မြို့တော်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အရေးယူမှုများမှ တလလျှင် ပျမ်းမျှ ငွေကျပ် ၃ သိန်းကျော် ရရှိကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေ၏ “ရန်ကုန်မြို့တွင် လမ်းဘေး အမှိုက်များ၊ ရေမြောင်းပိတ်ဆို့မှုများ၊ လမ်းဘေး ကျူးကျော်များ မြင်တွေ့ရပါသဖြင့် စည်ပင်သာယာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ၁ ရက်လျှင် (သို့မဟုတ်) ၁ လလျှင် မည်မျှ အရေးယူထားကြောင်း၊ ဒဏ်ငွေမည်မျှ ရရှိကြောင်း” မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖြေကြားခြင်း ဖြစ်သည်။
“စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့အတွက် အရေးယူမှုက ၁ လမှာဆို ပျှမ်းမျှ ၆၇ မှု ရှိပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှာရှိတဲ့ ခရိုင် ၄ ခုမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို နေ့စဉ် အရေးယူနေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမှ ရရှိသော ငွေကြေးများမှာ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၏ ဝင်ငွေရပေါက်ရလမ်းများအနက် ဌာနဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းခန့်ရှိကြောင်း စည်ပင်သာရေးကော်မတီ ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
“ဘယ်လိုပဲလုပ်လုပ် လူတွေရဲ့ စည်းကမ်းမဲ့မှုက ပျောက်မသွားဘူး။ တော်တော်ခက်တယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ဖမ်းတယ်။ အရေးယူတယ်။ မြို့နယ် ၃၀ ကျော်လောက်ထိတော့ တနေ့တည်း လိုက်အရေးမယူနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေ၊ နည်းဥပဒေပါ ကြော်ငြာစာ ၁၀/၉၉၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ အခန်း ၇ တားမြစ်ချက်များပါ အပိုဒ် ၅၁ တို့ဖြင့် အရေးယူလျက်ရှိသည်ဟု သိရသည်။
“အမှိုက်စွန့်ပစ် နိုင်ရန်အတွက် အမှိုက်ကန်စနစ်၊ ခေါင်းလောင်းတီးစနစ်၊ လှည်းသိမ်းစနစ်၊ သီးခြား အမှိုက်သိမ်းစနစ် (စက်ရုံ၊ အလုပ်ရုံ နှင့် ပုဂ္ဂလိကဈေးများမှ ထွက်ရှိအမှိုက်များကို သိမ်းဆည်းပေးရန် ဆက်သွယ်သည့်အခါ သတ်မှတ် နှုန်းထားဖြင့် သိမ်းဆည်းပေးသည့် စနစ်) နှင့် ဆေးရုံဆေးခန်းများမှ ထွက်ရှိသည့် အမှိုက်များကို သီးခြား အမှိုက်သိမ်းယာဉ်နှင့် သိမ်းဆည်းသည့် စနစ်များဖြင့် နေ့ည ၂ ဆိုင်းခွဲ၍ သိမ်းဆည်းနေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောကြားသည်။
အမှိုက်သိမ်းဆည်း စနစ်များနှင့် ပတ်သတ်၍ စနစ်တကျ စွန့်ပစ်ရေးအတွက်ကိုလည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှစပြီး ယခုအချိန်အထိ မြို့နယ်၊ ရပ်ကွက်များသို့ ၂၀၇ ကြိမ်၊ လမ်းဘေးဈေးသည်များသို့ ၄၉ ကြိမ်၊ ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်းများသို့ အကြိမ် ၁၀၀ စဉ်ဆက်မပြတ် လိုက်နာရန် ဆွေးနွေးခဲ့ကြောင်း၊ မီဒီယာမျိုးစုံမှ တဆင့် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဦးလှမြင့်က ပြောကြားသည်။
ထိုသို့အရေးယူခဲ့ခြင်းကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ၁၈၈၀ မှု အပေါ် ဒဏ်ငွေ ကျပ် ၉၄ သိန်း တပ်ရိုက် အရေးယူခဲ့ပြီး ၁ လလျင် ပျမ်းမျှ ၆၇ မှု ခန့်နှင့် ဒဏ်ငွေ ၃၃၅၀၀၀ ကျပ် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။