သတင်း

လွှတ်တော်နှင့် ဆက်ဆံရေး ပြေလည်ရန် သမ္မတက ဆပ်ကော်မတီများ ထပ်ဖွဲ့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတဝန်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရေး၊ လွှတ်တော်နှင့်အစိုးရအကြား ဆက်ဆံမှု ပိုမို ကောင်း မွန်စေရေး အတွက်ဟု ဆိုကာ ပြည်ထောင်စု အဆင့် ဒု ဝန်ကြီး ၂၃ ဦး ဦးဆောင်သည့် ဆပ်ကော်မတီ ၂၆ ခုကို သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်း တာဝန်ပေးလိုက်သည်။

ထိုဆပ်ကော်မတီ ဥက္ကဋ္ဌများသည် နိုင်ငံတော် သမ္မတ၏ အထူးတာဝန်ပေး(Taskforce) လက်ရုံးများအဖြစ် တာဝန်ပေး ခြင်းဖြစ်ပြီး အောက်ခြေအထိ ကွင်းဆင်းလုပ်ဆောင်ရန် ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြောင်း နိုင်ငံတော် သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုကော်မတီများကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ရခြင်းမှာ အစိုးရ အဖွဲ့ဝင်တချို့သည် မိမိတို့ အစိုးရ ဌာနများ၏ လုပ်ငန်း ကဏ္ဍများအား လွှတ်တော်သို့ သွားရောက်ဆွေးနွေးရာတွင် တချို့သာသွားရောက် ဆွေးနွေးဖြေရှင်းပြီး ပြန်လည် အကောင်အထည်ဖော်မှု အပိုင်းတွင် လည်း အားနည်းနေကြောင်း သမ္မတ က ဆိုသည်။

ဦးသိန်းစိန်က“အခု ဖွဲ့စည်း တာဝန်ပေးလိုက်တဲ့ ဆပ်ကော်မတီတွေ အနေနဲ့ လွှတ်တော် ကော်မတီတွေက ဖိတ်ကြားတဲ့အခါမှာ သွား ရောက် ဖြေရှင်းလိုက်ခြင်းအားဖြင့် အစိုးရနဲ့လွှတ်တော်ကြားမှာ ဆက်ဆံရေး ပိုမို အဆင်ပြေလာမှာ ဖြစ်တယ်”ဟု ဆိုသည်။

ပြည်ထောင်စု အဆင့်ဝန်ကြီးများသည် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လွှတ်တော်၌ လာရောက်ဖြေဆို ရှင်း လင်း မှုများ လုပ်ဆောင်ရာတွင် အဆင်မပြေမှုများနှင့် မကြာခဏ ကြုံတွေ့ရ၍ ကိုယ်တိုင် လာရောက်ရှင်းလင်း ဖြေဆိုရန် ဆန္ဒမရှိကြ ဟု သိရသည်။ ထို့ကြောင့်ပင် ပြည်သူလူထု အကြား ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်မှု နှေးကွေးနေသည်ဟု အများက ပြောဆိုမှုများလည်း ရှိနေသည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ကော်မတီ၊ ကော်မရှင် အများအပြားကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော်လည်း ထိရောက်မှု မရှိသည့်အတွက် လူအများ၏ ဝေဖန်မှုများ ခံနေရသည်။ ထို့အတူ လွှတ်တော်များတွင်လည်း ကော်မတီ၊ ကော်မရှင် အများအပြားဖွဲ့စည်း ထားသေးသည်။

ယခုဖွဲ့စည်းမှုသည် ဝန်ကြီးများ ကိုယ်စား ကြားခံဖြေရှင်းရန် ဆပ်မကော်မတီများ ဖွဲ့စည်းခြင်း ဖြစ်၍ လွှတ်တော်နှင့်အစိုးရ အကြား ဆက်စပ်နေသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက် မြန်ဆန်လာမည်ဟု ယူဆကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ဝန်ကြီးတွေက သူတို့ကိုယ်တိုင်လာဖြေရင် အရှက်ကွဲတာတို့၊ သိက္ခာကျစေတာတို့ ဖြစ်လေ့ဖြစ်ထရှိတော့ လွှတ်တော်ထဲ မလာချင် ကြတော့ဘူး၊ အဲဒီလို အဆင်မပြေမှုတွေကို ဆပ်ကော်မတီတွေကပဲ ဖြေရှင်းမယ့် သဘောရှိတယ်၊ ဒါပေမယ့် သူတို့အပေါ်မှာ ဝန်ကြီး တွေရဲ့ လွှမ်းမိုးမှုတွေ ရှိနေသေးရင်တော့ သိပ်ပြီး အလုပ်မဖြစ်လောက်ဘူး”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က ဧရာဝတီ ကို ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ၅ နှစ် သက်တမ်း ထက်ဝက်ကျော်ကာလ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တချို့ရှိ ခဲ့သော်လည်း၊ စီးပွားရေး တိုးတက်ပြောင်းလဲမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၌မူ သိသာထင်ရှားသည့် ပြောင်းလဲမှု မရှိသေးပေ။

