Health

FDA ဝန်ထမ်းအင်အား ၆ ဆ တိုးချဲ့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဋ္ဌာန (FDA) တွင် အချန်မီ သတင်းထုတ်ပြန်နိုင်ရေးနှင့် လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဝန်ထမ်းအင်အား ၆ ဆ တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

“အခုကျနော်တို့က လူသန်း ၆၀ အတွက် လူပေါင်း ၁၃၀ နဲ့ လုပ်နေရတဲ့အတွက် အများပြည်သူဆီ သတင်းထုတ်ပြန်ရေးဌာန သီးသန့်မရှိဘူး။ ရှိတဲ့သူတွေ အကုန်လုံးက ထိုင်မနေရဘူး၊ နားမနေရဘူး၊ မရပ်မနား လုပ်နေရတယ်။ ဒါတောင်မှ FDA ကလူတွေက ဘယ်နား သွားသေနေသလဲ၊ ဘယ်နား အိပ်နေသလဲလို့ မီဒီယာရဲ့ ထိုးနှက်တာတွေလည်း ခံရတယ်” ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဧရာဝတီသို့ ပြောသည်။

FDA တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းပေါင်း ၁၃၀ ရှိပြီး ဈေးကွက်အတွင်းရှိ အစားအသောက်များ စိတ်ချလုံခြုံမှု ရှိ/မရှိကို ပုံမှန်စီမံချက်နှင့် အထူးစီမံချက်ဟု သတ်မှတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပုံမှန် စီမံချက်အနေဖြင့် ၃ လတကြိမ် ဈေးကွက်အတွင်း သုတေသနပြုလုပ်ကာ အများပြည်သူ သိသင့်သော အချက်အလက်များကို သတင်းစာများမှတဆင့် ထုတ်ပြန်ပေးခြင်း၊ အထူးစီမံချက် အနေဖြင့်လည်း ရရှိလာသည့် သတင်း အချက်အလက်ပေါ် မူတည်၍ နယ်မြေဆင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေါက်တာ ထွန်းဇော်က ရှင်းပြသည်။

“ကျနော်တို့က ဖွဲ့စည်းပုံမှာ လူအင်အား ဒီလောက်နဲ့ဆို ဒီလုပ်ငန်းတွေကို အကုန် ပြည့်ပြည်၀၀ မလုပ်နိုင်ဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံ တိုးချဲ့ခွင့် တင်တယ်။ လူကြီးတွေကလည်း ဒါကို နားလည်ပြီး နိုင်ငံတော်ကလည်း တိုးခဲျ့ခွင့်ပေးတယ်။ နောက်ထပ် ဖွဲ့စည်းပုံ တိုးခဲျ့ခွင့်မှာဆိုရင် လူဦးရေ ၆၆၅ ယောက်ဆိုတော့ လက်ရှိဖွဲ့စည်းပုံထက် ၆ ဆလောက်ကို ခွင့်ပြုထားတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

“အဲဒီချိန်ကျရင် မီဒီယာတွေ ကျေနပ်လောက်အောင် ဌာနစိတ်တိုင်းက လုပ်ဆောင်ချက်တွေက ရတဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့အတွက် ပြင်ပ ဆက်ဆံရေးဌာနတွေကနေ လုပ်ပေးသွားမယ်။ အခု ကျနော်တို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် စာမျက်နှာ လုပ်ဖို့ ပြင်ဆင်နေတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆက်ပြောသည်။

ထပ်မံတိုးချဲ့မည့် ဝန်ထမ်းအင်အား အပြည့်ရရှိနိုင်ရေးအတွက် ဝန်ထမ်းခေါ်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းများကို ပြုလုပ်ရဦးမည်ဖြစ်ပြီး တိုးချဲ့ဖွဲ့စည်းပုံ အပြည့်ရရှိပါက FDA ၏ လက်ရှိ လုပ်ဆောင်မှုများထက် ၆ ဆပို၍ လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ကျနော်တို့ လုပ်တာကိုင်တာတွေကို အများပြည်သူကို ထုတ်ပြန်ဖို့အတွက် ကျနော်တို့မှာ လူအင်အားမရှိဘူး။ လူအင်အား မရှိဘူးဆိုတာ သတင်းထုတ်ပြန်ရေး ဌာနရှိမှ လုပ်မယ်။ ဒါလည်းလုပ်ရ၊ ဟိုဟာလည်း လုပ်ရဆိုတော့ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ မဖြစ်မနေ အသိပေးရမယ့် ကိစ္စမျိုးကိုတော့ ကျနော်တို့က အသိပေးရဖို့ တာဝန်ရှိတယ်။ အသိပေးသင့်လျက်နဲ့ မပေးဘူး ဆိုရင်တော့ ကျနော်တို့ဘက်က နှောင့်နှေးတာပေါ့” ဟု ဒေါက်တာ ထွန်းဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကလေးကြိုက် သွားရေစာများနှင့် အစားအသောက်များသည် လည်းကောင်း၊ ဈေးကွက်အတွင်းသို့ တံဆိပ်အမျိုးမျိုးဖြင့် ဝင်ရောက်နေသည့် အရက်များသည် လည်းကောင်း၊ ဓာတုပိုးသတ်ဆေး အကြွင်းအကျန်များ ပါဝင်နေနိုင်သည့် မီးဖိုချောင်သီးနှံများသည် လည်းကောင်း၊ ဈေးကွက်အတွင်းရှိ ဆေးဝါးများကို လည်းကောင်း စားသုံးသူများ၏ ကျန်းမာရေးအတွက် စစ်ဆေးပေးရန် လိုလျက်ရှိနေကြောင်း စားသုံးသူ အချို့က ပြောသည်။

