ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်တချို့၌ သောက်သုံးရေများတွင် အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏ များပြားနေသည့်အတွက် အန္တရာယ်ကင်းသည့် သုံးစွဲရေရရှိရန် ပေ ၄၀၀ ကျော် အနက်ရှိသည့် အဝီစိတွင်းများ တူးဖော် အသုံးပြုနေရကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့မြို့နယ်မှာ အာဆင်းနစ်ဓာတ် လွတ်ဖို့ဆိုရင် အဝီစိတွင်းက ပေ ၄၀၀ ကျော်တူးမှ အဆင်ပြေတယ်။ မြေအောက် ပေ ၁၀၀ ကနေ ပေ ၃၀၀ ကျော်အထိက အာဆင်းနစ်ဓာတ် ပါဝင်မှု များနေတော့ အသုံးပြုဖို့ မသင့်တော်တဲ့ ရေအမျိုးအစားတွေ ဖြစ်နေတယ်” ဟု ကျောင်းကုန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဧရာဝတီကို ပြောသည်။
သောက်သုံးရေ၌ အာဆင်းနစ်အဆိပ် ပါဝင်မှု များပြားနေသည့် ဒေသများမှာ ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်နှင့် သာပေါင်းမြို့နယ်တို့ဖြစ်ပြီး အထူးသဖြင့် ကျောင်းကုန်းမြို့နယ်မှာ မြန်မာတနိုင်ငံလုံးတွင် သောက်သုံးရေ၌ အာဆင်းနစ် ပါဝင်မှု အများဆုံး ဒေသအဖြစ် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနက သတ်မှတ်ထားသည်။
ယင်းမြို့နယ်များရှိ ရေတွင်းများအား NGO များ၏ အကူအညီဖြင့် အာဆင်းနစ်ပါဝင်မှု စစ်ဆေးခဲ့ရာ ရေတွင်းအများစုမှာ အသုံးပြုရန် မသင့်သည့် အခြေအနေများ တွေ့ရှိခဲ့ရကြောင်း ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောက်သုံးရေတွင် အာဆင်းနစ်အဆိပ် ပါဝင်မှု ၁၀ ppb (ရေ ၁ လီတာတွင် အာဆင်းနစ် ဝ.၀၁ မိုက်ခရိုဂရမ်) အထိသာ စံနှုန်း သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင်မူ ၅၀ ppb (ရေ ၁ လီတာတွင် ဝ.၀၅ မိုက်ခရိုဂရမ်) စံနှုန်း သတ်မှတ် ထားကြောင်း သိရသည်။
“ကျနော်တို့ သာပေါင်းမြို့နယ်မှာ NGO တခုရဲ့အကူအညီနဲ့ ရေတွင်းတွေကို အာဆင်းနစ်ပါဝင်မှု စစ်ဆေးကြည့်လိုက်တာ တွင်းပေါင်း ၂၀၀ ကျော်မှာ ၁၅၀ လောက်က အာဆင်းနစ်ပါဝင်မှု အန္တရာယ်ရှိတဲ့ အဆင့်ဖြစ်နေတယ်။ ရေတွင်း တချို့ဆိုရင် မသုံးစွဲသင့်ကြောင်း ဆိုပြီး ဆိုင်းဘုတ် ထောင်ရတဲ့ အခြေအနေအထိ ရှိတယ်။ အာဆင်းနစ်က ၁၀၀ ကနေ ၁၅၀၊ ၂၀၀ ppb
အထိ ပါဝင်နေတာ တွေ့ရတယ်” ဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။
သောက်သုံးရေအတွင်း အာဆင်းနစ် ပါဝင်မှု များပြားရခြင်းမှာ ဧရာဝတီတိုင်းဒေသကြီး၏ အောက်ခြေ မြေလွှာအတွင်းရှိ အာဆင်းနစ်အဆိပ် ပါဝင်သော ကျောက်လွှာများ ကြေပျက်ကာ ရေတွင် ပျော်ဝင်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဘူမိဗေဒ ပညာရပ်ကို လေ့လာနေသူ စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောသည်။
အာဆင်းနစ် အဆိပ်ပါဝင်သည့် သောက်သုံးရေများကို ကြာရှည်သုံးစွဲမိပါက ကျောက်ကပ်၊ အဆုတ်၊ အစာအိမ်၊ အူမကြီးနှင့် အရေပြားကင်ဆာများ ဖြစ်ပွားနိုင်ကြောင်း ပုသိမ်မြို့မှ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာသန်းထိုက်က ရှင်းပြသည်။
“ဆေးပညာအရတော့ အာဆင်းနစ် အဆိပ်သင့်တယ် ခေါ်တယ်။ အာဆင်းနစ်ပါတဲ့ရေကို သောက်တာ၊ သုံးတာကြာလာရင် ခန္ဓာကိုယ်ထဲမှာ အာဆင်းနစ်အဆိပ်တွေ များလာပြီး အစာအိမ်၊ ကျောက်ကပ်၊ အူမကြီးကင်ဆာတွေ ဖြစ်နိုင်တယ်။ ရေချိုးတာ ကြောင့်လည်း အရေပြားမှာ ကင်ဆာဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
ဒေသခံများမှာ မိုးရာသီတွင် မိုးရေခံ၍ အသုံးပြုကြသော်လည်း နွေရာသီ ရေရှားချိန်၌ အာဆင်းနစ်ပါသည့် ရေကိုပင် သုံးစွဲ နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဆိုသည်။
“မိုးတွင်းကျတော့ မိုးရေခံပြီး သုံးကြတော့ သိပ်ပြဿနာမရှိဘူး။ နွေကျတော့ ကန်တွေလည်း ရေခမ်းကုန်ရော အာဆင်းနစ် ပါတာ မပါတာ မစဉ်းစားနိုင်တော့ဘူး။ ရှိတဲ့ချောင်းရေ၊ မြစ်ရေ၊ အဝီစိရေ၊ တွင်းရေ ဒါတွေကိုပဲ သုံးရတော့တာပေါ့” ဟု သူက ဆက်ပြောသည်။
အာဆင်းနစ် အဆိပ်သင့်မှု ဘေးမှ ကာကွယ်နိုင်ရန်အတွက် အစိုးရအနေဖြင့် WHO ကဲ့သို့ အဖွဲ့အစည်းများနှင့် လက်တွဲ၍ သောက်သုံးရေအတွင်း အာဆင်းနစ်ပါဝင်မှု အခြေအနေကို သုတေသနပြုကာ အစီအမံကောင်းများ ချမှတ် လုပ်ဆောင် သွားရန် လိုအပ်ကြောင်း ဒေါက်တာခင်မောင်ညိုက အကြံပြုပြောဆိုသည်။
ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် WHO ၏ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေသော အာဆင်းနစ်အဆိပ် ပါဝင်သည့်ရေကို သုံးစွဲနေသူ ၁ ဒဿမ ၁ သန်းကျော် (၁၁ သိန်း ၆ သောင်း) ရှိကြောင်း သိရသည်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သောက်ရေမှတဆင့် အာဆင်းနစ် အဆိပ်သင့်သူပေါင်း ၇၇ သန်းရှိနေပြီး ယင်းပမာဏမှာ သမိုင်းတလျှောက် လူဦးရေ အများဆုံး အာဆင်းနစ် အဆိပ်သင့်ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဖော် ပြောဆိုထားသည်။