Environment

ပတ်ဝန်းကျင် ညစ်ညမ်းမှု စမ်းသပ်နိုင်သည့် ဓာတ်ခွဲခန်း အခမဲ့ စစ်ဆေးပေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း အခြေစိုက် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ညစ်ညမ်းမှုများ၊ ပျက်စီးမှု များကို စမ်းသပ် စစ်ဆေးပေးနိုင်သော ဓာတ်ခွဲခန်း တခုကို စတင် ဖွင့်လှစ်လိုက်ပြီး ယင်းဓာတ်ခွဲခန်းတွင် အများ ပြည်သူများနှင့် သက်ဆိုင်သည့် စမ်းသပ် စစ်ဆေးမှုများကို အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ အများပြည်သူနှင့် သက်ဆိုင်သော သောက်သုံးရေ၊ သဘာ၀ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ရေများ၊ စက်ရုံများမှ စွန့်ပစ်ရေများ အပါအဝင် မြေထု ညစ်ညမ်းမှုများ၊ လေထု ညစ်ညမ်းမှုများကို ယင်းဓာတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်း တည်ထောင်ရန် ပြင်သစ်အစိုးရ ထံမှ အမေရိကန် ဒေါ်လာ တသိန်းခွဲကို အလှူငွေ ရရှိခဲ့သော်လည်း လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူခဲ့ရာ အဆိုပါ အလှူငွေ ဖြင့် မလောက် ငှသောကြောင့် အသင်း ရန်ပုံငွေမှ စိုက်ထုတ်သုံးစွဲ ခဲ့ရ ကြောင်း၊ ယခု တနှစ်စာ အတွက် အများ ပြည်သူ များ နှင့် သက်ဆိုင်သော စမ်းသပ်မှု များကို အခမဲ့လုပ် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီ များက စမ်းသပ် စစ်ဆေး မည်ဆိုပါက ငွေကြေး ကောက်ခံသွားမည်ဖြစ်ကြောင်း စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

“ကျနော်တို့ ရည်ရွယ်တာက အများပြည်သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် အစိုးရကလည်း စစ်၊ ကျနော်တို့လည်း စစ်မယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေကလည်း သူ့ဘာသာစစ် ဆိုတော့ ရတဲ့ အဖြေက ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာစေချင် တဲ့ သဘောပါ” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

ယင်းဓာတ်ခွဲခန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်သွားမည့် အပြင် မြို့ပြ ကျေးရွာ ဒေသရှိ ပတ်ဝန်းကျင်ရေးရာ ပြောင်းလဲ ဖြစ်ပေါ်မှုများကို သိပ္ပံနည်းကျ စမ်းသပ်၍ ပြည်သူများထံ အချိန်နှင့် တပြေးညီ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စွမ်းရည် နှင့် အရည် အသွေး မြှင့်တင်ရေး လုပ်ငန်းများ တွင် ကူညီ ဆောင်ရွက်ရန်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုနှင့် စက်မှုလက်မှု လုပ်ငန်းများ ကြောင့် မြို့ပြနှင့် ကျေးလက်တွင် သဘာဝပတ်ဝန်းကျင် အရည်အသွေး ထိခိုက် ဆုံးရှုံးမှုများ စမ်းသပ် လေ့လာ မှုများ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

“ဓာတ်ခွဲခန်း အပြင် ကျနော်တို့က လူငယ်တွေ အတွက် သဘာ၀ ပတ်ဝန်းကျင် သိပ္ပံဆိုင်ရာ သင်တန်းမျိုးတွေပါ လုပ်မှာပါ။ ၁၀ တန်းအောင်၊ တက္ကသိုလ်ဘွဲ့ရ စသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ အခြေခံ ဗဟုသုတတွေကို ဖြန့်ဝေ သွား မှာပါ။ တလကို ၃ ကြိမ်နှုန်း နဲ့ သင်တန်းဖွင့်သွားဖို့ စီစဉ်ထားတယ်” ဓာတ်ခွဲခန်း တာဝန်ခံ ဒေါက်တာ ကျော်ငြိမ်းအေး က ပြောသည်။

မြန်မာနိုင်ငံ ငှက်ကြည့် ဝါသနာရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်မောင်သိန်းက သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးမှုများ စမ်းသပ်နိုင်သော ဓာတ်ခွဲခန်းများစွာ လိုအပ်ကြောင်း၊ လတ်တလော ရေ၊ မြေ၊ လေထု ညစ်ညမ်းမှုများ စစ်ဆေးနိုင်သော ဓာတ်ခွဲခန်း အလွန်နည်းပါးကြောင်း ၊ မန္တလေး တောင်သမန်အင်းတဝိုက်တွင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများကြောင့် ဖမ်းယူရရှိသော ငါးများ စားသုံးရာတွင် စားသုံးသူများအပေါ် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

“မန္တလေးမြို့ကို ပေးဝေနေတဲ့ ဧရာဝတီမြစ်ရေဆို ဘယ်လိုလုပ်မလဲ။ မြစ်ရေကို အနည် ထိုင်အောင် စစ်ပြီးဝေတာ။ ဓာတ်ခွဲ စမ်းသပ် ထားတာမျိုး မရှိဘူး။ ဧရာဝတီမြစ်မှာ သယံဇာတ ထုတ်လုပ်ရေးတွေကြောင့် ဓာတုပစ္စည်းတွေ ဘယ်လောက် ပျော်ဝင်နေသလဲဆိုတာ စစ်ဆေးသင့်တယ်။ ဧရာဝတီမြစ်က ရတဲ့ငါးတွေရော၊ စားနေကြတာပဲ။ ငါးတွေပါ စမ်းသပ် စစ်ဆေး သင့်တယ်။ ကျနော်တို့ နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စစ်ဆေးမှုတွေ လုပ်စရာ အများကြီးပါ။ အခုလို ဓာတ်ခွဲခန်း ကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လုပ်နေတာလည်း တကယ်တော့ အကန့်သတ်နဲ့ပဲ လုပ်နိုင်တာ။ တကယ် တာဝန် ရှိရှိ လုပ်ရမှာက အစိုးရကလုပ်ရမှာ” ဟု ဦးဇင်မောင်သိန်းက ဆိုသည်။

စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ဖွင့်လှစ်သော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု စမ်းသပ် စစ်ဆေးနိုင် သည့် ဓာတ်ခွဲခန်းမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် တည်ရှိကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading