သတင်း

Apple ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ဝယ်သူမရှိသေး

This article has been converted from Zawgyi One to Unicode

Apple ထုတ်ကုန်များကို အရစ်ကျစနစ်ဖြင့် စက်တင်ဘာ နောက်ဆုံးအပတ်မှ စတင်၍ Junction မော်တင် ရှိ MDrive အရောင်းဆိုင်တွင် ဧရာဝတီဘဏ်နှင့် ချိတ်ဆက် ရောင်းချပေးနေပြီ ဖြစ်သော်လည်း လာရောက် ဝယ်ယူသူ မရှိသေးကြောင်း သိရသည်။

“ကျနော် အံ့သြလို့ မဆုံးဘူး၊ ဘာလို့လဲဆိုတော့ အရစ်ကျစနစ်နဲ့ ဝယ်ချင်ပါတယ်လို့ ဆိုင်ကို လာမေးတဲ့သူ လုံးဝ မရှိသေးဘူး” ဟု Magellan Group ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ် မြန်မာပြည်တွင် Apple ထုတ်ကုန်များကို ပထမဆုံး တရားဝင် ကိုယ်စားလှယ်ယူ ရောင်းချခွင့် ရရှိထားသည့် MDrive အရောင်းဆိုင်၏ တာဝန်ရှိသူလည်း ဖြစ်သူ ကိုမြတ်ထူးက
ဧရာဝတီသို့ ပြောသည်။

ှMDrive အရောင်းဆိုင်မှ ယုံကြည်စိတ်ချရသည့် ပုဂ္ဂလိက ကုမ္ပဏီတချို့အတွက် ဝယ်ယူမည့် ပစ္စည်း တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဧရာဝတီဘဏ်တွင် အာမခံငွေ စိုက်ထည့်ပေးကာ ပစ္စည်း ရောင်းချပေးမည် ဖြစ်သော်လည်း တချို့ ကုမ္ပဏီများ ကမူ Apple ထုတ်ကုန်များကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ဧရာဝတီဘဏ်နှင့် တိုက်ရိုက် ချိတ်ဆက်ကာ အာမခံ စာချုပ် အရင် ချုပ်ဆိုရမည်ဟု ၎င်းက ဆိုသည်။

“ဘဏ်ကလည်း အာမခံပေးနိုင်တဲ့သူကို ရောင်းပေးမယ်။ အာမခံ မပေးနိုင်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ဘဏ် ဘက် ကတော့ ကျပ် ၃၊ ၄ သိန်းဖိုးလောက်ပဲ ဝယ်မယ်ဆိုရင် စာရွက်စာတမ်း ကိစ္စတွေ အလုပ်ရှုပ်တယ်။ သိန်း ၃၀၊ ၄၀ ဖိုးလောက် ဝယ်မယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေတယ်လို့ ကျနော်တို့ ဘက်ကို ပြောထားတယ်” ဟု ကိုမြတ်ထူးက ရှင်းပြသည်။

ဧရာဝတီဘဏ် အကောင့်ရှိသူများ အနေဖြင့်မူ Apple ထုတ်ကုန်ကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ဝယ်ယူမည့် ပစ္စည်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းထက် မနည်းသော ငွေပမာဏကို ဘဏ်အကောင့်တွင် ထည့်ထားရမည် ဖြစ်ပြီး ပစ္စည်း ဝယ်ယူပြီးနောက် တနှစ်အတွင်း ငွေချေပြီးမှသာ ဘဏ်အပ်ငွေကို ပြန်ထုတ်ခွင့် ရမည်ဖြစ်ကြောင်း၊ လက်တလောတွင် ဘဏ်စာအုပ်ကို မျဉ်းနီတားထားပြီး ဘဏ်တိုး ကိုသာ ထုတ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီဝန်ထမ်းတဦးက ဝယ်ချင်တယ်ဆိုရင်တော့ ကုမ္ပဏီ အာမခံချက် အပြင် MDrive အရောင်းဆိုင်ရဲ့ အာမခံ ချက်လည်း လိုလိမ့်မယ်၊ MDrive ဘက်က အာမခံချက် မပေးရင်တော့ ဝယ်မယ့်သူ အနေနဲ့ ဧရာဝတီဘဏ် အကောင့် လိုလိမ့်မယ်” ဟု ဧရာဝတီဘဏ် ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ပုဂ္ဂလိကုမ္ပဏီများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဧရာဝတီဘဏ်အကောင့် ဖွင့်ထားပြီးသူများ အနေဖြင့် Apple ထုတ်ကုန်များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူပါက ဝယ်ယူမည့် ပစ္စည်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် ငွေတန်ဖိုး ၇၀ ရာခိုင်နှုန်းမှ ဘဏ်အတိုးနှုန်း ၇ ရာခိုင်နှုန်း ကို ပစ္စည်း ဝယ်ယူမည့်နေ့တွင် လက်ငင်း ပေးချေရမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေ ၇၀ ရာခိုင်နှုန်းကို ၁၂ လအတွင်း အပြီးပေးချေရမည်ဟု ဧရာဝတီဘဏ်မှ သိရသည်။

“ကုမ္ပဏီ ဝန်ထမ်းတွေ အတွက်တော့ အရစ်ကျပုံစံနဲ့ ဝယ်စရာ သိပ်မလိုဘူးလို့ ထင်တယ်။ သူတို့အတွက် လိုအပ်တဲ့ပစ္စည်း တွေက ကုမ္ပဏီက စီစဉ်ပေးမှာပဲလေ။ ကိုယ်ပိုင် လုပ်ငန်းသမားတွေ၊ တခြား အလွတ်တန်း အလုပ်လုပ်တဲ့ သူတွေ အတွက်တော့ အရစ်ကျဝယ်ယူမှုက အရေးပါတယ်။ အဲဒီလို လူတွေအတွက်လည်း စီစဉ်မှုတွေ ရှိသင့်တယ်” ဟု Apple ထုတ်ကုန်များ သုံးစွဲလေ့ရှိသူ ကိုငြိမ်းချမ်းက အရစ်ကျစနစ်ဖြင့် ရောင်းချမှုအပေါ် သုံးသပ်သည်။

တချို့နိုင်ငံများတွင် Apple ထုတ်ကုန်များကို အရစ်ကျ စနစ်ဖြင့်ရောင်းချပေးပါက တခြားထုတ်ကုန်များထက် အာမခံချက် တောင်းရာတွင် ပိုမို ရှုပ်ထွေးမှုရှိကြောင်း၊ Apple ထုတ်ကုန် များအတွက် ပစ္စည်းအရည်အသွေး ထိန်းသိမ်းလိုသည့် အတွက် ဈေးနှုန်းလည်း များသကဲ့သို့ အာမခံချက်များ တောင်းရာတွင်လည်း ရှုပ်ထွေးကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေး စီးဆင်းမှု စနစ် ရှုပ်ထွေးခြင်းနှင့် ဘဏ်စနစ်များ မချောမွေ့သေးသည့် အတွက် အရစ်ကျ ရောင်းချမှုများ ရှိလာသော်လည်း ဝယ်ယူရန် စိတ်ဝင်စားမှု နည်းပါးနေခြင်း ဖြစ်နိုင်ကြောင်း Apple ထုတ်ကုန် သုံံးစွဲကြသူ များက ဆိုသည်။

Loading