“ကျနော်တို့ ဖြစ်စေချင်တာတော့ အစားသောက် ကွပ်ကဲရေးဌာနတွေကနေ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေချင်ပါတယ်။ စားသုံးသူတွေက မစားရလည်း မနေနိုင်တော့ အရဲစွန့်ပြီး စားနေရတာပေါ့ဗျာ။ ကျနော် ကြားဖူးတာကတော့ သူတို့က လာစစ်တော့မယ်ဆို ကြိုအကြောင်းကြားတယ်။ အဲဒီတော့ စက်ရုံတွေက ပြင်ဆင်လို့ ရသွားတယ်။ အဲဒီတော့ သူတို့လာစစ်ရင် အိုကေတယ်” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် ကိုဖြိုးဝေက ပြောသည်။

ထို့အပြင် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မဝါဝါလင်းလှိုင်ကလည်း “အစိုးရအနေနဲ့က အဲ့ဒီလို စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ တင်းတင်းကြပ်ကြပ် စစ်ဆေးစေချင်တယ်။ ကျန်းမာရေးအတွက် Safe ဖြစ်ပြီဆိုမှ အဲ့ဒီ့စားသောက်ကုန်ကို ခွင့်ပြုမိန့် ချပေးစေချင်တယ်။ တကယ်လို့ ဈေးကွက် ရောက်သွားခဲ့ရင်လည်း အဲဒီကုန်စည်ကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က လက်ဖက်များ၊ ငရုတ်ဆီများ၊ ငရုတ်သီးမှုန့်များ၊ အစိမ်းစား ငါးပိများ၊ မျှစ်များတွင် ဓာတုဆိုးဆေးများ ပါဝင်နေခြင်း၊ တရုတ်ပြည်တွင် ဖြစ်ပွားသည့် ကလေးနို့မှုန့်များတွင် မယ်လမင်း ပါဝင်နေခြင်းတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက ပူးပေါင်းကာ စစ်ဆေးဖမ်းဆီး၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။

မကြာသေးမီကာလကလည်း ဧရာဝတီတိုင်းမှ ထုတ်လုပ်သော ရေချိုငါးပိများတွင် ယူရီးယားပါဝင်မှုရှိကြောင်း လူမှုရေး အသင်းအဖွဲ့တခု ဖြစ်သည့် မြန်မာနိုင်ငံ စားသူများ ကာကွယ်ရေးအသင်းက သံသယရှိသဖြင့်၊ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ FDAဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ နမူနာတမျိုးတွင် ယူရီးယား ပါဝင်နေကြောင်း FDAက အတည်ပြုခဲ့သည်။

“အပြင်ဓာတ်ခွဲခန်းတွေမှာက အရောင်နဲ့ ဗက်တီးရီးယား ပါဝင်မှုကိုပဲ စစ်လို့ရတယ်။ ဒါပေမယ့် သုံးထားတဲ့ ဓာတုဆေးဝါးကို စစ်လို့မရဘူး။ စက်ကိရိယာ မစုံတဲ့အတွက်လို့ ပြောတယ်။ FDA မှာ သွားစစ်တာ အဖြေရဖို့ ၁ လကြာတယ်။ အသင်းပိုင် ဓာတ်ခွဲခန်းထောင်ချင်ပေမယ့် ကျနော်တို့ မလုပ်နိုင်သေးဘူး” ဟု မြန်မာနိုင်ငံ စားသူများ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။

မန္တလေးမြို့တွင်းရှိ တရားမဝင် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များနှင့် အရောင်းဆိုင်များကို အောက်တိုဘာလမှ စတင်ပြီး ရှောင်တခင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးတော့မည် ဖြစ်ကြောင်း သိရသည်။

ဈေးချိုအပါအဝင် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စ္စည်းများမှာ တရားဝင်သော ကုန်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို စစ်ဆေးကာ တရားဝင် သယ်ဆောင်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက သိမ်းဆည်းထားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောသည်။

မန္တလေးမြို့သို့ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများ အများဆုံး ဝင်ရောက်လျက် ရှိပြီး အကောက်ခွန်မဲ့ ပစ္စည်းများမှာ အီလက်ထရွန်းနစ် ပစ္စည်းများ၊ အရက်ဘီယာ၊ ကလေးငယ်များ စားသုံးနေသည့် အသင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာများနှင့် မိုဘိုင်းဖုန်းများ အများဆုံး တင်သွင်းကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading