ရပ်သွားမည်ဖြစ်ပြီး လပေး စီးနင်းမှုများကိုလည်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။