လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော် ဘုရားကြီး၏ ဘုရားစေတီနှင့် သိမ်တော်ကို မဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးနေစဉ် ကာလအတွင်း မပျက်မစီး၊ နေရာမရွှေ့ဘဲ မူလနေရာအတိုင်း ထားရှိရန် သဘောတူညီမှုကို ယနေ့ ညနေ ၄ နာရီက ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် လူအင်အား ၅၀ ကျော်နှင့် သံဃာများက မန္တလေးမှ လက်ပံတောင်းသို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ၂၉ ရက်နေ့ ည ၈ နာရီခွဲတွင် စစ်ကိုင်းမြို့ စိန်ရတနာ ဓမ္မာရုံသို့ အရောက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စတင် ဆွေးနွေးခဲ့ကြရာ ယနေ့ညနေ ၄ နာရီတွင် ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
လမ်းလျှောက် ဆန္ဒထုတ်ဖော် သူများသည် အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ရာမှ ပြေလည်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအချက်မှာ လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် ဘုရားစေတီအား လွှတ်တော် တင်စဉ် ကာလအတွင်း ပျက်စီးမှုမရှိစေရန်၊ လမ်းလျှောက် ဆန္ဒပြသူများကို အဖမ်းအဆီး မလုပ်ရန်နှင့် ဆန္ဒပြရန် လာရောက်သူများကို လွတ်လပ်စွာ ဘုရားဖူးခွင့် ပေးရန်တို့ ဖြစ်သည်။
တောင်းဆိုမှု ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံပြည်သူများ၊ နိုင်ငံရေး အင်အားစုများနှင့် သံဃာများ လမ်းလျှောက် ချိန်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့သေးသည်။
အဆိုပါအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်း အမရပူရ မြို့နယ် ကပ်ကျော် စေတီမှနေ၍ နေ့လယ် ၁၂ နာရီ အချိန်တွင် စတင် ထွက်ခွာခဲ့သည်။ ယင်း ကပ်ကျော်စေတီတွင် မန္တလေးတိုင်း အတွင်းရှိ ရဲအာဏာပိုင်များက လမ်းလျှောက် ချီတက်မှုကို ပိတ်ဆို့ တားဆီးခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။
“ကပ်ကျော် ဘုရားကနေ ထွက်ခွင့်မပေးဘဲ ပိတ်ထားတယ်။ အဲဒီကနေ ရဲတွေက ရှေ့ဆက်မသွားဖို့ တားတယ်။ ဦးဇင်းတို့ကလည်း လမ်းဆက်လျှောက်တယ်။ နောက်တော့ လမ်းလျှောက်တဲ့ သူတွေနဲ့ ဦးဇင်းကို ရဲတွေက ဆွဲတယ်။ လွယ်အိတ်ကိုလည်း ဆွဲတယ်၊ သင်္ကန်းစလည်း ဆွဲတယ်။ စစ်ကိုင်း တံတားကြီးပေါ်လည်း ရောက်ရော လမ်းလျှောက်တဲ့ သူတွေကို အကြမ်းဖက်တော့တာပါဘဲ” ဟု လမ်းလျှောက်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ဆရာတော် ဦးဓမ္မသာရက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း အမရပူရမြို့နယ် ရဲမှူး ဦးရွှေပိုက “လမ်းလျှောက်ဆန္ဒပြတာ ဥပဒေနဲ့ မညီတဲ့တွက် အရေးယူလို့ ရပါတယ်။ အခုဟာက ခွင့်ပြုမိန့် မတင်တဲ့အတွက် ဆန္ဒ ဖော်ထုတ် လမ်းလျှောက်တာကို တားရတာပါ။ သူတို့ သွားချင်တဲ့နေရာကို ကျနော်တို့ ကားတွေနဲ့ လိုက်ပို့မှာပါ” ဟု ဆိုသည်။
လမ်းလျှောက်သည့် အဖွဲ့နှင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့တို့ နှစ်ဘက်ညှိနှိုင်း ခဲ့သော်လည်း ဆက်လက် လမ်းလျှောက်ခဲ့သည့် အတွက် စစ်ကိုင်းတံတားပေါ်တွင် စစ်ကိုင်းရဲများ၏ ဟန့်တားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်း တံတားပေါ်၌ ရဲအင်အား ၁၀၀ ကျော်က သံဆူးကြိုးများ ကာရံပိတ်ဆို့ပြီး လမ်းလျှောက် ဆန္ဒပြသူများကို ဖမ်းဆီး ဟန့်တားခြင်းများ ပြုလုပ်ခဲ့သည်။
“ကျမတို့ လမ်းလျှောက်တာကို ရဲတွေက ပိတ်ဆို့ပြီး တားတယ်။ ကျမတို့အထဲက နှစ်ဦးကို အချုပ်ကားနဲ့ တင်ပြီး ဝင်ဖမ်းတယ်။ နောက်တော့ ကျမတို့က ဖမ်းဆီးထားတဲ့ သူတွေကို လွှတ်ပေးဖို့ အတင်းတောင်းဆိုတဲ့ အတွက် အချုပ်ကားပေါ်က အဖမ်း ခံရတဲ့သူတွေကို လွတ်ပေးပါတယ်” ဟု လမ်းလျှောက်ဆန္ဒပြသူများထဲမှ မမြင့်က ပြောသည်။
လယ်တီသိမ်ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖျက်သိမ်းမည်ဟု သိရှိထားသည့်အတွက် အချိန် နှောင့်နှေးကြန့်ကြာနေမည် စိုးသောကြောင့် လမ်းလျှောက်ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ မတင်ပြနိုင်ခဲ့ကြောင်း လမ်းလျှောက် ဆန္ဒပြသည့်အဖွဲ့မှ ကိုစည်သူက ရှင်းပြသည်။
လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ် မဖျက်သိမ်းရေးအတွက် လမ်းလျှောက်သည့် အဖွဲ့များသည် စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီအနီး စိန်ရတနာ ဓမ္မာရုံတွင် ညအိပ် နားနေစဉ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“သိမ်ဖျက်တာ မဖျက်တာထက် ကျနော်က ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါး မဖြစ်အောင် ကာကွယ် တားဆီးလိုက်တာပါ။ အမှန်ဆို ဒီနေ့က လွှတ်တော်ကို သွားရမယ့် ရက်ပါ။ ကျနော် ခွင့်တိုင်လိုက်တယ်။ နောက်ပြီး နှစ်ဘက် အဖွဲ့စည်းတွေကြားထဲမှာ ဝင်ပြီး ဆွေးနွေးပေးတယ်။ ဟိုဘက်က တောင်းဆိုတဲ့ အချက်တွေနဲ့ ဒီဘက်က ဖြည့်ဆည်းပေးမယ့် အချက်တွေကို ညှိနှိုင်း ပေးတဲ့သဘောပါ။ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ သိမ်ကို တတ်နိုင်ရင်တော့ မဖျက်စေချင်ပါဘူး။ ဒါပေမယ့် အကျိုးနဲ့ အပြစ်တွက်ပြီး ကျနော်တို့ ချင့်ချိန်ရပါမယ်။ အခု ဒီကိစ္စကိုလည်း ပုလဲမြို့နယ်က အမတ် ဒေါ်ခင်စန်းလှိုင်က အမျိုးသား လွှတ်တော်မှာ တင်ပါလိမ့်မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့က လက်ပံတောင်း တောင်၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ရှင်းလင်းရန် အတွက် ယင်းကျေးရွာသို့ သွားရောက်စဉ် လယ်တီတောရ ဆရာတော်၏ သိမ်နှင့် စေတီမှာ သမိုင်း အထောက်အထားအရ မရှိကြောင်း၊ ဆရာတော် သီတင်းသုံးလျှင်လည်း တနှစ်သာ သီတင်းသုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းသိမ်နှင့် စေတီမှာ လယ်တီ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆောက်လုပ်ခဲ့သော သိမ်နှင့် စေတီဟု သမိုင်းကြောင်း အရ သော်လည်ကောင်း၊ စာအုပ်စာတမ်းများ အရသော်လည်ကောင်း အတိအကျ မပြောနိုင်သော်လည်း ဆရာတော် ဘုရားကြီးသည် လက်ပံတောင်းတောင် ဝန်းကျင်တွင် ဝါ ၃ ခါ ဆိုခဲ့ဖူးသည်မှာ ၎င်း ရေးသားထားသည့် ဒီပနီကျမ်းများ စာအုပ်၏ နောက်ဆုံး အပိုဒ်တွင် ကြည့်က သိနိုင်ကြောင်း မုံရွာမှ ဆရာတော် ဦးတိက္ခဉာဏက ဧရာဝတီသို့ ပြောသည်။
“ဦးဇင်းအနေနဲ့ မီးလောင်ဗုံး ထိခဲ့လို့လည်း ဘာမှ မဖြစ်ဘူး။ ဒီကိစ္စကို စပြီး ပါဝင်လာခဲ့တဲ့ အကြောင်းကလည်း လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနာရေး အထင်ကရ ဘုရားစေတီတွေကို မဖျက်ဆီးစေချင်တာပါ။ သိမ်ဆိုတာက သံဃာနဲ့ သက်ဆိုင်တယ်။ ဒီသိမ်မရှိရင် သံဃာဆိုတာလည်း မဖြစ်လာဘူး။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား ကိုတော့ ဦးဇင်းမငြင်းလိုဘူး။ တကယ်လည်း သမိုင်းဆိုင်ရာ အထောက်အထား ပြပါဆိုရင် မပြနိုင်ဘူး။ ဒါ့ကြောင့် ဒီသိမ်နဲ့ စေတီကို လယ်တီ ဆရာတော်ကြီး တည်ခဲ့တယ်လို့ မပြောဘဲ ဆရာတော်ဘုရားကြီးရဲ့ သာသနာ့ အနွှယ်တွေကို မဖျက်ဆီး၊မရွှေ့ပြောင်းဘဲ ဒီအတိုင်းလေးပဲ ဆက်လက် တည်ရှိပေးပါလို့ တောင်းဆိုတာပါ” ဟု အထက်ပါ ဆရာတော်က မိန့်သည်။
ဆရာတော် ဦတိက္ခဉာဏသည် လက်ပန်းတောင်းတောင် မီးလောင်ဗုံးတွင် ဒဏ်ရာရရှိခဲ့သည့် ဦးပဉ္ဇင်း တပါးဖြစ်ပြီး ယခုကိစ္စတွင်လည်း ကိုယ်တိုင် ပါဝင် လမ်းလျှောက်ခဲ့သည်။
လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ချက်အရ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်နှင့် စေတီကို ဖျက်သိမ်းမည်ဟု ဆိုလျှင် ယခု လမ်းလျှောက် ဆန္ဒပြ အဖွဲ့များက အသက်နှင့် ရင်းကာ ကာကွယ်သွားမည် ဖြစ်ပြီး ဆက်လက် လမ်းလျှောက် ချီတက် ဆန္ဒပြ သွားဦးမည် ဖြစ်ကြောင်း သိရသည်။