သတင်း

တိုက်ကြီးတွင် စီမံကိန်းလုပ်ခွင့်ရ ကုမ္ပဏီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထား

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် လဟာမငယ် ကျေးရွာအနီးတွင် တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီက မြေ ၄၉၉ ဧက လုပ်ပိုင်ခွင့် ရယူထားပြီး ရရှိထားသော မြေများပေါ်တွင် ယင်းကုမ္ပဏီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ ကုမ္ပဏီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမှာ တရား မဝင်ကြောင်း၊ ပုဒ်မ ၁၄၄ မှာ အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကသာ ထုတ်ခွင့်ရှိကြောင်း၊ ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ဒေသခံ ရွာသားများအနေဖြင့် အကြောင်း ကြားလာပါက အရေးယူ စုံစမ်းပေးသွားမည် ဖြစ်ပြီး ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများမှ တဆင့်လည်း ဆက်သွယ် နိုင်ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုးက ဧရာဝတီသို့ ပြောသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ မှာ ညမထွက်ရ အမိန့် ဖြစ်ပြီး အမိန့်မလိုက်နာပါက ပစ်သတ်ခွင့်ရှိသော ပုဒ်မ တခုဖြစ်ပြီး ပုဒ်မ ၁၄၄ ကြောင့် ထောင်ဒဏ် အနည်းဆုံး ၃ လ ကျခံရကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်နှင့် ၇ မိုင်ခန့်အကွာရှိ လဟာမငယ် ကျေးရွာအနီးတွင် တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၀၆ ခုနှစ်တွင် ကြက်ဆူ စီမံကိန်းအတွက် မြေသိမ်းယူခဲ့ပြီး လုပ်ငန်း မအောင်မြင်သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ကျွန်း ပြောင်းလဲ စိုက်ပျိုးခဲ့ပြီးနောက် ပုဒ်မ ၁၄၄ ကို ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရွာသားများက ဧရာဝတီသို့ ပြောသည်။

ယင်းဒေသတွင် မြေသိမ်းခံရမှုများနှင့် ပတ်သက်၍ ပါတီသို့ တိုင်ကြားလာသောကြောင့် သွားရောက် စစ်ဆေးခဲ့သူ တိုက်ကြီး မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ခံ ဦးအဂ္ဂထံ သွားရောက် မေးမြန်းခဲ့ရာ ယခင် တာဝန်ခံက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ယခင် တာဝန်ခံ ထုတ်ပြန်ခဲ့သော အမိန့်ဖြစ်သောကြောင့် ပုဒ်မ ၁၄၄ ဆိုင်းဘုတ်များကို ဖြုတ်မပေးနိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း၊ ကုမ္ပဏီ အနေဖြင့် ထုတ်ပိုင်ခွင့် မရှိခြင်းကို မိမိတို့ မသိရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။

“ကျနော့်ကို လာတိုင်လို့ သွားဆင်းကြည့်လိုက်တော့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဆိုင်းဘုတ်တွေ တွေ့တယ်။ အနီရောင် နောက်ခံမှာ အဖြူရောင် စာလုံးနဲ့ ရေးထားတာ၊ သစ်ပင်ကြီးတွေမှာ ကပ်ထားတာ ကြာတော့ ကြာနေပြီ” ဟု ဦးမြင့်သိန်းက ဆိုသည်။

ကုမ္ပဏီ သိမ်းယူထားသော မြေများတွင် ဒေသခံများ ဓားမ ဦးချ လုပ်ကိုင်နေသော မြေတချို့ ပါဝင်လျှက် ရှိသော်လည်း မြို့နယ် မြေစာရင်းရုံးက မြေလွတ်မြေရိုင်းဟု ဆိုကာ စီမံကိန်း လုပ်ပိုင်ခွင့်များ ချထားပေးခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်သောကြောင့် ရွာသားများမှာ ဖြတ်သန်းသွားလာရန် ကြောက်ရွံ့လျှက် ရှိကြောင်း၊ ကျွဲနွားများ လွှတ်ကျောင်း မိပါကလည်း ဒဏ်ကြေး ၃ သောင်းကို ကုမ္ပဏီထံ ပေးဆောင်ရကြောင်း၊ ၎င်းတို့ အနေဖြင့် လျော်ကြေး မလိုချင်ဘဲ ကုမ္ပဏီလုပ်ကိုင်ခြင်း မရှိသော မြေလွတ်များပေါ်တွင် စိုက်ပျိုး လုပ်ကိုင်လိုခြင်းသာ ဖြစ်ကြောင်း လဟာမငယ် ကျေးရွာမှ မြေသုံးဧက ပိုင်ဆိုင်သူ မမိုးမိုးဆွေက ပြောသည်။

“ဒေသခံတွေက နှစ်ဧက၊ သုံးဧကလောက်ပဲ ပိုင်ကြတာ။ ကိုယ့်ယာမြေပဲ ပြန်လုပ်ချင်တယ်။ အရင်က သီးစား တဧကကို ၅ ထောင်လောက်နဲ့ ၂၀၁၁ ခုနှစ် လောက်အထိ ကုမ္ပဏီက သီးစား ပြန်ချပေးသေးတယ်။ နောက်ပိုင်း လုပ်လို့ မရတော့ဘူး” ဟု မမိုးမိုးဆွေက ဆက်ပြောသည်။

တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံ ဦးအဂ္ဂထံသို့ ဧရာဝတီ သတင်းဌာနက ၅ ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပိတ်ထားသည်။

တိုက်ကြီးဒေသတွင် ဒေသခံများက တနိုင်တပိုင် ပဲ၊ နှမ်း၊ ပြောင်းနှင့် ကြံတို့ စိုက်ပျိုးလျှက် ရှိကြောင်း သိရသည်။

Loading