လက်ကျန်သက်တမ်း လ ၃၀ တွင် နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ရန်နှင့် မပြီးစီးသည့် အလုပ်များကို နောက် တက်လာမည့် အစိုးရက ဆက်လက် တာဝန်ယူသွားမည်ဟုလည်း ဦးသိန်းစိန်က ပြောဆိုထားသည်။
လစဉ်ပြောကြားသည့် မိန့်ခွန်း အစီအစဉ်တွင် ဦးသိန်းစိန်၏ လူမှု စီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာရန် ကြိုးပမ်း ဆောင်ရွက် နေသည်ဟူသော ပြောဆိုချက်ကိုလည်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လယ်ယာမြေ သိမ်းဆည်းမှုများအပြင် တခြားသော ကိစ္စများကို ဖြေရှင်းပေးရန် ပြည်သူ လူထုနှင့်ထိတွေ့ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အလေးထား ဆက်ဆံမှု မရှိခြင်းကြောင့် ထိရောက်မှုမရှိကြောင်း၊ ဒု ဝန်ကြီး များ ဦးဆောင်သည့် ဆပ်ကော်မတီများ ဖွဲ့စည်းလိုက်ပြီ ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည့် အရာများကို ကော်မတီများက လုပ်ဆောင်ပေးနိုင်မည် ဖြစ်၍ ထိုဆပ်ကော်မတီများ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

“ဒု ဝန်ကြီးတွေ ကိုယ်တိုင်ဦးဆောင်ပြီး အောက်ခြေအထိကွင်းဆင်း လုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့၊ သူတို့နဲ့ကျနော်တို့ ပေါင်းပြီး လုပ်ရမယ်ဆိုရင် ပိုပြီး အဆင်ပြေမယ်၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ရွာအုပ်ချုပ်ရေးမှူးကတောင် မလေးစားဘူး ဗျ”ဟု ဦးလှဆွေ က ဆိုသည်။

ပြည်ထောင်စု ဝန်ကြီးများနှင့်ဌာန ဆိုင်ရာများသည် အကြောင်းကြောင်းကြောင့် အောက်ခြေအထိ ကွင်းဆင်းရန် သီးခြားအချိန် မပေး နိုင်ခြင်းနှင့် အစိုးရ၏ ရုံးစနစ် လုပ်ငန်းများကို ခေတ်နှင့်အညီ မြန်ဆန်သွက်လက်စွာ လုပ်ကိုင်နိုင်ရန် သမားရိုးကျ လုပ်နည်း လုပ်ဟန်မှ ခွဲထွက်၍ ဆပ်ကော်မတီများ ဖွဲ့စည်း တာဝန်ပေးရခြင်း ဖြစ်ကြောင်း သမ္မတ က ဆိုသည်။

ဦးသိန်းစိန် အစိုးရ၏ ပထမ သက်တမ်းဝက်တွင် ဝန်ကြီးဌာန အပြောင်းအလဲများ၊ ဝန်ကြီးများကို ဌာနပြောင်းရွှေ့တာဝန်ပေးခြင်း၊ အနားပေးခြင်းများ၊ အသစ်ခန့်အပ်ခြင်းများ ကိုလည်း အများအပြား လုပ်ဆောင်ခဲ့သည့်တိုင် ထိရောက်သော စွမ်းဆောင်ရည်
မရှိ သည့်အတွက် ဆပ်ကော်မတီ အဖွဲ့အစည်းများနှင့် လုပ်ဆောင်ရန် ကြိုးပမ်းမှု အဖြစ်လည်းတချို့က ရှုမြင်ကြသည်။

ဆပ်ကော်မတီများ အနေဖြင့် ကျန်ရှိသည့် လ ၃၀ အတွင်း၌ သိသာထင်ရှားသည့် တိုးတက်မှု အကျိုး ရလဒ်များ ရရှိရေး ဆောင် ရွက်ကြရန်၊ ပြည်သူများနှင့် တိုက်ရိုက်ဆက်စပ်နေသည့် လုပ်ငန်းများတွင် ပြည်သူများ၏ လူမှုစီးပွားကို အဟန့်အတားဖြစ်စေမည့် ပြဿနာများကို ဖြေရှင်းရန်နှင့် မိမိတို့၏ လုပ်ရပ်ကြောင့် အစိုးရ အဖွဲ့တခုလုံး၏ ဂုဏ်သိက္ခာ မထိခိုက် စေရေးတို့ကိုလည်း သမ္မတ က လမ်းညွှန်ထားသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ဆပ်ကော်မတီ ၂၆ ခုတွင် နိုင်ငံခြားရေးရာ၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး၊ လယ် ယာ၊ သားငါး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဘဏ္ဍာရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး၊ စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှု၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုင်ရာ၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကျေးလက်ဖွံ့ဖြိုးရေး ဆိုင်ရာ စသည့်တို့ ပါဝင်သည်။

အလားတူ ပညာရေး၊ ကျန်းမာရေးနှင့်လူမှု ဖွံ့ဖြိုးရေး၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့်လူငယ်ရေးရာ၊ ရပ်ရွာအေးချမ်း သာ ယာ ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဥပဒေကြမ်းဆိုင်ရာ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား ရေးရာနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ ကလေးသူငယ်နှင့် အမျိုးသမီး၊ မြေအသုံးချမှု ဆိုင်ရာ စသည့် ဆပ်ကော် မတီ တို့လည်း ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading